“မနောမြေအကျဉ်းထောင်ထဲက အခွင့်အရေးချိုးဖောက်ခံ အမျိုးသမီးအကျဉ်းစံများ”

500
အခွင့်အရေးချိုးဖောက်ခံ အမျိုးသမီးအကျဉ်းစံများ

မြစ်ကြီးနားသတင်းဂျာနယ်

“တခါတလေ ကိုယ့်အလှည့်မရောက်လို့ အပေါ့မစွန့်လိုက်ရဘဲ တန်းဖွင့်တဲ့အချိန်ထိအောင့်လိုက်ရတဲ့နေ့တွေ ကျွန်မကြုံရတာ အခေါက်ပေါင်း မနည်းပါဘူး” လို့ ပြောလာသူက မြစ်ကြီးနားအကျဉ်းထောင်မှာ (၇) လကြာ အကျဉ်းကျခံခဲ့တဲ့ မဇင်ဇင်ပဲ ဖြစ်ပါတယ်။

အပေါ့အလေးစွန့်ရာမှာသာမက ရေချိုးအဝတ်လျှော်လှန်းရာမှာလည်း ပြိုင်ပွဲတစ်ခုကိုဝင်ယှဉ်ရသလိုအလုအယက် လုပ်ရပြီး မီးမလာတဲ့နေ့တွေဆို ရေချိုးရရေးက အတန်းစစ်စာမေးပွဲဖြေဆိုရမယ့်ကျောင်းသားက စာမေးပွဲအောင်ဖို့ ဆုတောင်းရသလို အခက်အခဲများနေ့စဉ်ရင်ဆိုင်ခဲ့ရကြောင်း သူက ဆက်ပြောပါတယ်။

စစ်တပ်က၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်ပိုင်း တစ်နိုင်လုံးကစစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ရာမှာမဇင်ဇင်ဟာလည်း ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ တစ်ယောက်အပါအဝင်ပါ။

မဇင်ဇင်ဟာ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေချိန်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံခဲ့ရပြီးနောက် မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတာ ဖြစ်ပါတယ်။

မြစ်ကြီးနား အကျဉ်းထောင်အတွင်းမှာ ၅၀၅-ကနဲ့ တရားစွဲခံရပြီး ရောက်လာကြတဲ့ အမျိုးသမီးတွေဟာ
အစားအသောက် မလုံလောက်မှု၊ အိမ်သာမလောက်ငှတဲ့ ပြဿနာတွေ၊ တစ်ကိုယ်ရည် သန့်ရှင်းမှုအပိုင်းနဲ့
ပတ်သက်ပြီး သုံးရေမလောက်ငှတာတွေအပြင် အမျိုးသမီးတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်သိက္ခာနဲ့အညီ
နေထိုင်ခွင့်မရတာ အစရှိတဲ့ အခြေခံ လူသားအခွင့်အရေး ဆုံးရှုံးတာတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်
ကြုံတွေ့ကြရတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံရပြီးတဲ့ အကျဉ်းသူတွေကို တခုတည်းသောအမျိုးသမီးဆောင် ဖြစ်တဲ့ မာလာဆောင် အပေါ်ထပ်နဲ့ အောက်ထပ်မှာ အများဆုံးထားရှိပြီးတိုးချဲ့ဆောင်မှာတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က တွေကို အများဆုံးထားရှိတယ်လို့ မဇင်ဇင်ကဆိုပါတယ်။

မနက် ၄ နာရီထိုး “ဒေါင် ဒေါင်” ဆိုတဲ့ အသံကြားရလို့ မျက်လုံးစဖွင့် လိုက်တာနဲ့အကျဉ်းသူတစ်ဦးအနေနဲ့ အခြေခံ ရသင့်ရထိုက်တဲ့ လူသားအခွင့်အရေး စတင်ဆုံးရှုံးနေရတာကအိမ်သာပြဿနာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အပေါ်ထပ် အမျိုးသမီးအိပ်ဆောင်နဲ့ အောက်ထပ် အမျိုးသမီးအိပ်ဆောင် နှစ်ခုမှာ အိမ်သာ ၄ လုံးရှိပြီးတိုးချဲ့ဆောင်မှာက အိမ်သာ ၂ လုံးသာရှိပြီး ရိုးရိုးရေလောင်းအိမ်သာတွေ ဖြစ်တယ်လို့ ရာနဲ့ချီတဲ့အကျဉ်းသူ အရေအတွက်နဲ့ဆိုရင် လုံလောက်မှု မရှိဘူးလို့ မဇင်ဇင်က ဆိုပါတယ်။

မနက်ဘုရားဝတ်ပြု ဆုတောင်းအပြီး ၅ နာရီခွဲချိန် ထောင်၀န်ထမ်းတွေ လူအရေအတွက် လာစစ်တဲ့အခါအသင့်ဖြစ်နေဖို့ တရားရင်ဆိုင်နေတဲ့ အချုပ်သူတွေက အင်ကျီအဖြူ၊ ယောဂီရောင် ထဘီဝတ်နဲ့ရှေ့တန်းကနေ တန်းစီထိုင်ရပြီး ထောင်၀တ်စုံ ၀တ်ထားတဲ့ ပြစ်ဒဏ်ချထားခံရတဲ့ အကျဉ်းသူတွအနောက်ကနေ တန်းစီထိုင်ပြီး တင်ပလ္လင်ခွေ အနေအထားနဲ့ ၁ နာရီကြာ တန်းထိုင်ရပြန်တယ်လို့လည်းအကျဉ်းသူတွေက ဆိုပါတယ်။

တန်းဖြုတ်ပြီး ကာယလေ့ကျင့်ချိန်ပြီးတဲ့နောက် မနက်စာအတွက် ဆန်ပြုတ်ခံ၊ ရေနွေးခံ စားရတယ်လို့
မဇင်ဇင်က ဆိုပါတယ်။ များသောအားဖြင့် ဆန်ပြုတ်ကို အရည်ကျဲကျဲပဲ သောက်နေရပြီး တစ်ခါတလေ
လူများတာကြောင့် ဆန်ပြုတ်မလောက်ငှတဲ့အခါ အိုးထဲကိုရေနွေးတွေ သွန်ထည့်မွှေတာမျိုးကို
သောက်ရတာကြုံရတယ်လို့ သူကပြောပြပါတယ်။

နေ့စဉ် မနက် ၆ နာရီကနေ ၁၁ နာရီ မထိုးခင်အထိ တန်းဖွင့်ချိန် တစ်ကြိမ်၊ ညနေ ၂ နာရီကနေ ၅ နာရီမထိုးခင် တစ်ကြိမ် တန်းဖွင့်ချိန်လို့ သတ်မှတ်ထားပြီး နေ့စဉ် ပုံမှန်တန်းထိုင်ရကြောင်းနဲ့ မနက်ပိုင်းတန်းထိုင်ပြီးနောက် လူစစ်ပြီးလို့ တန်းပိတ်ချိန်မှာတော့ ကျဉ်းမြောင်းလှတဲ့ နေရာကိုယ်စီမှာစာဖတ်သူတွေက စာဖတ်၊ အိပ်တဲ့သူက အိပ်နဲ့ နေကြရတယ်လို့ သူက ဆိုပါတယ်။

ရေချိုးဖို့အတွက် အပေါ်ထပ်၊ အောက်ထပ်၊ တိုးချဲ့ပါ အိပ်ဆောင် ၃ ခုလုံးအတွက် ရေကန် သပ်သပ်စီထားရှိပေးပေမယ့် လူဦးရေရာချီရှိတာကြောင့် ရေချိုးဖို့ နေရာလုကြရင်း အချင်းချင်းစကားများရန်ဖြစ်ရတာမျိုး ကြုံရတယ်လို့ မဇင်ဇင်က အခုလို ပြောပါတယ်။

“ရေမကျန်တာမျိုးလည်း ရှိတယ် ။ ရေချိုးပြီးလို့ အ၀တ်လှန်းရမယ့်အချိန်လည်း အ၀တ်လှန်းမယ့်နေရာလုရတာလည်း ပြိုင်ပွဲတခုလိုပါပဲ။ သူသူငါငါ နေရာလုကြတာ။ တခါတလေကြမ်းကြမ်းတမ်းတမ်း မကြားဝံ့အောင် စကားအချေအတင် ပြောတတ်လေ့ရှိတာကို တွေ့ရပါတယ်။ ဒီလိုစကားများရန်ဖြစ်တာကို ထောင်၀န်ထမ်းတွေ မြင်ရင်တော့ ပြစ်ဒဏ်ကသံဘရက်(brush)တိုက်ရတာပါပဲ” လို့ သူက ဆိုပါတယ်။

အကျဉ်းထောင်အသီးသီးမှာ ကျခံနေရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အကျဉ်းထောင်၊အချုပ်ခန်း၊စစ်ကြောရေးစခန်းနဲ့ စစ်ဆေးရုံတွေမှာ ချုပ်နှောင်ထားတဲ့အချိန် လူ့ဂုဏ်သိက္ခာနဲ့အညီလျှော်ညီစွာ မထားဘဲ သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအသောက်၊ နေရာထိုင်ခင်း၊ ဆေးဝါးကုသခွင့်များ ချို့ယွင်းမှုတွေ ရှိတဲ့အပြင် မိသားစုနဲ့ အဆက်အသွယ် မရတာတွေ၊ တရားဥပဒေနဲ့အညီ ခုခံချေပခွင့်မရှိတာတွေ ဖြစ်ပေါ်နေလို့ ဖမ်းဆီးခံထားရသူတွေရဲ့ နစ်နာဆုံးရှုံးမှု၊ လိုအပ်ချက်တွေကို နိုင်ငံတကာ ကျင့်ဝတ်နဲ့အညီ အမြန်ဆုံး အကောင်အထည် ဖော်ပေးသွားဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ICRC (အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ) ကိုတောင်းဆိုထားပါတယ်။

အကျဉ်းကျခံထားရသူ တစ်ဉီးဖြစ်တဲ့ မဂျာအိန်ကလည်း သူ့ရဲ့မိသားစုဝင်တွေဆီကနေ ပို့ပေးလိုက်တဲ့ပစ္စည်းတွေကို သွင်းခွင့်မပြုတာမျိုး မရရှိတာမျိုးတွေကိုကြုံရပြီး၊ အကျဉ်းသူတွေဟာခွဲခြားဆက်ဆံမှုတွေ နိုင်ထက်စီးနင်း လုပ်ခံရတာ တွေ့ ကြုံတွေ့ခဲ့ရတယ်လို့ အခုလို ပြောပါတယ်။

“မတန်တဆ အဆဲခံရတာ ရှိတယ်။ ပါးစပ်နဲ့ စော်ကားတာ ခံရတယ်။ ထောင်လို့ ပြောလိုက်လို့ရှိရင်
ကျွန်သာသာပဲ။ ခွဲခြားဆက်ဆံခံရတာ၊ ဒုက္ခရောက်ရတာ အများကြီးပဲ။ ထောင်မှူးမတွေ ရေလာချိုးတဲ့
အချိန်ဆိုရင် အားလုံးဖယ်ရတယ်။ မဖယ်ဘူးဆိုရင် ဆဲခံရတယ်။ သူတို့ရဲ့ ဝေယျာဝိစ္စတွေကို
တစ်ခုမကျန် လိုက်လုပ်ပေးရတယ်။ သူတို့ရဲ့ အဝတ်လှန်းတဲ့ နေရာကိုလည်း သွားထိလို့ မရဘူး။
ဘုန်းနိမ့်တယ် ပြောတယ်။ ထောင်ထဲမှာ မလိုအပ်ဘဲ ပိုက်ဆံအများကြီး ကောက်စားတာတွေ ရှိတယ်” လို့
သူက ဆိုပါတယ်။

အကျဉ်းကျခံခဲ့ရတဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာနဲ့ ကြုံတွေ့လာရတဲ့အခါမျိုးမှာဆိုရင် ထောင်တွင်း ဆေးခန်းတစ်ခုရှိပေမယ့် ကုသပေးဖို့ ဆေးဝါးဆိုလို့ ဖောလစ်အက်စစ်နဲ့အားဆေး သာရှိတာကြောင့် နေမကောင်းတဲ့ အခါမျိုးမှာဆိုရင် အိမ်တွေကနေ ဆေးဝါးတွေကိုခိုးသွင်းခဲ့ရတဲ့ အထိ ရှိခဲ့တယ်လို့လည်း မဂျာအိန်က ပြောပြပါတယ်။

ဆေးလည်း မရှိဘူး။ အိမ်ကလူတွေကို နေမကောင်းဘူးလို ပြောရင်လည်း ဆေးသွင်းခွင့်မရှိဘူး။
ဆီးချိုဖြစ်တဲ့ တစ်ယောက်ရယ် လိပ်ခေါင်းဖြစ်တဲ့ တစ်ယောက် ရှိတယ်။ ဆီးချိုးသမားကိုဆိုရင်
နှစ်ပတ်လောက်မှ တစ်ကြိမ် ဆရာဝန် လာကြည့်ပေးတယ်။ ဆရာဝန်လည်း ဘာမှမလုပ်ပေးနိုင်ဘူး
ဆေးမရှိတော့။ တစ်ညနေကဆိုရင် ဆီးချိုက အရမ်းတက်လာတော့ မေ့မြောသွားတယ်။ ကံရှိလိုပဲ
ပြောရမလား မသေသွားတာ။ နပ်စ်တစ်ယောက်တော့ ရှိတယ်။ ဆေးမရှိဘူး ဆိုတော့ သူလည်း ဘာမှ
မလုပ်ပေးနိုင်ဘူး” လို့ သူက ဆိုပါတယ်။

တစ်နေ့တာကုန်ဆုံးလို့ အိပ်စက်ခေါင်းချရမယ့်အချိန် မိုးရွာချရင် အဆောင်ရဲ့ အဖီချထားတဲ့ဘက်မှာအိပ်ကြရသူတွေဟာ မိုးပက်တဲ့ဒဏ်ကို ခံရပြီး မနက်မိုးလင်းတဲ့အထိ မစဲပဲရွာချနေတဲ့မိုးနဲ့အတူဖြတ်သန်းရင်း မိုးလင်းရတွေ ကြုံရတယ်လို့ မဂျာအိန်က ဆိုပါတယ်။

အကျဉ်းထောင်ထဲမှာ တစ်နေ့တာအခက်အခဲတွေ ကြုံတွေ့ရပြီး ကျော်ဖြတ်ခဲ့ရပေမယ့် တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေကို တွေးဆမိပြီးအားနာမိတဲ့အကြောင်းကိုလည်း မဇင်ဇင်က အခုလို ပြောဆိုပါတယ်။

“ ဒီလိုဖြတ်သန်းနေရတဲ့အချိန်မှာ စိတ်ပျက်အားငယ်တာတွေ၊ အိမ်ကိုလွမ်းတာတွေ ခံစားရတဲ့အခါ
တချို့ပြည်သူတွေ အသက်ပေးခဲ့ရတာကိုငဲ့ရင် ဒါက အသေးအမွှားလေးပါဆိုတဲ့ စိတ်နဲ့အားတင်းခဲ့ရပါတယ်။ မတရားဖမ်းဆီးခံရတာကြောင့် စိတ်ဓါတ်မပြိုလဲအောင် စိတ်တင်းထားရတယ်”
လို့ သူက ဆိုပါတယ်။

မြစ်ကြီးနား အကျဉ်းထောင်ကို ၅၀၅-က ပုဒ်မနဲ့ ရောက်ရှိလာသူတွေဟာ ထောင်အတွင်းကို ရောက်လာကတည်းက ထောင်ဝန်ထမ်းတွေရဲ့ မျက်စိဒေါက်ထောက် လိုက်ကြည့်တာတွေကို အမြဲတစေခံရသလိုပြန်လည် လွတ်မြောက်လာပြီးချိန်မှာလည်း စစ်ကောင်စီအဖွဲ့က နောက်ယောင်ခံလိုက်ကြည့်နေတာကြောင့် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထား ရှိနေတယ်လို့သူတို့တွေက ပြောပါတယ်။

ထောင်ထဲ ရောက်ရှိနေသူတွေထဲမှာ ဆန္ဒပြပွဲတွေထဲ မပါဝင်ဘဲ လူမှားဖမ်းခေါ်ခဲ့တာတွေလည်းပါဝင်နေတယ်လို့ ပြန်လည် လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ထောင်အတွင်းရှိနေချိန်မှာလည်း ထောင်လက်စွဲ ကျင့်ဝတ်နဲ့အညီဂုဏ်သိက္ခာနဲ့အညီ နေထိုင်ဖို့ အခွင့်အရေး အပြည့်ရှိကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

“ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ထိန်းသိမ်းခံရတဲ့၊ ချုပ်နှောင်ခံရတဲ့သူတွေကလည်း လူသားတွေပဲဖြစ်ပါတယ်။ ထိန်းသိမ်းချုပ်နှောင်နေတဲ့ ကာလအတွင်းမှာ သူတို့ကို လူသားကဲ့သို့ ဆက်ဆံရမယ်ဆိုတာအခြေခံကျတဲ့ လူ့အခွင့်အရေးတစ်ရပ် ဖြစ်တယ်။ အဲဒီထဲမှာ နှိပ်စက်ညှင်းပန်းခြင်းတွေ မရှိရဘူး၊ဂုဏ်သိက္ခာနဲ့ရောညီတဲ့ နေထိုင်စားသောက်မှု ပုံစံမျိုး ရှိရမယ်။ သူတို့အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊လိင်ပိုင်းဆိုင်ရာ ဒါတွေ မဖြစ်ဖို့ ကာကွယ်ပေးရမယ် စတဲ့ အချက်ပေါင်းများစွာပေါ့။ ကျန်းမာရေး၊ကိုယ်လက်လေ့ကျင့်ခန်း ဒါတွေကအစ ပါပါတယ်” လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း အကျဉ်းချခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ရသင့်ရထိုက်တဲ့လူ့အခွင့်အရေးဆိုင်ရာတွေ ဆုံးရှုံးရတာ၊ လူသားမဆန်တဲ့ အခြေအနေမျိုး၊ အလင်းရောင် ကောင်းမွန်စွာမရှိတာ၊ အမျိုးသမီးတွေ လစဉ် ကြုံတွေ့နေရတဲ့ ကျန်းမာရေးအခက်အခဲတွေအပြင် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှုတွေ ခံနေရတာတွေ ရှိနေတဲ့အကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက အခုလိုဆက်ပြောပြပါတယ်။

“အကျဉ်းသားတွေ ဖြစ်သည့်တိုင်အောင် အမျိုးသမီးတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အမျိုးသမီးကျန်းမာရေး၊ အမျိုးသမီးရဲ့ မျိုးပွားမှုဆိုင်ရာ တာဝန်တွေ ထမ်းဆောင်တဲ့အခါမှာ အခက်အခဲ ရှိသလို၊အမျိုးသမီး ဖြစ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှုတွေ၊ တစ်ခါ တချို့ဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအထိကျူးလွန်တယ်ဆိုတဲ့ အချက်တွေ ရရှိထားတယ်” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြိးနောက်ပိုင်း မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ၅၀၅-ကနဲ့ တရားစွဲခံရပြီးတရားရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးဉီးရေ ၆၀ နီးပါး ရှိတယ်လို့ တရားလွှတ်ရှေ့နေတစ်ဦးရဲ့စာရင်းပြုစုထားချက်အရ သိရပါတယ်။
စစ်ကောင်စီက မြစ်ကြီးနားအကျဉ်းထောင်ကနေ နိုင်ငံရေးပုဒ်မ ၅၀၅-ကတွေကို ၂၀၂၁ခုနှစ်ဇွန်လဆန်းမှာ တစ်ကြိမ်၊ ဩဂုတ်လဆန်းမှာ တစ်ကြိမ်၊ အောက်တိုဘာလ (၁၈ ရက်နဲ့ ၁၉ ရက်) မှာတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မြန်မာတနိုင်ငံလုံးအနေနဲ့အထူးသဖြင့် လူမသိသူမသိ ချိုးဖောက်ခံနေရသည့်နေရာမှာ အကျဉ်းထောင်များ ဖြစ်ကြောင်း၊စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်လို့ အကျဉ်းထောင်ထဲ ရောက်နေကြသူတွေကိုစစ်ကောင်စီလက်ပါးစေ ထောင်အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ညှဉ်းပန်းနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် AAPP ရဲ့ မှတ်တမ်းများအရ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားသူ ၁၀,၀၀၇ ဦး ရှိတဲ့အနက် ၉၀၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေရသူ ၁,၉၇၆ ဦး ရှိတယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မှတ်ချက်- လုံခြုံရေးအရ သတင်းဖြေဆိုသူများ၏ အမည်များကို ပြောင်းလဲအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here