Home ကချင်ပြည်နယ်သတင်း ကချင်ပြည်နယ်န...

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး KIA ရဲ့လှုပ်ရှားမှုအပေါ် စိုးရိမ်ခြင်းကြောင့် အင်းအားပြခြင်းဖြစ်နိုင်ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြော

141
Myanmar military council soldier

စက်တင်ဘာ၊၈

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီကနေ စစ်ကြောင်းထိုး အင်အားဖြည့်တင်းတာတွေရှိနေပြီး ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ဘက်က ကေအိုင်အေ ရှေ့တန်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဝခါးပိုစ့်(Wahka post)ကို မနေ့ည(၁၀)နာရီအချိန် လောက်က ပြည်သူ့စစ်တပ်စခန်းဘက်ကနေ Droneနဲ့ တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဟူးကောင့်ချိုင့်ဝှမ်း လီဒိုလမ်းလမ်းတစ်လျှောက် စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ် စစ်သားတွေ အခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေချိန် အခုလို ကေအိုင်အေတပ်စခန်းဘက် လာရောက် ပစ်ခတ်ပေးတာဟာ ရန်စတဲ့သဘောဖြစ်နေတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ ဒေသခံပြည်သူတစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

“ဒရုန်းမှာတပ်ပြီး ပစ်ပေးတာတဲ့။ လာပစ်ပေးတာ မှန်တယ်တဲ့။ လက်နက်အသေးလေးပဲ။ ဘာမှ မဖြစ်ကြဘူးတဲ့။ ဝခါးပိုစ့် ရှေ့တန်းစခန်းပေါ့။ပစ်ခတ်ဖို့ လာရန်သတဲ့ သဘောလား”လို့ ဆိုပါတယ်။

ဩဂုတ်လ(၃၀)ရက်နေ့ကနေ လီဒိုလမ်းတစ်လျှောက် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေရှိခဲ့အပြင် စက်တင်ဘာလ(၃)ရက်နေ့ကလည်း အင်အား(၂၀၀)ကျော်လောက်ရှိတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း လဝါးကနေ ဒွမ်ဘန်(၂၉၈)တပ်စခန်းဘက် စစ်ကြောင်းချီတက်မှုတွေ ရှိခဲ့ပါတယ်။

လီဒိုလမ်းတစ်လျှောက်နေ ပြည်သူတစ်ချို့ရဲ့ ပြောပြချက်အရ အဲဒီစစ်ကောင်စီစစ်ကြောင်းတွေဟာ ရှဒူးဇွပ်တပ်စခန်းဘက် အင်အားဖြည့်တင်းဖို့ ရောက်နေကြပြီလို့လည်း သိရပါတယ်။
အခုလို စစ်ကောင်စီကနေ စစ်အင်အားဖြည့်တင်းနေကြတဲ့အပေါ် KIO/KIAသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို သုံးသပ်ပြောဆိုပါတယ်။

လွန်ခဲ့တဲ့လက ကျွန်တော်တို့ဘက်က သူတို့ စခန်းတွေကို ပစ်ပေးတယ်။ လူတွေလည်း ထိခိုက်တာတွေ ရှိခဲ့တော့ ကျွန်တော်တို့ လှုပ်ရှားမှုတွေကို စိုးရိမ်လို့ စစ်အင်အားပြတဲ့ သဘောဖြစ်မယ်လို့ သုံးသပ်မိတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ဘက်ကို အင်အား (၁၂၀) လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မန်ဒေါင်ကျေးရွာ ရောက်ခါနီး ဆနီခူး ကျေးရွာ အကျော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ မနေ့က စောင့်ကြို တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဗိုလ်မှူးကြီးနော်ဘူရဲ့ပြောပြချက်အရ မိုးမောက်မြို့နယ်၊ မြို့သစ်ကုန်းလောဘက်၊ ရှမ်းပြည်နယ် (Kachina sub.state)ဘက်က KIAနယ်မြေတွေထဲ စစ်ကောင်စီကနေ စစ်ကြောင်းထိုးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here