ကိုဗစ်ကပ်ဆိုးကြားက ရွေးကောက်ပွဲ အမှားအယွင်းမရှိ အောင်မြင်ပါစေ

753

၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း(၂၀)ကျော်သာ လိုပါတော့သည်။ သတ်မှတ်ထားသော ဥပဒေနှင့် ကိုက်ညီပြီး မဲစာရင်းတွင် ပါဝင်သူ မဲဆန္ဒရှင်ပြည်သူများ မဲပေးကြရတော့မည်။

မဲဆန္ဒရှင်များ စာရင်းကိုလည်း နှစ်ကြိမ်တိုင်တိုင် ထုတ်ပြန်ထားပြီးဖြစ်သည်။ မဲစာရင်းကို လာရောက်စစ်ဆေးသူက အချက်အလက်များ မှားယွင်းခြင်းကြောင့် အမှားပြင်ဆင်မှုများရှိသကဲ့သို့ မဲစာရင်းကို သွားရောက်မစစ်ဆေးသူများလည်း ဒုနှင့်ဒေး ရှိနေသေးသည်။

ဥညူငညန မှ တဆင့်လွယ်ကူစွာ မဲစာရင်း ကြည့်ရှု့စစ်ဆေး၍ ရနိုင်ပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မကြာသေးခင်က သတင်းထုတ်ပြန်ထားသော်လည်း အချို့ပြည်သူများအတွက် အခက်အခဲရှိနိုင်သည်။ နည်းပညာအခက်အခဲ၊ (မကျွမ်းကျင်မှု အခက်အခဲ)အင်တာနက်ကို ကောင်းမွန်စွာ မသုံးစွဲတတ်သော ပြည်သူသူများအတွက် ပိုမိုအခက်တွေ့နေမည်။

ပထမအကြိမ် မဲစာရင်းသွားကြည့်ရာတွင် ပါဝင်ခဲ့သူများ ဒုတိယအကြိမ်တွင် ပြန်မပါဝင်လာသူများ လည်း ရှိနေသည်။ မဲစာရင်းတွင်ပါဝင်ပြီး ဥညူငညန တွင် ကြည့်ရှုစစ်ဆေးရာ မပါဝင်လာသူများလည်း ရှိနေသည်ဟု ကြားသိရသည်။ မဲစာရင်းတွင် အမည်စာရင်းပါဝင်မှသာ မဲပေးခွင့်ရရှိမည်ဟု ပြောဆိုထားသည့်အတွက် မဲပေးခွင့် မဆုံးရှုံးရလေအောင် အောက်တိုဘာလ(၁၄)ရက်နေ့ နောက်ဆုံးထား စစ်ဆေးကြရမည်ဖြစ်သည်။

ယခုအခါ ကိုဗစ်(၁၉)ရောဂါ ဒုတိယလှိုင်း ကူးစက်မှုပြန့်ပွားနေမှုနှုန်းသည် တစ်ရက်လျှင် ပိုးတွေ့လူနာ တစ်ထောင်၊ နှစ်ထောင် မြင့်တက်လျက် ရှိနေသည်။ ရွေးကောက်ပွဲကျင်းပမည့်ရက်လည်း နီးလာသကဲ့သို့ ကိုဗစ်ရောဂါကူးစက်ခံရသူများလည်း ပိုပိုတိုးလျက်ရှိနေသည်။ မြန်မာနိုင်ငံတွင် အောက်တိုဘာ (၁၂)ရက်နေ့အထိ ကိုဗစ် ကူးစက်ခံရထားသူ သုံးသောင်းနီးပါး၊ သေဆုံးသူ ခြောက်ရာကျော် ရှိနေပြီ ဖြစ်သည်။ ကိုဗစ်ကြောင့်ရွေးကောက်ပွဲကို ရက်ရွေ့ဆိုင်း ကျင်းပစေလိုသည့် နိုင်ငံရေးပါတီများလည်း ရှိနေသကဲ့သို့ ရက်မရွေ့ဆိုင်းဘဲ သတ်မှတ်ရက်တွင်ပင် ကျင်းပစေလိုသည့် နိုင်ငံရေးပါတီများလည်း ရှိသည်။ သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က သတ်မှတ်ထားသည့် နိုဝင်ဘာ (၈)ရက်နေ့တွင်သာ ကျင်းပမည်ဟု ပြောဆိုထားသည်။

ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မဲရုံများသို့ လာရောက် မဲပေးကြမည့်သူများ နည်းနိုင်သည်။ ကိုဗစ် ကူးစက်နေမှုမြင့်တက်နေခြင်းကြောင့် မိမိကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူများ ရှိနေသည်။ တစ်ဖက်တစ်လမ်းမှ စဉ်းစားသော် မှန်သည့်လုပ်ရပ်ဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံ၏ အနာဂတ်၊ နိုင်ငံ၏ ကျန်းမာရေးအတွက် ရွေးကောက်ပွဲသည်လည်း အရေးကြီးပြန်သည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်၊ ဒီမိုကရေစီ ရှင်သန်စေရေး၏ ရေသောက်မြစ်၊ ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မ ဖြစ်သည်။

မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ မဲပေးကြရာ၌ ကျန်းမာရေး ဝန်ကြီးဌာနက ထုန်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ မဲပေးကြရန် လိုအပ်ပြီး တစ်ဖက်တွင် နိုင်ငံရှေ့ရေးအတွက် ရွေးကောက်ပွဲအရေးကြီးနေသကဲ့သို့ ပြည်သူများအနေဖြင့် ကိုဗစ်(၁၉) ရောဂါပိုး ကူးစက်မှုအန္တရာယ်ကိုလည်း လျှော့မတွက်ကြရန် လိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ အရောင်အသွေး အစုံအလင်ဖြင့် နိုဝင်ဘာ (၈) ရက်နေ့၌ ကိုဗစ် ကပ်ရောဂါဆိုးကြားက ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် အမှားအယွင်းမရှိ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်လာစေရန် မြစ်ကြီးနားသတင်းဂျာနယ်က ဆန္ဒပြုရေးသားအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here