ဧပြီ၊၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာ မြစ်ကြောင်းတစ်လျှောက်တွင် ရွှေတူးဖော်နေသူများထံက စစ်ကောင်စီတပ်သားများနှင့် ရဲများ သိမ်းဆည်းသွားသည့် စက်ပစ္စည်းများအား ငွေကျပ်(၃)သိန်းစီဖြင့် ပ.လ.န နယ်မြေရဲစခန်းတွင် သွားရောက် ထုတ်ယူနေရကြောင်း သိရသည်။
ရဲနှင့် စစ်သားများမှ ကုမ္ပဏီ ယန္တရားလုပ်ကိုင်သူများနှင့် တစ်နိုင်တပိုင် ရွှေတူးဖော်နေသည့် ရွှေဆိုင်း (၃၀) ကျော်က စက်ပစ္စည်းများကို ဖမ်းဆီးယူဆောင်သွားပြီး လက်ရှိတွင် ပြည်သူအချို့က သွားရောက် ထုတ်ယူနေကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
” ဟိုနေ့က ဖမ်းပေးလိုက်တဲ့ စက်ဆိုင်းတွေကို (၃)သိန်းစီနဲ့ လာရွေးခိုင်းတယ်။ တချို့က သွားရွေးထုတ်ပြီး ပြန်လုပ်တယ်။ တချို့ကတော့ သွားမထုတ်ဘဲ ပြန်လုပ်နေကြတယ်။ ဆိုင်း (၃၀)ကျော်လောက်ရဲ့ စက်ကို ယူသွားတာ။ စက်ဆိုင်းတစ်ခုကို (၃)သိန်းပေါ့။ ပ.လ.န နယ်မြေရဲစခန်းမှာ သွားရွေးကြတာ။ မတ်(၂၅)ရက်နေ့က သိမ်းသွားတာ။ (၂၉)ရက်နေ့ကနေ ပြန်လာရွေး ခိုင်းကြတာ”ဟု ၎င်းက ဆိုသည်။
လက်ရှိ အာလမ်ကျေးရွာ မြစ်ကြောင်းတစ်လျှောက်တွင် ယမန်နေ့က စတင်ပြီး ဒေသခံပြည်သူအချို့ ရွှေပြန်လည် တူးဖော်နေကြပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။
“မနေ့ကနေစပြီး ပြန်လုပ်နေပြီ။ အူဗျစ်ရော လုပ်နေပြီ။အခုပြန်တူးတဲ့ အခုက ပြန်လုပ်နေကြပြီ။ အခွန်အနေနဲ့ တစ်လ(၁)သိန်းထည့်ရမယ်လို့ ပြောတယ်။ရွာဆိုက်က ပြောတာလား။ အထက်က ကောက်ခိုင်းတာလားတော့ မပြောတတ်ဘူး။ တစ်လစီလား အပြတ်လား အတိအကျ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
ရွှေတူးဖော်နေသည့် ပြည်သူများ၏ စက်ကို မတ်လ(၂၅)ရက်နေ့က ရဲနှင့် စစ်သားအယောက်(၂၀)ဝန်းကျင် ရုတ်တရက်ရောက်ရှိလာပြီး စက်ပစ္စည်းများ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အာလမ်ကျေးရွာသည် မြစ်ကြီးနား-မြစ်ဆုံသွားလမ်းပေါ်တွင် တည်ရှိကာ မြစ်ကြီးနားမြို့နှင့် (၁၀) မိုင်ကျော် ကွာဝေးသည်။