“ညီမဆို ပထမက မျှော်လင့်ချက်ကို မရှိတော့ဘူး။ သေလူလို့ကို သတ်မှတ်လိုက်တာ” ဟု မခေါင်ညွန့်က ဝမ်းနည်းခံပြင်းသည့် လေသံဖြင့်ပြောသည်။
ဆောင်းပါး
မတ်လ၏ ပူပြင်းလှသည့် ရာသီဥတုအောက်၌ မခေါင်ညွန့်တစ်ယောက် ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်သကဲ့သို့ ခံစားလိုက်ရသည်။
အကြောင်းမှာ သွေးစစ်ရန်ဟု အကြောင်းပြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ခေါ်ဆောင်သွားသည့် ၎င်း၏အမျိုးသားဖြစ်သူထံမှ ကြားလိုက်ရသည့် စကားများကြောင့် ဖြစ်၏။
မခေါင်ညွန့်၏ အမျိုးသားဖြစ်သူ ကိုရွှေနီမှာ စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ရပ်ကွက်အတွင်း စစ်မှုထမ်းရန် မဲပေါက်ထားသူအရေအတွက် အနည်းငယ်အတွင်းက တစ်ဦးဖြစ်သည်။
ကိုရွှေနီ ဖုန်းမှတဆင့် ဆက်သွယ်ပြောဆိုသည့် အကြောင်းအရာမှာ ၎င်တို့ကို သွေးပင်မစစ်တော့ဘဲ စစ်တပ်အတွင်းခေါ်သွားပြီး သင်တန်းတက်ရန် အကျယ်ချုပ်သဘောဖြင့် ထိန်းသိမ်းလိုက်သည်ဟု ပြောဆိုလာသည့် စကားပင်ဖြစ်သည်။
“ညီမဆို ပထမက မျှော်လင့်ချက်ကို မရှိတော့ဘူး။ သေလူလို့ကို သတ်မှတ်လိုက်တာ” ဟု မခေါင်ညွန့်က ဝမ်းနည်းခံပြင်းသည့် လေသံဖြင့်ပြောသည်။
လသားအရွယ်ကလေး ဖခင်များ စစ်မှုမထမ်းရဟု လူထုကြားပြောဆိုနေသော်လည်း လက်တွေ့တွင်မူ လူမရွေးဘဲ အကုန်ခေါ်နေခြင်းဖြစ်သည်။ ကိုရွှေနီတို့ မိသားစုမှာ အဆိုပါဖြစ်ရပ်အတွက် သက်သေပင်။
အသက် ၂၅ နှစ် ဝန်းကျင်အရွယ် မခေါင်ညွန့်နှင့် ကိုရွှေနီတို့ အိမ်ထောင်သက်ကာလမှာ ၆ နှစ်ကျော်လာပြီ ဖြစ်သည်။
အိမ်ထောင်ကျပြီးချိန်မှစ၍ သားသမီးယူရန် ကြိုးစားခဲ့ကြသော်လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ပေ။ သို့သော် အိမ်ထောင်သက် ၆ နှစ်ကျော်လာချိန်တွင် သမီးလေးတစ်ဦး မွေးဖွားနိုင်ခဲ့သည်။
လက်ရှိအချိန်၌ သမီးလေးမှာ တစ်နှစ်နီးပါး အရွယ်နီးပါးရောက်လာသည့်အပြင် တီတီတာတာ လုပ်တတ်နေပြီး လင်မယား ၂ ယောက်လုံးကလည်း ဖူးဖူးမှုတ်ချစ်ကြသည်။
မခေါင်ညွန့်၏ အမျိုးသားမှာ သာမန်အခြေခံအဆင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး အလုပ်က ပြန်လာချိန်၌ သမီးလေးထံတန်းသွားပြီး ချော့မြူကျီစယ်နေကျဖြစ်သည်။
ထိုကာလများသည် စစ်တပ်အာဏာသိမ်းမှုကြောင့် စားဝတ်နေရေးခက်ခဲသည့်ကြားက ပျော်ရွှင်ဖွယ်ကောင်းသည့် အချိန်များဖြစ်ခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် မတ်လကုန်ပိုင်းရောက်ချိန်တွင် ကြမ္မာဆိုးက ၎င်းတို့ထံဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာခဲ့သည်။
အခြားမဟုတ်ပေ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေက အိမ်တံခါးဝသို့ ရောက်လာခြင်းဖြစ်သည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လာဘ်ထိုးတဲ့သူတွေကတော့ လွတ်တာပေါ့။ ညီမယောက်ျားလို အသက်အရွယ်တွေ ရပ်ကွက်ထဲမှာ အများကြီး။ အဲဒီထဲက ပိုက်ဆံမပေးနိုင်တဲ့ ညီမတို့လူ လူနည်းနည်းကပဲ မဲနှိုက်ရတာ။” ဟု မခေါင်ညွန့်က ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လာဘ်ထိုးရသည့် ပမာဏသည် သိန်းဂဏန်းအသေးမဟုတ် ကျပ်သိန်း ၅၀ ခန့်အထိ ပေးရသည့် ပမာဏဖြစ်ကြောင်း ကြားသိရသည်ဟု သူမကဆိုသည်။
ထို့ကြောင့် ပိုက်ဆံမတတ်နိုင်သည့် ရပ်ကွက်အတွင်းမှ လူငယ်အချို့ မဲနှိုက်ခဲ့ရပြီး လက်ငါးချောင်းမပြည့်သည့် မဲပေါက်သူများအတွင်း ကိုရွှေနီ ပါဝင်သွားခဲ့သည်။ ထို့နောက် မတ်လကုန်ပိုင်းတွင် မဲပေါက်သည့် လူငယ်များကို သွေးစစ်ရန်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
သူ့မှာ ပိုက်ဆံငါးထောင်နဲ့ ဖုန်းပဲပါသွားတာ။ နောက်မှ ပိုက်ဆံလွှဲပေးလိုက်ရတယ်။” ဟု မခေါင်ညွန့်က ပြောသည်။
ထို့ပြင် အမျိုးသားဖြစ်သူ၏ အခြေအနေအပြင် သမီးဖြစ်သူ၏ အခြေအကိုလည်း မခေါင်ညွန့်က “သမီးကလည်း ပါပါး(အမျိုးသားဖြစ်သူ) ပြန်လာနေကြအချိန်ဆို အပြင်ကိုမျှော်မျှော်နေတာ။ အဲဒီနေ့ကစပြီး သမီးကမလန်းတော့ဘူး။” ဟု ပြောသည်။
ကိုရွှေနီခေါ်ဆောင်ခံသွားရသဖြင့် သမီးအတွက် ရတတ်မအေးဖြစ်နေသည့် မခေါင်ညွန့်မှာ တစ်ပူပေါ် နှစ်ပူဆင့်လာသည်။
ကိုရွှေနီတို့ကို စစ်တပ်ကခေါ်ဆောင်သွားပြီး ၂ ရက်အကြာ ဖုန်းများသိမ်းသွားသည့်အတွက် ကိုရွှေနီလည်း ကြံဖန်ကာ အိမ်သို့ဖုန်းခိုးဆက်ခဲ့သည်။ ပြန်ကြားရသည်များကာ မခေါင်ညွန့်အတွက် စိတ်မချမ်းသာလှပေ။
“မဲနှိုက်ပြီးတော့ အုပ်ချုပ်ရေးမှူးပြောတာက ကောင်းကောင်းမွန်မွန်ထားမယ်။ သင်တန်းကလည်း စစ်သားတွေလို ပင်ပင်ပန်းပန်းမဟုတ်ဘူးဆိုပြီး ပြောတာ။ ပြီးတော့ အဲဒီလိုမဟုတ်ဘူး” ဟု မခေါင်ညွန့်က နာကျည်းစွာပြောသည်။
ကိုရွှေနီ တိတ်တဆိတ်ဆက်သွယ်ပြောဆိုချက်များနှင့် ပေးပို့လာသည့် ပုံများအရ စစ်တပ်ကကျွေးသည့် ထမင်းသည် ဝါးလို့မရအောင်ကို မာကြောသဖြင့် အစားအသောက် ဆင်းရဲရသည့်အပြင် လေ့ကျင့်ခန်းများနှင့် တပ်တွင်းသန့်ရှင်းရေးများကိုလည်း နေ့စဉ်နီးပါး နံနက် ၃ နာရီထိုးထ၍ လုပ်ဆောင်ရသည်ဟု ဆိုသည်။
“ပစ္စည်းသွားပိုတော့လည်း လူအတွေ့မခံဘူး။ စဉ်းစားကြည့် ဒါကနောက်ဆုံးတွေ့ရတာလားတောင် မသိတဲ့ အနေအထားမှာ အတွေ့မခံဘူး။ ပစ္စည်းတွေကို သူတို့(ဂိတ်စောင့်စစ်သား)ပဲ ပို့ပေးလိုက်မယ်လို့ ပြောပြီးပြန်လွှတ်တာ” ဟု မခေါင်ညွန့်က ပြောသည်။
ထိုကဲ့သို့ မိသားစုဝင်တစ်ဦး အဓမ္မတပ်သားသစ်စုဆောင်းခံရမှုကြောင့် ရတက်ပွေနေရသည်မှာ မခေါင်ညွန့်တစ်ဦးတည်းမဟုတ်ပေ။ စစ်ကောင်စီက အဓမ္မလူသစ်စုဆောင်းသည့် ပြဿနာကြောင့် ပူဆွေးဝမ်းနည်းနေရသည့် မိသားစု အများအပြားပင်။
စစ်ကောင်စီကို ထောက်ခံသူတစ်ဦးကိုယ်တိုင်ပင် သင်တန်းသားသစ်တစ်ဦးဖြစ်သည့် ၎င်းနှင့်ဆွေးမျိုးနီးစပ်တော်သူလူငယ်အား အကြမ်းပတမ်းခိုင်းစေမှုများ၊ ရိုက်နှက်မှုများကို ပြန်ကြားရသည့်အတွက် “ကိုယ့်လူကိုယ်ထိန်းကြပါဦး” ဆိုသည့် အကြောင်းကိုလည်း လူမှုကွန်ရက်တွင် ပြောကြားရသည့်အထိ ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှ ကိုကိုလတ် (ခေါ် ) အမာနွတ်လာ ဆိုသည့် လူငယ်အမျိုးသားတစ်ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းသွားပြီးနောက် ၄ ရက်အကြာ ထိုလူငယ်မှာ သေဆုံးသွားသည်။
၎င်းတွင် လသားအရွယ်ကလေးတစ်ဦး၊ ၄ နှစ်ကျော်အရွယ် ကလေးတစ်ဦးနှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ အမာနွတ်လာအလောင်းကို ထုတ်လာချိန်၌ ပါးစပ်အတွင်းမှ သွေးများထွက်နေသည်ကို တွေ့ခဲ့ရသည်ဟု နီးစပ်သူများက ဆိုကြသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုအမျိုးသားမှာ အရက်စွဲနေသူဖြစ်ပြီး အတက်ရောဂါအခံနှင့် အပူချိန်ပြင်းမှု၊ ပင်ပန်းမှုဒဏ်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အမာနွတ်လာသည် ကျပန်းလုပ်ကိုင်သူတစ်ဦးဖြစ်သည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် (၁) ကို သင်္ကြန်ပိတ်ရက်အပြီးမှသာ စတင်မည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင်မူ သင်တန်းများကို သင်္ကြန်မတိုင်မီ ဧပြီလ ၈ ရက်နေ့တွင် တပြိုင်နက်ဖွင့်လှစ်လိုက်သည်။ သို့သော် စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းနည်းဥပဒေကို ယခုအချိန်ထိ မပြဌာန်းနိုင်သေးပေ။
သင်တန်းဖွင့်ပြီး နောက်တစ်နေ့ ဧပြီလ ၉ ရက်နေ့ရောက်မှသာ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများက စစ်မှုထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်ကို ဖော်ပြခဲ့သည်။
ထိုလုပ်ငန်းစဉ်များ၌ စစ်မှုထမ်းချိန်ကို ရွှေ့ဆိုင်းခွင့်လျှောက်ထားရန် မည်ကဲ့သို့ လုပ်ဆောင်ရမည် ဆိုသည်များလည်း ပါရှိသည်။ သို့သော် ထိုသို့ဖော်ပြပြီးချိန်၌ ပထမဆုံးသင်တန်းများမှာ စတင်နေနှင့်ပြီး ဖြစ်သည်။
“အခုဟာက ကိုယ့်တိုင်းပြည်အတွက် ကာကွယ်တာလည်းမဟုတ်ဘူး။ အချင်းချင်းပြန်သတ်ဖို့ကို ခေါ်ပြီးတော့ခိုင်းတာ။ ဘယ်သူမှတော့ မလုပ်ချင်ဘူး။ အိမ်ထောင်သည်ကလေးအဖေဆိုတော့ ပိုဆိုးတာပေါ့။” ဟုလည်း မခေါင်ညွန့်က ပြောသည်။
ကလေးမှာ ငယ်သေးသည့်အတွက် တာဝန်ထမ်းဆောင်မှုကို ရွှေ့ဆိုင်းပေးရန် ပစ္စည်းသွားပို့ချိန် ၌ ပြောဆိုခဲ့သော်လည်း မည်သို့မှ ပြောဆိုညှိနှိုင်း၍မရဟု မခေါင်ညွန့်က ဆိုသည်။
စစ်ကောင်စီသည် သင်တန်းအပတ်စဉ် တစ်ခု၌ သင်တန်းသား ၅,၀၀၀ ခန့် ခေါ်ယူမည်ဖြစ်ပြီး တစ်နှစ်လျှင် တပ်သားသစ် ၆၀,၀၀၀ ခန့် ခေါ်ယူမည် ပြောဆိုထားသည်။ သို့သော် လက်တွေ့အခြေအနေ၌ အရေအတွက်ပြည့်မီအောင် စုဆောင်းနေရသည်။
စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်လည်း အပတ်စဉ် (၁) အတွက် သင်တန်းသားပြည့်မီအောင် ပို့ဆောင်နိုင်ရေး ၎င်းလက်အောက်ရှိ ဝန်ထမ်းများကို မှာကြားခဲ့ရသည်။
ထိုပြောဆိုချက်သည် လျှို့ဝှက်ပေါက်ကြားလာသည့် စာမဟုတ်ဘဲ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာဖြစ်သော ဧပြီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထိုအကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။
အာဏာမသိမ်းမီ တပ်အတွင်းမှ ထွက်လိုက်နိုင်သည့် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးကလည်း လက်ရှိအချိန်၌ သင်တန်းသစ်သားများကို စစ်တပ်က ကြိုးကြိုးစားစားစုဆောင်းနေရသည်ဟု ဆိုသည်။
ထိုလူသစ်များသည့် သင်တန်းကာလအတွင်း ခက်ခဲကြမ်းတမ်းမှုများ၊ နှိပ်စက်မှုဒဏ်များကို ခံရမည်ဖြစ်သည်ဟု ထိုအရာရှိအငြိမ်းစားက ပြောသည်။
“သင်တန်းမှာက ပဲဟင်းကျွေးတယ်ဆိုရင် ပဲကိုလျှော့ပြီး ထမင်းရည်နဲ့ရောလိုက်တယ်။ အဲဒီတော့ ပျစ်သွားတာပေါ့။ ပြီးတော့ သဘောက ၄၀၀၀ တန် ထမင်းချက်ရမယ့်နေရာမှာ ၂၀၀၀ တန်ထမင်းကို အစားထိုး ချက်လိုက်တာပေါ့။ အဲဒါကြောင့် အရပ်ထဲမှာပြောတဲ့ စားဖိုကိုင်တဲ့တဲ့သူတွေ ပိုက်ဆံအသေဝင်တယ်ဆိုတာ အဲဒီလိုလုပ်တာကြောင့်။ အဲဒီနေရာရဖို့အတွက်လည်း ကျောင်းအုပ်တွေ၊ တပ်ရင်းမှူးတွေကို ဂါ(လာဘ်ထိုး)ရတယ်။ အစားအသောက်ကတော့ ဆင်းရဲမှာ အသေအချာပဲ” ဟု ထိုအရာရှိက ဆိုသည်။
ထိုလူသစ်များသည် သင်တန်းပြီးသည်နှင့် အထက်က ခွဲတမ်းချပေးသည့် တိုင်းစစ်ဌာနများ ထိုမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနလက်အောက်ရှိ တပ်ရင်းများသို့ သွားရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ သင်တန်းသားသစ်များသည် သင်တန်းကာလပြီးဆုံးပါက မိမိရပ်ရွာ၌ရှိသည့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များ၌သာ တာဝန်ထမ်းဆောင်ခိုင်းရန် ရည်ရွယ်ထားသည်ဟု ပြောထားသည်။ သို့သော် သင်တန်းကာလကို စစ်ကောင်စီဘက်က တိတိကျကျ ထုတ်ဖော်မပြောဆိုထားခြင်း မရှိပေ။
မခေါင်ညွန့်တစ်ယောက်ကမူ ဖြစ်နိုင်လျှင် ကိုရွှေနီကို နောက်တန်း၌သာ တာဝန်ထမ်းဆောင်စေချင်သည်ဟု ပြောသည်။
“ သူတို့ကို သင်တန်း ၂ လ ပြီးတာနဲ့ နေပြည်တော်ကနေ ရှေ့တန်းလွှတ်တော့မှာလို့ ပြောတယ်။ ၄ လထိတောင် တက်ရမှာမဟုတ်ဘူး။ ”ဟု ကိုရွှေနီထံမှ ပြန်ကြားရသည့်အကြောင်းကို မခေါင်ညွန့်က ပြန်ပြောင်းပြောပြသည်။
သို့သော် စစ်ကောင်စီလော်ဘီ(ဝါဒဖြန့်ချိသူ)များကမူ စစ်မှုထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်မီမှသာ ထမ်းဆောင်ခွင့်ရမည်ဖြစ်ကြောင်း၊ ဆေးကျပါက စစ်မှုထမ်းချင်လျှင်ပင် ထမ်းဆောင်ခွင်မရနိုင်ကြောင်း၊ သင်တန်းသားများကိုလည်း ကောင်းကောင်းမွန်မွန်ကျွေး၍ ကောင်းကောင်းမွန်မွန်ထားကြောင်းနှင့် သင်တန်းပြီးလျှင်လည်း ရှေ့တန်းထွက်ခွင့် ရဦးမည်မဟုတ်ကြောင်း ဝါဒဖြန့်နေကြသည်။
ထိုဝါဒဖြန့်ချိမှုများသည် လက်တွေ့တွင်မူ အပြောတစ်မျိုး အလုပ်အတစ်မျိုးဖြစ်နေသည့်အပြင် ကိုရွှေနီ၊ ကိုကိုလတ် (ခေါ် ) အမာနွတ်လာ တို့ကဲ့သို့သော ဆင်းရဲသားကျောမွဲများအတွက် မြေနိမ့်ရာလှံစိုက်ခံနေရခြင်းပင် ဖြစ်သည်။
စစ်တပ်မှ အငြိမ်းစားအရာရှိကမူ တပ်သားသစ်များ သင်တန်းပြီး၍ တပ်ရင်းများ၌ တာဝန်ထမ်းဆောင်ရပါက ရှေ့တန်း မထွက်ရရေးသည် မိမိ၏ အရည်အချင်းပေါ် မူတည်နေသည်ဟု ဆိုသည်။
“ဥပမာ ပညာလေး နည်းနည်းတတ်တယ်၊ လက်ရေးလည်းလှတယ်ဆိုရင် လူကြီးတွေ ဘာတွေလာရင် အပြကောင်းအောင် ဗဟိုကင်းတို့ဘာတို့မှာ တာဝန်ချထားတာပေါ့။ ရုံးစားရေးသဘောမျိုးလည်း လုပ်ဖို့ အခွင့်အရေး ရတာပေါ့။သေချာတာက ရှေ့တန်းမထွက်ရရင်တောင် ကင်းတော့စောင့်ရမယ်။” ဟု ထိုအရာရှိအငြိမ်းစာက ပြောသည်။
လက်ရှိအချိန်၌လည်း နိုင်ငံအနှံ့ရှိ ကင်းစခန်းများမှာ မကြာခဏ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားနေသည့်အပြင် ထိုသို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် စစ်သားများလည်းရှိနေသည်။
ယခုအချိန်၌ စစ်တပ်သည် အဘက်ဘက်က ရှုံးနိမ့်နေခြင်းကြောင့် အထက်လူကြီး၏ ဖိအားပေးပြစ်တင်ပြောဆိုမှုများကို လက်အောက်မှ အရာရှိများ၊ အရာရှိငယ်များနေ့စဉ်ခံနေရသည်ဟု ဆိုသည်။
“ဆိုတော့ ဒီကောင်(အရာရှိငယ်)တွေကလည်း “ဘူ” နေမှာပဲ။ အဲဒီတော့ အောက်က တပ်သားတွေကတော့ အထောင်းခံရမှာပဲ။ အဲဒီအချိန်ကိုယ်က သည်းခံပြီး အလိုက်အထိုက်နေရမှာပေါ့။ ဖြစ်နိုင်ရင်တော့ အချိန်စောင့်ပြီး ပြေး၊ လက်နက်တွေဘာတွေသယ်လို့ရရင် သယ်ပြီးပြေးပေါ့။” ဟု အထက်ပါ အငြိမ်းစားအရာရှိက သင်တန်းသား သစ်များအတွက် အကြံပြုပြောဆိုသည်။
တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် CDM တပ်မတော်သားများက စစ်ကောင်စီ၏ အဓမ္မတပ်သားသစ်အဖြစ် စုဆောင်းခံရလျှင် ဆက်သွယ်ကြရန် ကြေညာထားကြသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၏ ဆုံးဖြတ်ချက် ၃ ခုအနက် ဒုတိယတစ်ခုသည် စစ်ကောင်စီ၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စကို စုပေါင်း၍ မဟာဗျူဟာမြောက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ရန် ဖြစ်သည်။
သို့သော် မည်ကဲ့သို့ မဟာဗျူဟာမြောက် ဆောင်ရွက်မည်ဆိုသည်ကိုမူ အတိအကျမသိရသေးပေ။
လက်ရှိမြေပြင်၌လည်း စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမြောက်အများမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးနေကြသည်။
“ညီမတို့က မိသားစုလိုက်ထွက်ပြေးဖို့ ပိုက်ဆံမရှိတော့ အခုလို စစ်မှုထမ်းဖို့ လွှတ်လိုက်ရတာပေါ့။ ပြေးတာကတော့ ပြေးချင်တာပေါ့။” ဟု မခေါင်ညွန့်က ဝမ်းနည်းသည့် လေသံဖြင့် ပြောသည်။
မျှော်လင့်ချက်မဲ့နေတဲ့ကြားကပဲ ဖြစ်ချင်သည့် ဆန္ဒကို မခေါင်ညွန့်က ယခုကဲ့သို့ ဆက်လက်ပြောသည်။
“အခုအချိန်မှာ ကိုယ့်ယောက်ျားနဲ့ကိုယ် ပြန်နေချင်တယ်။ ကျန်တာ ဘာမှမဖြစ်ချင်ဘူး။ သမီးကိုလည်း သူ့ပါးပါးနဲ့ မြန်မြန် တွေ့စေချင်တယ်”
မှတ်ချက် ။ ။ သတင်းရင်းမြစ်များ၏ လုံခြုံရေးကြောင့် အမည်များကို လွှဲပြောင်းဖော်ပြထားသည်။