တုတ်ထိုးအိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၅၊ အမှတ် ၄၆

1366
တုတ်ထိုးအိုးပေါက်

တုတ်ထိုး –  ထောင်ချလိုက်ပြီ၊ထောင်ချလိုက်ပြီ။

အိုးပေါက် –  ဘယ်သူ့ကိုထောင်ချတာတုန်း။ ဦးကိုနီကိုသတ်တဲ့အမှုနဲ့ တရားစွဲခံရတဲ့ဦးကြည်လင်းကို ထောင်ချလိုက်တာလား။

တုတ်ထိုး – မဟုတ်ဘူး။ ဦးကြည်လင်းကို ထောင်ချတာပြောတာမဟုတ်ဘူး။ မိုးအောင်ရင်ကို ထောင်(၁၇)နှစ် ချလိုက်တာကို ပြောတာဗျို့။

အိုးပေါက် – ဆေးပြားနည်းတာတောင် ထောင်(၁၇)နှစ်ချတယ်ဆိုတော့ ဆေးပြားကားတွေ အစီးလိုက်မိတာတို့၊ ပိုင်ရှင်မပေါ်တဲ့ မူးယစ်ဆေးဝါးတွေသာ ပိုင်ရှင်ပေါ်သွားလို့ကတော့ ဒီလူတွေ ဒီတစ်သက်ထောင်ထဲက ထွက်ရတော့မှာ မဟုတ်ဘူး။

တုတ်ထိုး – မူးယစ်ဆေးသုံးတဲ့လူတွေ၊ လက်ဝယ်ကိုင်ဆောင်သူတွေအားလုံး အဖမ်းခံခဲ့ရရင် ထောင်တောင် ဆံ့မှာမဟုတ်ဘူးနော်။

အိုးပေါက် – ဒါနဲ့ တလောတုန်းက မိုးအောင်ရင်ကိုထောင်ဒဏ် ငါးနှစ် ချလိုက်တယ်လို့ ကြားမိလိုက်သလား လို့။

တုတ်ထိုး – ဒါနဲ့ နေပါဦး။ မိုးအောင်ရင်ကို ဥပဒေအရအရေးယူလိုက်တာတော့ ထားပါဦး။ ဦးကိုနီအမှုတို့၊ ငါးလောင်းပြိုင် လူသတ်မှုတို့လိုအမှုအကြီးကြီးတွေကျတော့ ဘာလို့ ခုထိ မမိနိုင်ကြသေးတာလဲဟင်။

အိုးပေါက် – ဒါတော့ စိတ်ပျက်စရာပါပဲ။

တုတ်ထိုး – ပြစ်မှု ကျူးလွန်သူတိုင်းကို အရေးမယူနိုင်တာကတော့ တရားဥပေဒစိုးမိုးမှုမရှိလို့ လို့ ပြောရမှာပါပဲ။ သာမန်ပြည်သူတွေကြားမှာ ဖြစ်တဲ့ လူသတ်မှုတို့ ခိုးမှုတို့လိုအမှုတွေမှာ ဖမ်းဆီးနိုင်တာ၊ အရေးယူနိုင်တာတွေ လုပ်နိုင်ပြီးအမှုအကြီးကြီးတွေကျတော့ ဘာလို့ တရားမစီရင်နိုင်ရတာလဲ။

အိုးပေါက် – တရားဥပဒေအထက်မှာ ဘယ်သူရှိနေသေးတာလဲမှ မသိတာ။

တုတ်ထိုး – မူးယစ်ဆေးဝါးအမှုတွေ ကြည့်လေ။ များများမိရင် ပိုင်ရှင်မဲ့ဖြစ်ဖြစ်သွားတာပဲ။ ဥပဒေဟာ မျက်နှာကြီးရာဟင်းဖတ်ပါတာမျိုး မဖြစ်ဖို့ လိုတယ်ဗျို့။

အိုးပေါက် – ဒါနဲ့ ဦးကိုနီအမှုကို စစ်ဆေးနေတာ မပြီးသေးဘူးလား။

တုတ်ထိုး – ဘာလို့။

အိုးပေါက် – ဦးကြည်လင်းကိုရုံးချိန်းခေါ်တာ အကြိမ် ၉၀ကျော်ပြီဗျ။ အမှုက အခုထိမပြီးပြတ်သေးဘူး။ ရုံးချိန်း ၉၀ကျော်ပြီဆိုတော့ ဂင်းနစ်စံချိန်တင်လောက်တယ်။ ဟဲ ဟဲ ဟဲ။

တုတ်ထိုး – ဦးကိုနီ လုပ်ကြံခံရတဲ့အမှုကို မြန်မြန်စစ်ဆေးပေးလို့ရအောင် အင်းစိန်ထောင်ထဲက အထူးတရားရုံးကို ပြောင်းစစ်စေချင်တယ်လို့တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ပြောလိုက်သဗျ။

အိုးပေါက် – ဦးကြည်လင်းတစ်ယောက်တော့  လူ့ဘဝကနေ မသေမချင်း ရုံးချိန်းနေရတော့မယ်ထင်ပါရဲ့။ သနားလိုက်တာ။ ကျွတ် ကျွတ် ကျွတ်။

တုတ်ထိုး –  ခရုတို့ ပက်ကျိတို့ကမ္ဘာပတ်ရင်သာ အပတ်တစ်ရာ အရင်ပြည့်မယ်။ ဦးကြည်လင်း ရုံးချိန်းကတော့ ပြီးဦးမယ့်ပုံ မပေါ်ပါဘူးဗျာ။

အိုးပေါက် – ဘာလို့။

တုတ်ထိုး – အခုကြည့်လေ။ ၉၃ ကြိမ်တောင်ရှိပြီ ရုံးချိန်းက၊ လာမယ့် ရုံးချိန်းကို ဒီဇင်ဘာ၂၀ ရက်နေ့မှာ ပြန်ချိန်းထားသေးတယ်။

အိုးပေါက် – ဒါနဲ့ ကြားဖြတ်ပြီးခင်ဗျားကို သတိပေးရဦးမယ်။ ကားဆီဖြည့်နေတုန်း ဖုန်းမပြောနဲ့ဗျ။ ပေါက်ကွဲတတ်တယ်။

တုတ်ထိုး – ဗျာ။

အိုးပေါက် – ဟုတ်တယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ကားဆီဖြည့်နေချိန်မှာ ဖုန်းမပြောရ တားမြစ်ထားတဲ့ကြားက ဖုန်းပြောခဲ့လို့ လူတစ်ဦး ပေါက်ကွဲဒဏ်ရာတွေနဲ့ သေဆုံးမှုတစ်ခုမုံရွာမှာ ဖြစ်ခဲ့တယ်။ ဆီထည့်နေတုန်း လက်ကိုင်ဖုန်းနဲ့ ဖုန်းပြောနေခဲ့တာဗျ။

တုတ်ထိုး –  သတိ၊ သတိ၊သတိ။ သွားသတိ၊ လာသတိ၊နေသတိ၊ ထိုင်သတိပေါ့ဗျာ။

အိုးပေါက် – ပိုက်ဆံတစ်သောင်းတန် အတုတွေကိုလည်း သတိထားဗျို့။ အခုလက်ရှိအစိုးရလက်ထက် သက်တမ်း ၂ နှစ်ခွဲအတွင်းမှာတောင်ငွေအတု ပြုလုပ်မှုတွေ၊ ငွေအတုဖမ်းဆီးမှုတွေ ဒေသအစုံက ဘဏ်တွေမှာ ငွေအပ်နေချိန်တွေ့ရတဲ့အမှုတွေကိုလည်းဆက်တိုက် ကြားနေရတယ်။

တုတ်ထိုး – ငွေစက္ကူ အတုအစစ် ဘယ်လိုခွဲမတုန်းဗျ။

အိုးပေါက် – တစ်သောင်းတန် ငွေစက္ကူအစစ်တွေမှာ အစိမ်း၊ အနီရောင် ပြောင်းလဲနိုင်တဲ့ ရောင်ပြန်ကြိုး ပါတယ်ဗျ။တစ်သောင်းတန် (၁၀၀၀၀)လို့ဖော်ပြထားတဲ့ နေရာတွေမှာချောမွေ့မှု မရှိဘူး။ ကြမ်းနေတာ။ ငွေကြိုးက တစ်ဝက်ပေါ်တစ်ဝက်မြုပ်နေတယ်။ အဲဒါကတော့ အစစ်ရဲ့ ထူးခြားချက်ပေါ့ဗျာ။

တုတ်ထိုး –  အတုကရော။

အိုးပေါက် – အတုက ရောင်ပြန်ကြိုးက အနီရောင်ဖြစ်နေတယ်ဗျ။ (၁၀၀၀၀)လို့ ဖော်ပြထားတဲ့နေရာတွေက ချောမွေ့နေတယ်တဲ့ဗျ။ ပြီးတော့ ငွေကြိုးထည့်သွင်းထားခြင်း မရှိဘူးတဲ့ဗျ။ ပြီးတော့ ငွေစက္ကူကို ရေနဲ့ထိတွေ့ရင် စက္ကူသားတွေလိပ်ပြီး ကွာကျတာတို့ ဖြစ်တယ်တယ်လို့ ဂျာနယ်တွေမှာဖတ်ဖူးသဗျ။

တုတ်ထိုး – ငွေစက္ကူအတုအစစ်သိရအောင် ဘာလုပ်ရင်ကောင်းမလဲ။

အိုးပေါက် – လွယ်လွယ်လေးပါပဲ။ ရဲစခန်းကို သွားပြပါ။

တုတ်ထိုး –  ဟိုက အတုအစစ်ခွဲခြားပြမှာလား။

အိုးပေါက် – အင်း။

တုတ်ထိုး –  ဘယ်လို ခွဲပေးမှာလဲ။

အိုးပေါက် –  ယူထားရင် အစစ်၊ လက်ထိပ်ခတ်လိုက်ရင်အတုပဲဗျို့။

တုတ်ထိုး –  မှတ်တောင်ထားရဦးမယ်။ ဒီက အကောင်းမှတ်လို့ နားထောင်နေတာ။

အိုးပေါက် – ဟဲ ဟဲ ဟဲ။

တုတ်ထိုး –  သာမန်ပြည်သူတွေကတော့ ငွေစက္ကူကို အတုအစစ် မခွဲခြားတတ်ကြပါဘူး။

အိုးပေါက် – ဒီနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်းမှာတောင်စင်္ကာပူနိုင်ငံသား ဇနီးမောင်နှံဆီကနေ တစ်သောင်းတန်အတု ၄၅ ရွက်၊ ထိုင်းနိုင်ငံသူဆီကနေ တစ်သောင်းတန်အတု ၄၁ရွက်၊ စင်္ကာပူက ပြန်လာတဲ့ ဒိုက်ဦးမြို့နယ်က ကျေးရွာသားတစ်ဦးဆီကနေ ငွေအတု ၁၅၄ ရွက်တွေ့ရှိထားတယ်တဲ့ဗျ။

တုတ်ထိုး –  ငွေစက္ကူအတုနောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ။

အိုးပေါက် – သာမန်ပြည်သူတွေအနေနဲ့ တစ်သောင်းတန်တို့၊ ငါးထောင်တို့ကို စိုးရိမ်စိတ်နဲ့ သုံးစွဲလာနိုင်တယ်။ တစ်သောင်းတန်ကို လက်မခံရဲတာမျိုး ဖြစ်လာနိုင်တယ်။

တုတ်ထိုး –  နောက်ကွယ်ကလက်မည်းကြီးတွေများ ရှိနေမလား။

အိုးပေါက် – ဘာပဲဖြစ်ဖြစ် သတိရှိရမှာပါပဲ။ နောက်ကွယ်က လက်မည်းကြီးတွေ မရှိပါစေနဲ့လို့ ဆုတောင်းရမှာပါပဲ။

တုတ်ထိုး –  ကျုပ်တောင် ဟိုတစ်နေ့က လက်ဖက်ရည်ဆိုင်ထိုင်တော့ တစ်သောင်းတန် ပေးမိတယ်။ စားပွဲထိုးကမယုံသင်္ကာနဲ့ ကြည့်တယ်။ဆိုင်ရှင်က ဖင်ပြန်ခေါင်းပြန်စစ်ကြည့်တယ်။

အိုးပေါက် – တစ်သောင်းတန် ပေါ်တာကြာပြီ။ ကျုပ်ဖြင့်ပူအောင်တောင် မကိုင်ဖူးပါဘူးဗျာ။

တုတ်ထိုး – သိပ်မကြာသေးပါဘူးဗျ။ ငွေစက္ကူပေါ်တာဘာကြာသေးလို့လဲ။ ဇွန်လ ၁၅ရက်၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ စပြီး ထုတ်ဝေတာ။၂၀၁၅ ဇူလိုင် ၁ ရက်မှာတော့ပုံစံအသစ် ၁၀၀၀၀ တန်ကိုထပ်ပြီး ထုတ်ခဲ့တာပဲ။

အိုးပေါက် – ကျုပ်တို့ ပြည်သူများလည်း တစ်သောင်းတန်အတုတွေ လက်ထဲ မရောက်လာကြပါစေနဲ့ဗျာ။ ငွေစက္ကူအတုတွေဘေးမှ လွတ်ကင်းကြပါစေဗျာ။

တုတ်ထိုး –  အမတ်အတု၊အစားအသောက်အတုတွေနဲ့လည်း ဝေးကြပါစေဗျာ။

အိုးပေါက် – ဘယ်က အမတ်အတုက ပါလာတာလဲ။

တုတ်ထိုး – ရွေးကောက်ပွဲနီးမှ ပြည်သူ့ရှေ့ရောက်ပြီး နေရာလည်းရရော ပြည်သူကြားထဲက ပျောက်သွားတဲ့ သူဟာ အမတ်အတုပေါ့။

အိုးပေါက် – အရက်အတုများနဲ့လည်း ဝေးကြပါစေ။

တုတ်ထိုး –  ဒီမိုကရေစီအတုနဲ့လည်း ဝေးကြပါစေ။

အိုးပေါက် – ကျုပ်တို့ဆီမှာ အစစ်တွေ ရှိပါသေးတယ်ဗျ။

တုတ်ထိုး – ဘာတွေတုန်းဗျ။

အိုးပေါက် – သေနတ်စစ်စစ်၊ စစ်ပွဲစစ်စစ်၊ ဆင်းရဲမှု အစစ်၊ ပညာရေးနိမ့်ကျမှု အစစ်၊ တရားဥပဒေစိုးမိုးမှု မရှိသေးတာ အစစ်။ မူးယစ်ဆေးဝါးတွေ မပပျောက်သေးတာ အစစ်။ အသက်စစ်စစ်နဲ့  ဒုက္ခစစ်စစ်တွေပါ ဗျာ။

တုတ်ထိုး – ပြောစရာစကားလုံးတောင် မရှိတော့ပါဘူးဗျာ။

အိုးပေါက် – …..။

တုတ်ထိုး – …..။

အိုးပေါက် – …..။         ။

LEAVE A REPLY

Please enter your comment!
Please enter your name here