တုတ်ထိုးအိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၇၊ အမှတ် ၁

1162
တုတ်ထိုးအိုးပေါက်

တုတ်ထိုး – ဘုရား ဘုရား။

အိုးပေါက် –  ဘာတွေ ဘုရားတနေတာတုန်းဗျ။

တုတ်ထိုး – တတိယကမ္ဘာစစ်ကြီး ဖြစ်လာမလားဆိုပြီး ကြောက်နေတာ။

အိုးပေါက် – တတိယကမ္ဘာစစ်ကြီး ဖြစ်ရင်လား။ ဘာမှတွေးပူမနေနဲ့။ အကောင်းမြင်စိတ်လေး မွေးပြီး နေထိုင်လိုက်ပေါ့။

တုတ်ထိုး – ဟင်၊ ဘယ်လို အကောင်းမြင်စိတ်မွေးရမှာတုန်း။

အိုးပေါက် – စစ်ကြီးဖြစ်ရင် ပရီးမီးယားဘောလုံးပွဲစဉ်တွေပျက်မယ်။ အဲ့ဒီအခါ ဘောလုံးပွဲတွေ ရပ်ထားရမယ်။ အဲ့ဒီအခါ ဘောလုံးပွဲတွေ ရပ်ထားရမယ်။   ဘောလုံးပွဲတွေ မရှိတော့ လီပါပူးအသင်း ဖလားမရတော့ဘူးပေါ့။

တုတ်ထိုး – အကောင်းမှတ်လို့ နားထောင်နေတာ။ မှတ်တောင် ထားရဦးမယ်။

အိုးပေါက် –  ဟဲ ဟဲ ဟဲ။

တုတ်ထိုး –  ခင်ဗျားလည်း ကြားမှာပဲ။ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံလိုက်တယ်။

အိုးပေါက် – အီရန်မှာ အစိုးရကို သစ္စာခံတဲ့ အဓိက လက်နက်ကိုင်အင်အား သုံးခုရှိတယ်ဗျ။  အီရန်စစ်တပ်၊ အီရန်တော်လှန်ရေးစောင့်တပ်နဲ့ အီရန် တရားဥပဒေစိုးမိုးရေးတပ်တွေပဲ။ တော်လှန်ရေးအစောင့်တပ် ကတော့ အင်အားအတောင့်ဆုံးပါပဲ။

တုတ်ထိုး –   အီရန်အစိုးရအဖွဲ့ကတော့ ဆိုလိုင်မာနီနဲ့ သူ့ရဲ့စစ်တပ်အရာရှိအချို့အတွက် နာရေး အစီအစဉ်ကို ခမ်းခမ်းနားနားပြုလုပ်ခဲ့ကြတယ်။ ဆိုလိုင်မာနီကို အာဇာနည်တစ်ဦးလို ဂုဏ်ပြုခဲ့ကြတယ်။

အိုးပေါက် – ဟုတ်တယ်။ ဆိုလိုင်မာနီရဲ့ သမီးကတောင်ကြုံးဝါးတယ်။ ဖခင်သေဆုံးမှုအတွက် အမေရိကန်အတွက်ကံဆိုးမိုးမှောင်ကျလာတဲ့ နေ့ရက်တွေ ကြုံလာမယ့်နိမိတ်ဖြစ်တယ်တဲ့။

တုတ်ထိုး – အမေရိကန်သမ္မတကတော့ ဆိုလိုင်မာနီကို ရှင်းလင်းလိုက်တာဟာ စစ်ကို တောင်းဆိုခြင်းမဟုတ်ဘဲ၊ စစ်ပွဲတွေ ရပ်တန့်စေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ကြေညာထားတယ်ဗျ။ စိတ်ပူတာက ပြဿနာရဲ့ နောက်ဆက်တွဲစစ်မက်တွေ အကြီးအကျယ်ဖြစ်လာမှာ စိုးရိမ်တာပါပဲ။ အဲ့ဒါကြောင့် ကျုပ်က ဘုရားတနေရတာ။

အိုးပေါက် – ကမ္ဘာကြီးအတွက် ဘုရားတနေရသလို ကိုယ့်မြန်မာနိုင်ငံအတွက်လည်း ဘုရားတရမယ့် ၂၀၂၀ ရွေးကောက်ပွဲက လာတော့မယ်။

တုတ်ထိုး – သမ္မတဟောင်း ဦးသိန်းစိန်ကတော့ ပြောတာပဲ။ ၂၀၂၀ မှာ အကျင့်စာရိတ္တ ကောင်းတဲ့သူတွေကိုသာ မဲပေးကြပါတဲ့။

အိုးပေါက် – ဒါ အမှန်ပဲလေ။ ကိုယ်ကျင့်တရားကောင်းတဲ့သူကိုသာ မဲပေးကြရမယ်။

တုတ်ထိုး – ဟုတ်တယ်နော်။ ဒီတစ်ခါ ငါအုပ်ချုပ်တဲ့အလှည့်၊ဒီတစ်ခါ ငါစားရမယ့်အလှည့် ဆိုတဲ့စိတ် ရှိသူတွေ နေရာရလာရင်  တိုင်းပြည်ဆင်းရဲတတ်တယ်။ ခေတ်အဆက်ဆက်အာဏာရှင်ဆန်တဲ့စရိုက်တွေနဲ့ အုပ်ချုပ်ခဲ့ကြတယ်။ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။ အုပ်ချုပ်တဲ့သူတွေသာ ချမ်းသာသွားတယ်။ နောက်တစ်ယောက် တက်လာတယ် သူတို့တွေ၊ သူတို့အမျိုးတွေသာ ချမ်းသာသွားတယ်။  တိုင်းပြည်က ကောင်းစားမလာဘူး။ သူတို့သာ ကောင်းစားသွားတယ်။ဒီလိုလူတွေကိုတော့ မဲမပေးမိဖို့ လိုတယ်။ ဒါကြောင့် ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ၊ စာရိတ္တကောင်းတဲ့သူတွေကိုသာ မဲပေးဖို့ တိုက်တွန်းတဲ့သမ္မတဟောင်း ဦးသိန်းစိန်ကို သိပ်ကို ကျေးဇူးတင်ပါတယ်ဗျာ။

အိုးပေါက် – အရပ်သားအစိုးရလက်ထက်။ NLD အစိုးရလက်ထက် ဆိုပါတော့ဗျာ။ ဘာတွေ ထူးခြားမှု ရှိသေးသလဲ။

တုတ်ထိုး –  အငြိမ့်ထောင်စားသင့်တဲ့ အမတ်တချို့၊ ဝန်ကြီးတချို့ ရှိနေကြသေးတယ်။ ပေါက်တတ်ကရ ပြောတတ်တဲ့အမတ်တွေကိုတော့ ၂၀၂၀ မှာ ချန်ထားခဲ့ကြရမယ်။ အရင်အစိုးရလက်ထက်တုန်းကပဲ  လူရွှင်တော်အမတ်တွေ ရှိခဲ့တယ်ထင်တာ။ ဒီဘက်ခေတ်ထိ လူရွှင်တော်အမတ်တွေရှိနေတုန်းပဲ။

အိုးပေါက် – အစိုးရလက်ထက်မှာ တော်တော်များများပြောင်းလဲနေပါပြီဗျာ။ သိသာတဲ့ တချို့ကိစ္စတွေ ခင်ဗျားတွေ့မှာပါ။

တုတ်ထိုး –  သိသာတဲ့ အရာတစ်ခုလား။ ပညာရေးမှာလည်းပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာ မတွေ့ဘူးလား။ ကျောင်းဖွင့်ရက်တွေ ထပ်တိုးလိုက်တဲ့ကိစ္စလေ။

အိုးပေါက် – ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောတယ်။ “ကျောင်းကို မတ်လ ၃၁ အထိ ဖွင့်ပေးရင် အဓိကနံပါတ်(၁)က နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မိဘတွေသည်  အလုပ်ကို ကြိုးစားပြီးလုပ်ဖို့ လိုပါတယ်။ ကျောင်းအစောကြီးပိတ်မယ်ဆိုရင် ကလေးတွေကို ထိန်းဖို့အတွက် အလုပ်တစ်ဖက်နဲ့ဆို ခက်ပါတယ်။ ဒါကြောင့်မို့ မိဘတွေသူတို့ရဲ့အလုပ်တွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ အောင်မြင်အောင် လုပ်စေလိုပါတယ်”တဲ့။

တုတ်ထိုး – ဒါဆို ကျောင်းအမည်တွေ ပြောင်းလိုက်ပါတော့လား။ အခြေခံပညာ အထက်တန်းကလေးထိန်း ကျောင်း၊ အခြေခံပညာအလယ်တန်း ကလေးထိန်းကျောင်းလို့။ ကျောင်းအုပ်ကြီးတွေတောင် ရာထူးပြောင်းပစ်ရမှာ။အခြေခံပညာ အထက်တန်း ကလေးထိန်းကျောင်းအုပ်ကြီးလို့။

အိုးပေါက် –  အာရှနိုင်ငံတွေ၊ အနောက်နိုင်ငံတွေမှာ အခြေခံပညာရေးအတွက် ပညာသင်နှစ်တစ်နှစ်ရဲ့ စာသင်ချိန်ကိုအနည်းဆုံး ရက် ၁၈၀ သတ်မှတ်ထားကြတယ်။ တရုတ်နိုင်ငံမှာ တစ်နှစ် ရက် ၂၆၀ ကျောင်းတက်ကြရတယ်။ ဂျပန်မှာတော့ စာသင်ချိန် ၁၉၂ ရက်။ အမေရိကန်မှာတော့ရက်  ၁၆၀ ကျော်၊ ၁၇၀ လောက် ရှိပါတယ်။

တုတ်ထိုး –  နိုင်ငံတကာနည်းတူ စာသင်ရက်တွေနဲ့ သိပ်မကွာပါဘူးဗျာ။

အိုးပေါက် – သင်ရိုးကို နိုင်ငံတကာ အမီလိုက်အောင် ကြိုးစားတယ်။ ကျောင်းပိတ်ရက်တွေကိုလည်း နိုင်ငံတကာထက်သာချင်တယ်။ ဟွန်း၊ ပြောကို မပြောချင်ဘူး။

တုတ်ထိုး – ပြောပါဗျာ။

အိုးပေါက် – ဆရာ ဆရာမတွေရဲ့ လစာကိုတော့ နိုင်ငံတကာအဆင့်မီအောင်ပေးဖို့ စိတ်ကူး မရှိကြတော့ဘူးလားဟင်။

တုတ်ထိုး – ဒါတော့ တိုင်းပြည်က ဆင်းရဲတာကိုး။

အိုးပေါက် – တိုင်းပြည်က ဆင်းရဲတယ်။ ဒင်းတို့ကျ ဟိုကားစီးချင်တယ်။ ဒီကားစီးချင်တယ်နဲ့။ ဟွန်း၊ ပြောကို မပြောချင်တော့ဘူး။

တုတ်ထိုး – ၂၀၂၀ မှာတော့ စိန်ခေါ်မှုအသစ်တွေ လာဦးမယ်ထင်တယ်။ သတင်းအမှားတွေ လာနိုင်တယ်။ အမုန်းစကားတွေ ဖြန့်ဝေတာမျိုးတွေ ရှိလာနိုင်တယ်။ ဒီ ထောင်ချောက်တွေကို ပြည်သူတွေအနေနဲ့ သတိထားကြရဦးမှာပါ။

အိုးပေါက် – ဘာပဲပြောပြော ဝမ်းသာစရာတစ်ခုက ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်ဝေလာနိုင်တာပဲ။

တုတ်ထိုး – အရင်တုန်းက ဗိုလ်ချုပ်ပုံပိုက်ဆံ မထုတ်နဲ့ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောခဲ့တဲ့သူတွေကို ကျုပ်က ပြတ်ပြတ်သားသား ပြောချင်တယ်။အဲ့ဒီလို ပြောခဲ့တဲ့သူတွေကို တုတ်ထိုးက ပြတ်ပြတ်သားသား သတိပေးစကားပြောလိုက်မယ်။ ဒါပဲ။

အိုးပေါက် –  ဘုရား ဘုရား။ ပြဿနာတော့ မရှာပါနဲ့။

တုတ်ထိုး – ပြဿနာရှာတာ မဟုတ်ဘူး။ တုတ်ထိုးတို့က ဒဲ့ပြောတာပဲ။

အိုးပေါက် – စိတ်လျှော့ပါဗျာ။

တုတ်ထိုး – ဟုတ်တယ်လေ။ ဗိုလ်ချုပ်ကို ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ရစရာမရှိအောင် ပြောတဲ့သူတွေကို ဒီကနေစိန်ခေါ်လိုက်တယ်။

အိုးပေါက် –  ဘယ်လိုစိန်ခေါ်မှာတုန်း။

တုတ်ထိုး – အဲ့ဒီလိုလူတွေကို သတိပေးလိုက်မယ်။ ပြတ်ပြတ်သားသားပြောလိုက်မယ်။ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေမသုံးချင်ရင် တုတ်ထိုးကို လာပေးကြပါခင်ဗျာလို့။

အိုးပေါက် – ဟွန်း၊ မှတ်တောင်ထားရဦးမယ်။

တုတ်ထိုး – ဒါနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူအသစ်မှာ “ပြည်ထောင်စု”ဆိုတဲ့ စာသား ဘာလို့မပါတာလဲလို့။ တချို့တွေ အသံထွက်လာတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိဘူးလား ဘာညာပေါ့။ ပြည်ထောင်စုဆိုတဲ့ စာသားထည့်သင့်တယ် ဘာညာ။ အာနေကြတယ်။

အိုးပေါက် – အဲ့ဒီလူတွေကို ပြောလိုက်ပါဗျာ။ ဗဟိုဘဏ်နာမည်ပြောင်းလဲခဲ့ပုံတွေကို ပြောပြလိုက်စမ်းပါ။ ၁၉၄၈ မှာ “ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်”လို့ အမည်ပေးခဲ့တယ်။ ၁၉၆၇ မှာ “ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ်”လို့ ပြောင်းခဲ့တယ်။ ၁၉၇၅ မှာ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်။ ၁၉၉၀ မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်လို့ ပြောင်းခဲ့တယ်။ ၂၀၁၃ ခုနှစ် ဗဟိုဘဏ်ဥပဒေနဲ့ အခန်း(၁)အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက် ဆိုပြီး ဖော်ပြထားတာ ရှိပါတယ်။ “နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုလိုသည်”လို့ ဖော်ပြထားတာ ရှိပါတယ်။ တမင်တကာ ပွဲဆူအောင် မအာကြပါနဲ့။ မလော်ကြပါနဲ့လို့။ လော်တာလည်း လော်ကြပါ။ အတွင်းစိတ်တွေ မပေါ်ကြပါစေနဲ့လို့။

တုတ်ထိုး – ဒါဆိုလည်း အဲ့ဒီလိုလူတွေကိုလည်း တုတ်ထိုးက စိန်ခေါ်ပါတယ်။ “ပြည်ထောင်စု”ဆိုတဲ့ စာသားမပါလို့အဲ့ဒီပိုက်ဆံတွေ မကြိုက်ရင် မြစ်ကြီးနားသတင်းဂျာနယ်ကနေတစ်ဆင့် ဆက်သွယ်ပြီး တုတ်ထိုးနဲ့ အိုးပေါက်ဆီ လာပေးသုံးလို့ ရပါတယ်ဗျာ။

အိုးပေါက် – မှတ်တောင်ထားရဦးမယ်။

တုတ်ထိုး –  ကိုင်းဗျာ၊ စကားဝိုင်း သိမ်းကြပါစို့ရဲ့။

အိုးပေါက် – မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

တုတ်ထိုး – ဆရာ ဆရာမတွေလည်း ကလေးထိန်းကြီးဘဝက လွတ်မြောက်နိုင်ကြပါစေ။

အိုးပေါက် – အကျင့်စာရိတ္တကောင်းတဲ့သူတွေကို မဲထည့်နိုင်ကြပါစေ။

တုတ်ထိုး – ဝန်ကြီးများအနေနဲ့လည်း အပြောနဲ့လေလျှော့ပြီးအလုပ်နဲ့ သက်သေပြနိုင်ကြပါစေ။ ကားပါမစ်လည်း  ရကြပါစေဗျာ။

အိုးပေါက် – ကောင်းလင့်တည်း၊ ကောင်းလင့်တည်း။ ။

LEAVE A REPLY

Please enter your comment!
Please enter your name here