တုတ်ထိုးအိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ (၇)၊ အမှတ် ၃

1618
တုတ်ထိုးအိုးပေါက်

တုတ်ထိုး – ကျွတ်.. ကျွတ်.. ကျွတ်။
အိုးပေါက် – တကျွတ်ကျွတ်နဲ့ ခါးတွေနားနေတာလား။

တုတ်ထိုး – ဘယ်က ခါးနာရမှာတုန်း။ ကမ္ဘာကြီးအတွက်စုတ်သပ်နေတာ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးတွေကနေ ကမ္ဘာကြီး လွတ်မြောက်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတာပါဗျာ။ ကမ္ဘာကြိး နာဖျားနေတာအတွက် စိုးရိမ်နေမိသလို ကိုယ့်မြန်မာအတွက်လည်း စိုးထိတ်နေရတာပါပဲ။
အိုးပေါက် – ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်-မြန်မာဆက်ဆံရေး ဘာတွေဖြစ်နိုင်မလဲဗျ။

တုတ်ထိုး – ယုတ်စွအဆုံးဗျာ။ ကမ္ဘာကြီးတစ်ခုလုံးသာ ကိုရိုနာဗိုင်းရပ်စ်ပျံ့သွားလို့ တရုတ်နဲ့ အဆက်အဆံလုပ်ချင်မှ လုပ်မယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကတော့ ရှေးကထက် ပိုချစ်ကြသည်ဆိုတာမျိုး ဖြစ်နေဦးမှာပါပဲ။
အိုးပေါက် – ဗျာ။ အဲ့ဒီလောက်တောင်လား။

တုတ်ထိုး – ဒီ့ထက်တောင် ပိုသေး။
အိုးပေါက် – မှတ်တောင် ထားရဦးမယ်။

တုတ်ထိုး – ခင်ဗျားစဉ်းစားကြည့်။ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွေ ရှိသေးတယ်။ ပြီးတော့ရန်ကုန်မြို့သစ်စီမံကိန်းလိုဟာမျိုးတွေ ရှိဦးမယ်။ ဟိုလိုလိုဒီလိုလို မပြီးပြတ်နိုင်သေးတဲ့ မြစ်ဆုံစီမံကိန်းလိုဟာမျိုးတွေ ရှိသေးတယ်။
အိုးပေါက် – တရုတ်နဲ့ အဆက်အသွယ်မလုပ်တော့ရင် ဘာဖြစ်နိုင်မလဲ။

တုတ်ထိုး – အဲ့ဒါတော့ မပြောတတ်ဘူး။ လောလောဆယ်တောင် တရုတ်ကြက်သွန်ဖြူတွေ လှောင်ထားတဲ့ ကုန်သည်တွေဟာ နှစ်ဆလောက်မြတ်နေကြတယ်။ တရုတ်ကြက်သွန်ဖြူလိုဟာမျိုးတွေတောင် ဈေးတက်နေတာ ကြည့်ပါတော့။
အိုးပေါက် – တစ်ချိန်ချိန်မှာ စီးပွားရေးပါမက တရုတ်လူမျိုးတွေပါ အလုံးအရင်းနဲ့ ဝင်ရောက် အခြေချတာမျိုးတွေ ရှိနိုင်မလားဗျာ။

တုတ်ထိုး – ဘယ်တစ်ချိန်ချိန် ပြောတာလဲ။ ခင်ဗျားမန္တလေး ရောက်သေးလား။
အိုးပေါက် – မရောက်တာကြာပြီ။

တုတ်ထိုး – မန္တလေးမြို့သွားကြည့်။ မန္တလေးမြို့ရဲ့ စီးပွားရေးလောကမှာ ၆၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်တွေရဲ့လက်ထဲမှာ ရှိနေတာတဲ့ဗျာ။ သတင်းတွေမှာ ဖတ်ရတယ်။ မန္တလေးသွးကြည့်၊ မသိရင် တရုတ်ပြည်ရောက်နေသလို ခင်ဗျားခံစားသွားရလိမ့်မယ်။
အိုးပေါက် – တရုတ်ပြည်ရောက်နေတဲ့ ခံစားမှုသိဖို့ မန္တလေးထိ သွားကြည့်စရာ မလိုပါဘူးဗျာ။ မြစ်ကြီးနားမြို့ရဲ့ ဟိုဘက်ကမ်း တာလောကြီးဘက်သာ သွားကြည့်စမ်းပါ။ တရုတ်ငှက်ပျောခြံတွေ၊ တရုတ်ဖော့စက်ရုံတွေ တွေ့ရမယ့်အပြင်လမ်းညွှန်ဆိုင်းဘုတ်တွေကအစ တရုတ်လို ရေးထားတာတွေ တွေ့ရလိမ့်မယ်။ ဟိုတလောက တာလောကြီးဘက်သွားတာ လမ်းမှားပြီး တရုတ်နယ်စပ်ထဲ ရောက်သွားတာလားလို့ လန့်သွားတာပဲ။

တုတ်ထိုး – ဘာပဲပြောပြော ဝူဟန်ဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဝူဟန်ဗိုင်းရပ်စ်ဘိုးအေကြီးပဲလာလာ မြန်မာ-တရုတ် ဆက်ဆံရေးကတော့ ရှေးကထက် ပိုချစ်ကြဦးမှာကတော့ အသေအချာပါပဲဗျာ။
အိုးပေါက် – ကောင်းလောင့်တေး၊ ကောင်းလောင့်တေး။ ဒါနဲ့ ကျုပ်တို့နိုင်ငံလည်း တော်တော် ခေတ်မီလာပြီနော်။

တုတ်ထိုး – ခေတ်မီရမှာပေါ့ဗျာ။ စင်္ကာပူကို အမီလိုက်နေတဲ့ဥစ္စာ။
အိုးပေါက် – ကျုပ်ပြောတာက ခိုးဆိုးလုနှိုက်တဲ့ ဒုစရိုက်သမားတွေက နိုင်ငံခြားရုပ်ရှင်တွေထဲကလို ခေတ်မီလာကြတာပြောတာဗျ။

တုတ်ထိုး – ဗျာ။
အိုးပေါက် – ခင်ဗျားမကြားဘူးလား။ ရန်ကုန်မှာလေ။ CB Bank အနုကြမ်းစီးခံရတာ။

တုတ်ထိုး – ဗျာ။
အိုးပေါက် – မဗျာနဲ့။ အနုကြမ်းစီးပြီး ကျပ်သိန်း ၆၀၀ ယူသွားတာ။ ပြီးတော့ ဒီအတိုင်းယူသွားတာ မဟုတ်ဘူး။ ဂျင်းဗုံးတစ်ခုလုံး ထောင်သွားသေးတယ်တဲ့။

တုတ်ထိုး – ယမ်းတို့ ဘာတို့နဲ့ လုပ်တဲ့ ဗုံးပဲကြားဖူးပါတယ်။ ဘယ့်နှယ်။ ဂျင်းဗုံးတုန်း။
အိုးပေါက် – ဗုံးက ဗုံးအတုကြီးတဲ့။

တုတ်ထိုး – ဟင်။ အင်း…။ ဗုံးအတုပဲ ဖြစ်တော့မပေါ့နော်။ သိန်း ၆၀၀ လေးနဲ့ ဗုံးအစစ်ဈေးနဲ့ဆို ဘယ်တွက်ချေကိုက်တော့ပါ့မလဲ။ နော။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။

တုတ်ထိုး – ဒါနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်မှာ ဆွေးနွေးနေကြပြီနော်။
အိုးပေါက် – ကာ/ချုပ်ကြီးကတော့ ပြောထားတာရှိတယ်။ ခေတ်ကာလနဲ့ လိုက်လျောညီထွေစွာ ပြင်ဆင်သင့်တာပြင်ဆင်ရမယ်တဲ့။

တုတ်ထိုး – အဟက်။
အိုးပေါက် – ဘာရယ်တာတုန်း။

တုတ်ထိုး – သူများတွေပြောတာ ကြားဖူးတာတစ်ခု သတိရမိလို့ဗျ။
အိုးပေါက် – ဘာတဲ့တုန်း။

တုတ်ထိုး – ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုတာတဲ့ သင်ဇာဝင့်ကျော်ဝတ်စုံလိုပဲတဲ့။
အိုးပေါက် – ဘာလို့။

တုတ်ထိုး – တောက်တခေါက်ခေါက်နဲ့ ကြိတ်မနိုင်ခဲမရလုံးပမ်းပေးမယ့် ထိတို့ခွင့် လွယ်လွယ်မရတာ ခက်တယ်တဲ့။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။

တုတ်ထိုး – ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စကလည်းသင်ဇာဝင့်ကျော်ဝတ်စုံလိုပဲတဲ့။
အိုးပေါက် – ဘာလို့။

တုတ်ထိုး – ရေးရေးလေး မြင်ရပေမယ့် မျက်ဝန်းထင်ထင်တွေ့ရဖို့ မလွယ်ဘူးတဲ့ဗျာ။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။

တုတ်ထိုး – အဟိ။ ကျုပ်လည်း အွန်လိုင်းပေါ်မှာ ဖတ်ဖူးတာလေး ပြန်ပြောပြတာ။ ဟဲ ဟဲ ဟဲ။
အိုးပေါက် – ဒါဆို ကျုပ်လည်း ပြောတတ်ပါ့။ ကျုပ်တို့မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ သင်ဇာဝင့်ကျော်လို ဖြစ်စေချင်တာပဲ။

တုတ်ထိုး – ရေးရေးလေးပဲ မြင်ရလို့လား။
အိုးပေါက် – ဘယ်ကဟုတ်ရမှာလဲ။ သင်ဇာဝင့်ကျော်လို ပွင့်လင်းမြင်သာမှု ရှိစေချင်တာကို ပြောတာ။ ဟဲ ဟဲ ဟဲ။

တုတ်ထိုး – စကားတစ်ခု ကြားဖူးမှာပေါ့။ “ရွှေဘနောက်ပိုင်းပြန်လာမည်”ဆိုတာလေ။ ပထမပိုင်း ခံရမည်။ နောက်ပိုင်းပြန်ချမည် ဆိုတာလေ။
အိုးပေါက် – ကျုပ်တို့ ပြည်သူတွေကတော့ သမိုင်းတစ်လျှောက် အခံဘက်ကချည်းပဲ။

တုတ်ထိုး – ဆက်ပြီး အခံဘက်မရောက်ရအောင် ၂၀၂၀ မှာပြည်သူ့အကျိုး တကယ်ဆောင်ရွက်တဲ့ ပါတီကိုပဲ အစိုးရတင်မြှောက်ရမှာပဲဗျ။
အိုးပေါက် – ကျုပ် အမြင်တော့ဗျာ။ အရင်လူတွေ မကောင်းကြသလို အခုလူတချို့လည်း မကောင်းတာတွေ ပါနေတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတာပဲဗျ။

တုတ်ထိုး – အရင်လူတွေကိုတော့ ကျုပ် ဘယ်တော့မှ မဲမပေးတော့ဘူးဗျို့။ ကြည့်ပါလား သုမနကျောမှာ ဒဏ်ရာတွေချည်းပဲ။
အိုးပေါက် – တချို့ နောင်တတရားတွေနဲ့ ပြန်လာကောင်းပြန်လာမှာပါ။

တုတ်ထိုး – ကျားဥပုသ်စောင့်တယ်တို့၊ ခြင်္သေ့မြက်စားတယ်တို့ဆိုတာကို ကျုပ်တော့ မယုံရေးချ မယုံပါခင်ဗျာ။ ပြည်သူတွေကို ငတုံးငအလို့ မထင်ပါနဲ့ခင်ဗျာ။
အိုးပေါက် – ဟိုဘုန်းကြီးလည်း ခေါင်းခေါက်တာပဲ။ ဒီဘုန်းကြီးလည်း ခေါင်းခေါက်တာပဲ။

တုတ်ထိုး – ကျုပ်တို့တိုင်းပြည် ဖွတ်တက်တာထက်စာရင်ငှက်ဆိတ်တာက နည်းနည်းခံသာပါသေးသဗျ။ ဒီတော့ ငှက်ဆိတ်တာကိုပဲ ကြိတ်ခံရမှာပဲဗျို့။ ဒီအစိုးရထက်ကောင်းတာ၊ ဒီပါတီထက်ကောင်းတာ ပေါ်လာရင်တော့အဲ့ဒီပါတီကို မဲပေးမှာ အမှန်ပဲဗျို့။
အိုးပေါက် – ကျုပ်တို့သမ္မတကြီးလည်း ကြိုးစားပါသဗျ။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ဖမ်းမိနေတာတွေ ဖတ်ရတယ်။ တရားဥပဒေစိုးမိုးရေးတွေကိုလည်း လုံးပမ်းနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအကြီးအကဲပါပဲ။

တုတ်ထိုး – သနားစရာ သမ္မတကြီးပါဗျာ။
အိုးပေါက် – ဗျာ။ ဘာလို့တုန်း။

တုတ်ထိုး – ဖွဲ့စည်းပုံအရ နိုင်ငံတော်ရဲ့အကြီးအကဲဆိုပေမယ့် ကာ/ချုပ်ကို ရွေးချယ်ခန့်ထားခွင့် မရှိရှာဘူး။ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးဌာနတွေကို ခန့်ခွင့်မရှိဘူးဗျ။
အိုးပေါက် – ဆရာကောင်းသန့် ရေးသလို ကိုယ့်ကိုဂရုမစိုက်တဲ့ မယားပါသားတွေနဲ့ အတူနေရတဲ့ ဖခင်တစ်ဦးနဲ့တူနေတဲ့သမ္မတကြီးကို စာနာမိပါတယ်။

တုတ်ထိုး – ကိုင်း၊ သမ္မတကြီး ကျန်းမာပါစေဗျာ။ ။

LEAVE A REPLY

Please enter your comment!
Please enter your name here