နိုင်ငံတော်ထောက်ပံ့မှုမပါဘဲ ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တဲ့ ကချင်လူငယ်များ

2791

နိုဝင်ဘာ ၂၇

ဂျပန်နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ကရာတေး ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ၂ ခုရရှိခဲ့သည့် ကချင်လူငယ် ကရာတေးအားကစား အဖွဲ့ကို အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ငွေကြေးထောက်ပံ့မှုများ မရှိခဲ့ကြောင်း နည်းပြဖြစ်သူ ဦးယိန်းဘောမ်က ပြောသည်။

နိုဝင်ဘာ ၂၂က ဂျပန်နိုင်ငံတွင် ၄ နှစ် တစ်ကြိမ်ကျင်းပသည့် (၁၂)ကြိမ်မြောက် World open Karate Championship ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ကချင်ပြည်နယ်မှ ကစားသမား ၄ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ ၂ ဦး ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲတွက် ပြိုင်ပွဲဝင် ကလေး ၃ ဦးနှင့် ၎င်းအပါအဝင် ၄ ဦးအတွက် ကချင်ပြည်နယ် သံယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းမှ ကျပ်သိန်း ၆၀ ထောက်ပံ့ခဲ့ပြီး ကျန်ရှိမှုများကို အနီးဆွေမျိုးများ၏ ထောက်ပံ့မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရကြောင်း Zai wunpawng ကျို့ရှင်းကရာတေးကလပ်မှ နည်းပြဖြစ်သူ ဦးယိန်းဘောမ်က ပြောသည်။

“မြန်မာ အဖွဲ့ချုပ်တွေလည်း တစ်ယောက်မှ မထောက်ပံ့ဘူး၊ ပြည်နယ် အား/ကာရော မထောက်ပံ့ဘူး။ အနီးဆွေးမျိုးတွေ ၊ပိုက်ဆံရှိတဲ့ လောပန်းတွေဆီက အကူအညီ တောင်းရတာပေါ့။ ကေစီဘီစီဆိုတဲ့ အသင်းတော်ရှိတယ်။ အဲဒီအသင်းတော်ကလည်းထောက်ပံ့တယ်။ ပြောချင်တာက တစ်ယောက်တည်းကပဲ ထောက်ပံ့တာ မဟုတ်ဘူး။ ဟိုတစ်ယောက် နည်းနည်း၊ ဒီတစ်ယောက် နည်းနည်းစုလိုက်ပြီး သွားပြိုင်ဖြစ်တာပါ”ဟု ဦးယိန်းဘောမ်ကပြောသည်။

ယခုကဲ့သို့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့်အတွက် အမေရိကန် open နှင့် ရုရှား open ပြိုင်ပွဲများတွင်လည်း ဖိတ်ခေါ်မှုများ ရှိလာပြီး၊ သွားရောက်ယှဉ်ပြိုင်ရေးအတွက် ငွေရေးကြေးရေး အခက်အခဲရှိကြောင်းလည်း ဦးယိန်းဘောမ်က ပြောသည်။

“မြန်မာဆိုတာကို ကမ္ဘာက ပိုပြီးတော့ သိသွားပြီ။ကမ္ဘာ့ချန်ပီယံဖြစ်ပြီ ဆိုတော့၊ မြန်မာကို ပြိုင်ပွဲတွေတိုင်းမှာဖိတ်သွားပြီ၊ အရင်ကဆိုရင် ဖိတ်တာရှားတာပေါ့။ ဒါပေမဲ့ အဓိက ပိုက်ဆံခက်နေတယ်။ ကျွန်တော်တို့က ကိုယ်ထူကိုယ်ထ သွားရတာဆိုတော့၊ ငွေရေကြေးရေးမှာ ပြဿနာဖြစ်နေတယ်။ ကျန်တဲ့အပိုင်းကတော့ သိပ်ကိစ္စမရှိဘူး။ ငွေကြေးအဆင်ပြေရင်တော့ အမေရိကန်တွေအထိသွားပြိုင်လို့ ရတယ်။ အားကစားတိုင်းကို မြန်မာနိုင်ငံကိုယ်စားပြုပြီဆိုတာနဲ့တော့ သူတို့ဘက်က ထောက်ပံ့မှုတွေ လုပ်ပေးရင်တော့ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့၊ ကျွန်တော်တို့ ထရိန်နာ(Trainer)ဘဝဆို ပိုဆိုးတယ်။ ကျွန်တော်က ပိုက်ဆံလည်း ရှာရတယ်။ Trainerလည်း လုပ်ပေးရတယ်။ သူများနိုင်ငံဆို အဲ့လိုမဟုတ်ဘူး Trainerဆို Trainer လိုင်းပဲ။ တခြားဘာမှ ပူစရာမလိုဘူး”ဟု ဦးယိန်းဘောမ်က ပြောသည်။
မိမိတို့အနေဖြင့် နိုင်ငံခြားခရီးစဉ်များကို အစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကူညီထောက်ပံ့မှုမျိုးလိုလားကြောင်းလည်း ၎င်းက ထပ်မံပြောဆိုသည်။

“လေ့ကျင့်တဲ့ ပစ္စည်းတွေလည်း စုံစုံလင်လင်၊ သူများနိုင်ငံက၊ ကျွန်တော်တို့ဆီမှာက ကိုယ်ထူကိုယ်ထ ဝယ်ရတယ်။ မလုံလောက်တာတွေလည်းရှိတယ်။ ဖြစ်နိုင်ရင် လေ့ကျင့်ပစ္စည်းတွေ ပံ့ပိုးပေးတာမျိုး၊ နိုင်ငံခြားခရီးစဉ်သွားတဲ့အချိန် ကူညီပေးတာမျိုးဆိုရင်တော့ ကောင်းတာပေါ့။ အခုကျွန်တော်တို့သွားတယ်။ သူများတွေ သိလာတာက မြန်မာဆိုပြီးပဲ သိလာတာလေ၊ မြန်မာနိုင်ငံအလံကို အောင်ပွဲမှာ အတူတူခြုံပြီး အောင်ပွဲခံတယ်။ ဆုသွားယူတာပဲ”ဟု ဦးယိန်းဘောမ်က ပြောသည်။
မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ကချင်ပြည်နယ်မှ အလွတ်တန်းတွင် ကိုယာကု နှင့် ကလေးတန်းတွင် မောင်ဂျာလ၊ မဆန်မိုင်နူးနှင့် မောင်ဆိုင်းလတ်အောင်တို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဂျာလနှင့်ဆန်မိုင်နူးတို့သည် ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြပြီး ဆိုင်းလတ်အောင်သည် ငွေတံဆိပ် ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။

ကိုယာကုမှာ အလွတ်တန်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ရာ ပထမအဖွင့်ပွဲစဉ်တွင် ရိုမေးနီယား နိုင်ငံသားအား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ရွှေတံဆိပ်ဆုရသည့် ၂ ဦးအနက် မောင်ဂျာလသည် စစ်ရှောင်စခန်းတွင် နေထိုင်သူဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့ခြင်း ဖြစ်သည်။
ရွှေတံဆိပ်ဆုရ အဆိုပါ ကစားသမားအဖွဲ့တို့သည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး၊ မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here