ဇွန်၊ ၁၂
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် သင်တန်းတက်နေရတဲ့ တပ်သားသစ်တွေကို လိုအပ်ရင် အသက်စွန့်ကြဖို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်က တပ်သားသစ်တွေနဲ့တွေ့ဆုံချိန် အဲဒီလိုပြောခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာပါ။
ဗိုလ်ချုပ်တင်အောင်စန်းက စစ်ကောင်စီက နေ့စဉ်ရွတ်ဆိုနေတဲ့ သစ္စာအဓိဌာန်လေးချက်ရဲ့ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုထားကြောင်း“ ဆိုတဲ့ နောက်ဆုံးအချက်ကို ထည့်သွင်းပြောကြားတဲ့အပြင်
‘ရဲသော်မသေ သေသော်ငရဲမလား’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပေးတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လိုပြီး တိုက်ပွဲဝင်ဖို့အတွက်လည်း အမြဲသင့်ဖြစ်နေရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အခုသင်တန်းတက်နေတဲ့ တပ်သားတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ်ဝင်လာတဲ့သူတွေဖြစ်တဲ့ ဝမ်းပန်းတသာကြိုဆိုသလို စစ်သားဖြစ်တဲ့အတွက် ပေးတဲ့တာဝန်ကို ထမ်းဆောင်ရမယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာ တပ်သားသစ်တွေကို အဓမ္မစုဆောင်းနေသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ရွေးချယ်မှုတွေလုပ်ပြီး သင်တန်းသားသစ်တွေကို စုဆောင်းပေးနေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သင်တန်းတွေ မစခင်တုန်းက အဲဒီပြည်သူ့စစ်မှုထမ်းတွေကို သူတို့ရဲ့ နေရပ်တွေမှာပဲ တာဝန်ပြန်ချပေးထားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ဗိုလ်ချုပ်တင်အောင်စန်းက တပ်သားသစ်တွေကို ပေးတဲ့တာဝန်အပေါ် အသက်ပါပေးပြီး ကျေပွန်အောင်လုပ်ဖို့ ပြောဆိုလိုက်တာပါ။
စစ်တပ်က အငြိမ်းစားအရာရှိတစ်ယောက်ကတော့ အရင်တုန်းက တပ်သားသစ်တွေကို သင်တန်းပေးပြီးရင် တိုင်းစစ်ဌာနချုပ်အလိုက် ခွဲတမ်းနဲ့ပြန်ချထားပြီး တိုင်းစစ်ဌာနချုပ်တွေကမှတဆင့် သက်ဆိုင်ရာတပ်ရင်းတွေကို ပြန်ပို့ဆောင်တာဖြစ်တယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ရှင်းပြထားပါတယ်။
အခုအချိန်မှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ အပတ်စဉ် ၂ ကို ဖွင့်ပြီး သင်တန်းသားသစ်တွေကို သင်ကြားမှုတွေ ပြုလုပ်နေပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အဓမ္မတပ်သားသစ်အဖြစ် စုဆောင်းခံရတဲ့သူတွေကို ထွက်ပြေးနိုင်အောင် ကူညီဆောင်ရွက်ပေးနေပေမဲ့ မြေပြင်မှာတိုက်ပွဲဖြစ်ပွားချိန်တဲ့အချိန် စစ်ကြောင်းနဲ့အတူ ပါလာရင်တော့ တပ်သားသစ်တွေလည်း ချေမှုန်းခံရနိုင်တယ်လို့ ပြောဆိုထားပါတယ်။