ဖတ်လိုက်ရသော လီဆူပုံပြင်လေးတစ်ပုဒ်

0
2076
လီဆူပုံပြင်

ပန်းချီဦးလှတင်ထွန်းက ပန်းချီဆရာကြီးဦးမြတ်ကျော် ရာပြည့်ပွဲပြုလုပ်မည်ဟု ဆိုသည်။ ထို့နောက် ဦးမြတ်ကျော်၏ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီများကို တတ်နိုင်သရွေ့ရှာပေးရန် တာဝန်ပေးလာခဲ့သည်။ ထို့ကြောင့် လက်လှမ်းမီသမျှ မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ ပေဖူးလွှာ အစရှိသည့် မဂ္ဂဇင်းများကို ပြန်လှန်ရသည်။ ထိုသို့လှန်ရင်း လီဆူပုံပြင်လေးတစ်ပုဒ်ကို ၁၉၆၀၊ နိုဝင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် တွေ့လိုက်ရသည်။ ရေးသူက ယုဝတီဂျင်းဖေါမယ် ခေတ္တ-မေလိခမြစ်ဝှမ်းဟု ရေးထားသည်မှာ လွမ်းဖွယ်ကောင်းသေးတော့သည်။ ထိုအချိန်က ဆရာမကြီးသည် နယ်ခြားဒေသအုပ်ချုပ်ရေးဌာန၏ လစာမဲ့အပျော်တမ်း နယ်လှည့်စာရေးဆရာအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။

ဆရာမကြီးသည် လီဆူပုံပြင်လေးကို ငွေတာရီသို့မပို့ခင် စက်တင်ဘာလထုတ် မြဝတီမဂ္ဂဇင်းတွင်လည်း “ကျောင်းသုံးစာအုပ်များတွင် ခါကာဘိုရာဇီတောင်ကြီးကို မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ကြီးအဖြစ်ဖော်ပြသင့်ကြောင်း” တိုက်တွန်းသော အိမ်မက်ပမာဆောင်းပါးရှည်ကြီးကိုလည်း ရေးသားခဲ့သေးသည်။ထို့နောက်တွင်မှ သစ္စာရှင်မင်းသမီးလေး ဟူသော လီဆူပုံပြင်လေးကို ရေးသားခဲ့ခြင်းဖြစ်သည်။ထိုပုံပြင်ကို မူလာရှီဒီး စံပြရွာမှ သာသနာပြုဆရာကြီးဂျေအာမော့(စ်)ထံမှလား၊ ရဝမ်အမျိုးသားကြီး ဦးဖုန်းဇီးဖုန်ထံမှလား၊ သို့မဟုတ် လီဆူတိုင်းရင်းသားများထံမှလားတော့ မသိပေ။

ရှေးအခါ အလွန်ဒေါသကြီးသော လီဆူဘုရင်တစ်ပါးရှိခဲ့သည်။ ဘုရင်ကြီးတွင် အလွန်ချောမောလှပသော သမီးတော်လေးတစ်ပါးလည်း ရှိသည်။ တစ်နေ့ သမီးတော်လေးကို စောင့်ရှောက်ရသော အထိန်းတော်ကြီး၏ပေါင်မှာ ဖောရောင်လာခဲ့သည်။ ကြိတ်၍ကုသသော်လည်း မပျောက်ခဲ့။ ထိုအကြောင်းကို ဘုရင်ကြီးသိသောအခါ အထိန်းတော်ကြီးကို နယ်နှင်ဒဏ်ပေးခဲ့သည်။ မြို့ပြင်သို့ရောက်သောအခါ အထိန်းတော်ကြီး၏ ပေါင်အတွင်းမှ ဖားလေးတစ်ကောင်ကို ဖွားမြင်ခဲ့လေသည်။ အထိန်းတော်ကြီးနှင့် ဖားလေးသည် မြို့ပြင်တွင်ပင် နေထိုင်ခဲ့ကြသည်။ ကာလကြာသောအခါ အရွယ်ရောက်လာသောဖားလေးက သူ့ကို ဘုရင့်သမီးတော်လေးနှင့် လက်ထပ်ပေးရန် အတင်းပူဆာခဲ့သည်။

ပူဆာလွန်းမက ပူဆာသဖြင့် အထိန်းတော်ကြီးက ဘုရင်ကြီးကို သွားရောက်လျှောက်ထားခဲ့သည်။ ဘုရင်ကြီးက အမျက်ချောင်းချောင်းထွက်ပြီး သဘောမတူခဲ့ပေ။ ထိုအခါ ဖားလေးက အော်၍ရီတော့သည်။ ထိုအခါ နန်းတော်ကြီးသိမ့်သိမ့်ခါအောင်လှုပ်လာပြီး မြေသားများလည်း အက်ကွဲကုန်သည်။ ထို့နောက် ဖားလေးက ငိုကြွေးပြန်ရာ မိုးကြီးရွာချပြီး နန်းတော်ပါရေဖုံးလာခဲ့သည်။ ဘုရင်ကြီးလည်း မတတ်သာသည့်အဆုံး သဘောတူကာ လက်ထပ်ပေးလိုက်ရသည်။ မင်းသမီးလေးလည်း ငိုယိုကာ ဖားလေးနောက်သို့ လိုက်ပါသွားခဲ့ရသည်။ ဖားသတ္တဝါကို ယောကျ်ားတော်ရသည်ကို ရှက်ခဲ့သည်။

အစွမ်းရှိသော ဖားလေးသည် မင်းသားလေးယောင်ဆောင်၍ သူ့ဇနီး၏သစ္စာကို အမျိုးမျိုးစမ်းသပ်ခဲ့သည်။ မင်းသမီးလေးက “ခမည်းတော်လက်ဆက်ပေးသောသူကလွဲ၍ မည်သူနှင့်မျှ ကျူးလွန်ပေါင်းသင်းခြင်း မပြုလုပ်နိုင်”ဟူ၍သာ ငြင်းဆိုခဲ့သည်။ သို့သော် မကြာခဏကြုံနေရသဖြင့် မင်းသမီးလေးလည်း မသင်္ကာသဖြင့် ထိုမင်းသားလေးနောက်သို့ နောက်ယောင်ခံလိုက်သွားခဲ့သည်။ လမ်းတစ်နေရာတွင် ဖားအရေခွံကို တွေ့ခဲ့ရသည်။ မင်းသမီးလေးလည်း ထိုအရေခွံကို မီးရှို့လိုက်သည်။ ထိုအခါမှ ဖားအသွင်သို့ မပြောင်းနိုင်တော့သည့် မင်းသားလေးကို သူ၏လင်ယောကျ်ားမှန်း သိခဲ့ရလေတော့သည်။ ထို့နောက်ပိုင်းတွင် ဘုရင်ကြီးကွယ်လွန်ပြီးနောက် ၎င်းတို့သည် တိုင်းပြည်ကိုပျော်ရွှင်စွာ အုပ်ချုပ်ခဲ့ကြလေတော့သည်ဟူ၏။

ဆရာမကြီး ယုဝတီဂျင်းဖေါမယ်က “ထိုအချိန်မှစ၍ ယနေ့တိုင် သစ္စာရှင်မင်းသမီးလေး၏ သိက္ခာတော်ကို စောင့်စည်းပေးခြင်းဖြင့် ဂုဏ်ယူလိုကြရှာသော လီဆူလူမျိုးတို့သည် တစ်ဦးနှင့်တစ်ဦး ညာဝါးခြင်း၊ လိမ်လည်လှည့်ဖြားခြင်းများကို အထူးပင်ရှောင်ရှား၍ နေလာခဲ့ကြခြင်းဖြစ်သောဟူ၏”ဟု နိဂုံးချုပ်ခဲ့လေသည်။ မည်သို့ပင်ဆိုစေ ဆောင်းပါး၏သက်တမ်းပင် အနှစ် ၆၀ ပြည့်တော့မည်ကို သတိထားလိုက်မိသည်။ ထို့ပြင် “ပြည်ထောင်စုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို ဖော်ထုတ်သောအားဖြင့် မြန်မာ၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကယား၊ ဂျင်းဖော၊ ရခိုင်စသည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာပုံပြင်များကို လစဉ် ဖော်ပြပါမည်။ မည်သူမဆို မိမိတို့ကြားနာမှတ်သားဖူးသော တိုင်းရင်းသားရိုးရာ ပုံပြင်များကို ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်”ဟူသော အယ်ဒီတာ၏မှတ်ချက်ကိုလည်း လေးစားဖွယ် တွေ့ရှိရပါသည်။

“ပြည်ထောင်စု တိုင်းရင်းသားများဖြစ်သော လီဆူအမျိုးသားများမှာ ကချင်ပြည်နယ်ပူတာအို ဒေသတွင် နေထိုင်ကြသည်။ ထိုဒေသတွင် လီဆူအမျိုးသားများအပြင် ဒူလင်းဂျင်းဖော၊ ခန္တီးရှမ်းအမျိုးသား၊ ရဝမ်အမျိုးသား၊ တိဗက်အမျိုးသား စသည့်တို့လည်း နေထိုင်ကြသည်”ဟူ၍ လီဆူတိုင်းရင်းသားများကိုလည်း စာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သေးသည်။

ပန်းချီဆရာကြီး ဦးမြတ်ကျော်၏သရုပ်ဖော်ပန်းချီများကို များများရှာမတွေ့ခဲ့သော်လည်း တိုင်းရင်းသားအရေးကို ဦးစားပေးဖော်ပြသော ငွေတာရီမဂ္ဂဇင်းကိုတော့ သဘောကျမိသွားသည်။ လူထုပုံပြင်ဆရာကြီး လူထုဦးလှ၏ ကချင်ပုံပြင်များ (ပ+ဒု)နှင့် ရဝမ်ပုံပြင်စာအုပ်များသို့ စိတ်ကရောက် သွားခဲ့သည်။ တိုးတက်လာသော နည်းပညာများအောက်တွင် ပုံပြောအလေ့သည် ဆုတ်ယုတ်သွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အကြောင်းသင့်၍ ဖတ်လိုက်ရသော လီဆူပုံပြင်လေးကြောင့် လူကြီးမိဘများ အကြင်နာဓာတ်ဖြင့်ပြောလေ့ရှိခဲ့သော ပုံပြင်ပြောသည့် တစ်ခေတ်ကို လှမ်း၍ လွမ်းမိလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here