ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် ဆယ်ဦးခန့်သေဆုံးနိုင်ဟုဆို

707

ဖားကန့်၊ဧပြီ -၂ဝ

ဧပြီလ ၂ဝ ရက်နေ့ နံနက် ငါးနာရီခွဲလောက်က ဖားကန့်ကျောက်စိမ်းတွင်း ဒေသအတွင်း ပိုင်ဖြိုးသီဟ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီရဲ့ လုပ်ကွက်ကမ်းပါးပြိုကျခဲ့ပြီး ပြိုကျချိန်မှာ တစ်ပိုင်တစ်နိုင် ကျောက်တူးသူ ဆယ်ဦးခန့် သေဆုံးနိုင်‌ခြေရှိတယ်လို့ လွတ်မြောက်လာသူတစ်ဦး ပြောပါတယ် ။

ယင်းကမ်းပါးပြိုကျမှုကြောင့် မြေပိသေဆုံးသူ တစ်ဦး၏ အလောင်းကိုသာ ရှာဖွေတွေ့ရှိထားကာ ကျန်တာတွေကိုတော့ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး မေးမြန်းစုံစမ်းမှုအရ သုံးဦးလောက်သာ သေဆုံးနိုင်ကြောင်း ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးဉာဏ်လင်း အောင်ကဆိုပါတယ်။

ဖားကန့်ဒေသမှာ လုပ်ကွက်ကမ်းပါးပြိုကျမှု ၊ လုပ်ကွက်ဟောင်းနွံကန် ပွင့်ကျမှုများကြောင့် နှစ်စဉ် လူဦးရေ ရာချီသေဆုံးနေခဲ့ပြီး ယခုဧပြီလအတွင်းမှာပဲ နွံကန်ပွင့်ကျမှု နှစ်ကြိမ်နဲ့ ကမ်းပါးပြိုကျမှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

ဖားကန့်ရတနာနယ်မြေမှာ သက်တမ်းကုန်လုပ်ကွက်တွေ များပြားလာနေသော်လည်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက လျော့ကျသွားခြင်း မရှိတာကြောင့် ယခုလို အဖြစ်အပျက်တွေ ဆက်လက်ဖြစ်ပေါ်နေရတာလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ် ။

လက်ရှိအခင်း ဖြစ်ပွားခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်ဟာ သက်တမ်း ရှိ/မရှိဆိုတာကို ကျောက်စိမ်းရုံးက လွဲပြီး ဘယ်သူမှ မသိရတဲ့အတွက် စီစစ်ဖို့ ခက်ခဲနေတယ်လို့လည်း ရပ်မိရပ်ဖ တစ်ဦးက ဆိုပါတယ်။

ဇော်မိုးထက် (ဖားကန့် )

LEAVE A REPLY

Please enter your comment!
Please enter your name here