မင်းအောင်လှိုင်ကိုဖိတ်ခေါ်မှု တရုတ်နဲ့ မြန်မာကြား အဖုအထစ်ဖြစ်နိုင်တယ်လို့ တရုတ်ကို NUG အကြောင်းကြား

68

 

နိုဝင်ဘာ၊ ၅

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်ပြည်ဖိတ်ခေါ်တာနဲ့ ပတ်သက်လို့ တရုတ်နဲ့ မြန်မာလူထုကြား အဖုအထစ်ဖြစ်သွားမှာကို စိုးရိမ်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၅ ရက်နေ့ညနေပိုင်းမှာပြုလုပ်တဲ့ ဘုံသဘောထားရပ်တည်ချက်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောခဲ့တာပါ။

ဒီလိုမျိုးဖိတ်ကြားမှု၊ ဒီခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာပြည်သူလူထုကြား၊ တရုတ်မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်လို့ ခုစစ်ကောင်စီကိုပဲ မျက်နှာမူပြီးဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ဖြစ်နေတာဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကို ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်။လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်ကောင်စီတရုတ်ပြည်သွားမယ်လို့ သတင်းကြားပြီးတဲ့နောက် အဲဒီလိုအကြောင်းကြားစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဆီလိပ်မူပြီး ပေးပို့ခဲ့တာလို့ ဝန်ကြီးက ဆိုပါတယ်။

နောက်ပိုင်းမှာတော့ စစ်ခေါင်းဆောင်သွားတာဟာ နိုင်ငံတော်အဆင့် ဖိတ်ခေါ်လည်ပတ်မှုမျိုးမဟုတ်ဘဲ ဒေသတွင်းအဆင့် အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့သွားတဲ့အကြောင်း သတင်းစကားပြန်ရခဲ့တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မင်းအောင်လှိုင်ဟာ လာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကိုသွားဖို့ရှိနေတယ်လို့ စစ်ကောင်စီက မနေ့ကထုတ်ပြန်အပြီး ဒီနေ့မှာတော့ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကို ရောက်နေပြီလို့ စစ်တပ်ဝါဒဖြန့်သူတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီခရီးစဥ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို မင်းအောင်လှိုင်အနေနဲ့ ပထမဆုံးအကြိမ်သွားတဲ့ ခရီးစဥ်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့ဘက်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်က စစ်ခေါင်းဆောင်ကို အဲဒီလို ဖိတ်ခေါ်ချိန်မှာပဲ အနောက်ဘက် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယကလည်း နယူးဒေလီမြို့မှာ နိုဝင်ဘာလထဲ ပြုလုပ်မယ့် ဆွေးနွေးပွဲကို NUG အပါအဝင် တော်လှန်ရေးတပ်တွေကို ဖိတ်ခေါ်ထားပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here