အောက်တိုဘာ ၂၅
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်စဲရန်အတွက် ထာဝရတားဝရမ်း ထုတ်ပေးရန် မြစ်ကြီးနားခရိုင် တရားရုံးသို့ အောက်တိုဘာ ၂၅ ရက်နေ့က အထက်တန်းရှေ့နေ ဦးဖိုးဖြူက တရားလိုပြုလုပ်ကာ အမှုလျှောက်ထား တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ လျှောက်ထားတဲ့ အကြောင်းအရာကတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းဘုတ်ကို ဖြုတ်လိုက်တယ်။ ဒါပေမဲ့လို့ စီမံကိန်းက ဆက်လက်အကောင်ထည်ဖော်နေဆဲဘဲ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရတယ်။ ဒါကြောင့်မို့ တိုင်းရင်းသူ/သားတွေအနေနဲ့ရော ပြည်သူတစ်ရပ်လုံး အနေနဲ့ရော မြစ်ဆုံစီမံကိန်းရပ်စဲဖို့၊ ဒီဆည်ကြီး တည်ဆောက်နေမှုကို ရပ်ဆိုင်းဖို့၊ ဆန္ဒရှိကြတယ်။ ဒါကြောင့် မြစ်ကြီးနားခရိုင်တရားရုံးမှာ မြစ်ဆုံစီမံကိန်း ရပ်စဲဖို့အတွက် ထာဝရတားဝရမ်းကို လာရောက်လျှောက်ထား တရားစွဲဆိုတာဖြစ်ပါတယ်”ဟု အထက်တန်းရှေ့နေ့ ဦးဖိုးဖြူကပြောသည်။
၎င်းသည် မြစ်ဆုံဒေသရှိ ဒေသခံ ၃၀၂ ဦး၏ ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မြစ်ဆုံစီမံကိန်း ဆောင်ရွက်နေသည့် ကုမ္ပဏီ ၂ ခုကို တရားလိုပြုလုပ်ကာ အမှုလျှောက်တရားစွဲဆိုထားကြောင်း၊ တားဆီးမှုမပြုလုပ်ပါက တရားလိုများနှင့် ပြည်သူလူထု တစ်ရပ်လုံး အကြီးအကျယ် ထိခိုက်နစ်နာမည် ဖြစ်သောကြောင့် မြစ်ဆုံစီမံကိန်းရပ်စဲရန် ထာဝရတားဝရမ်း ထုတ်ပေးရန် လျှောက်ထားရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
“လျှောက်ထားခံရတဲ့လူတွေကတော့ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ SPIC ကုမ္ပဏီရယ်၊နောက်ပြီး တရားစွဲဆိုခံထားရတဲ့ထဲမှာ အေးရှားဝေါကုမ္ပဏီရောပါတယ်။ ဒီစီမံကိန်းကြီးကို အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီနှစ်ခုကို ကျွန်တော်တို့တရားစွဲဆိုတာဖြစ်ပါတယ်”ဟု အထက်တန်း ရှေ့နေ ဦးဖိုးဖြူ ကရှင်းပြပြောဆိုသည်။
ထိုသို့ အမှုလျှောက်ထားမှုအပေါ် မြစ်ကြီးနားခရိုင်တရားရုံးမှ တရားသူကြီးမှ ၎င်းအားဆင့်ခေါ်ကာ ယင်းအမှုကို လက်ခံရန်သင့်၊ မသင့် လာမည့်နိုဝင်ဘာ ၈ ရက်နေ့တွင် ဆုံးဖြတ်ရန် ရုံးချိန်း ချိန်းဆိုခဲ့ကြောင်း ၎င်းမှ သိရသည်။
“ဒီလိုတရားစွဲဆိုတဲ့အမှုကို ခရိုင်တရားသူကြီးက ဒီနေ့ပဲ ကျွန်တော်ကိုဆင့်ခေါ်ပါတယ် ဆင့်ခေါ်ပြီးတဲ့ အခါမှာ အဆိုလွှာကိုစိစစ်မယ်လို့ အကြောင်းပြန်ပါတယ်။ အဆိုလွှာ စိစစ်တာအတွက်ကို နောက်တစ်ပတ် ရုံးချိန်းမှာထုတ်ပြန်ပေးမယ် တစ်နည်းအားဖြင့်တော့ အမှုလက်ခံမယ်၊ လက်မခံဘူး ဆိုတာနဲ့ ပတ်သက်ပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျွန်တော်တို့ တရားစွဲဆိုတဲ့ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်စဲရေးအတွက် ထာဝရ တားဝရမ်းထုတ်ပေးရေး တရားစွဲဆိုမှုကို လက်ခံမယ် လက်မခံဘူး အမိန့်တစ်စုံတစ်ရာကို ထုတ်ပြန်ဖို့အတွက် ရုံးချိန်းလိုက်ပါတယ်”ဟု ဦးဖိုးဖြူက ပြောသည်။
မြစ်ဆုံစီမံကိန်း ရပ်စဲရေးအတွက် ထာဝရ တားဝရမ်းထုတ်ပေးရေးအတွက် ဒေသခံများက ဆန္ဒရှိနေကြပြီး ထိုသို့ ထုတ်ပေးအရေးအတွက်လည်း တောင်းဆိုကြောင်း ဒေသခံများက ပြောသည်။
မြစ်ဆုံစီမံကိန်း ဆိုင်းဘုတ်ဖြုတ်သွားသော်လည်း စီမံကိန်း ရပ်ဆိုင်းသည်၊ မရပ်ဆိုင်းသည်ကို တိတိကျကျမသိရှိရသေးကြောင်းနှင့် ဒေသခံပြည်သူလူထုအနေဖြင့် ထာဝရ တားဝရမ်းထုတ်ပေးရန် တောင်းဆိုလိုခြင်းကြောင့် ပါဝင်ရခြင်းဖြစ်ကြောင်း မြစ်ဆုံ၊ တန်ဖရဲ ကျေးရွာမှ ဒေသခံ ဦးဇော်လွမ်က ပြောသည်။
“ကျွန်တော်တို့ ရွှေ့ပြောင်းခံရတဲ့လူတွေက အရမ်းကို အခက်အခဲဖြစ်နေပါတယ်၊ စားဝတ်နေရေးတွေ ကြပ်တည်းလာတယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်လို့မရဘူး၊ နဂိုနေရာကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့မရဘူး။ အသွားအလာတွေအရမ်းခက်ခဲလာတယ်။ မြစ်ဆုံဆိုင်းဘုတ်သာ ဖြုတ်သွားတာ အထဲမှာက ဝင်ကြည့်လို့လည်း မရဘူး။ လုပ်နေဆဲလား၊ မလုပ်နေဆဲလား ပြည်သူတွေက လုံးဝမသိရဘူး။ ဖြစ်ချင်တာက ထာဝရတားဝရမ်းထုတ်ပြီဆိုလို့ ရှိရင် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေခွင့်ပေးပါလို့တောင်းဆိုချင်တယ်”ဟု ဦးဇော်လွမ်က ပြောသည်။
ပြန်လည် နေရာချပေးသည့် အောင်မြင်သာ ကျေးရွာတွင် နေထိုင်ရသော်လည်း စားရေး သောက်ရေး၊လယ်ယာ လုပ်ငန်းရေးနှင့် ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး များစွာ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟုလည်း အောင်မြင်သာကျေးရွာနေ ဒေါ်ဂျာတန်က ပြောသည်။
”အောင်မြင်သာမှာ နေရတာက ခုလောလောဆယ်က ထွက်ပေါက်မရှိတဲ့ သဘောဖြစ်နေတယ်။ ကျွန်မဆိုရင် အိမ်ထောင်ထဲမှာလည်းကျွန်မပဲ ဦးဆောင်နေရတာဆိုတော့ ကလေးတွေကိုရော ဘွဲ့တွေ ရတဲ့အထိ မသင်ပေးနိုင်ဘူးပေါ့။ ၁၀ တန်းတောင်မဖြေနိုင်ဘူးပေါ့ အဲဒါကြောင့် အရမ်းဒုက္ခရောက်ရတယ်၊ သားသမီးတွေလည်း ပညာရေး ဆုံးခန်းတိုင်အောင် မသင်ရဘူး ကျွန်မရော ကျန်းမာရေးမကောင်းဘူး။ ဒါကြောင့် ဘာစီးပွားရေးမှ မလုပ်နိုင်ဘူး။ အတတ်နိုင်ဆုံးတော့ အခုတင်ပြထားတဲ့ တရားစွဲချက်ကို သဘောတူပါတယ်။ တကယ်ပဲ ဒီ မြစ်ဆုံရေကာတာက ထာဝရ ရပ်ဆိုင်းသွားပါစေလို့ ကျွန်မ ဆန္ဒရှိပါတယ်”ဟု မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။
မြစ်ဆုံစီမံကိန်း တည်ဆောက်ပြီးပါက ခန့်မှန်းခြေထွက်ရှိမည့် လျှပ်စစ်မီဂါဝပ် ၆၀၀၀ မှ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိမည်ဖြစ်ပြီး၊ ကျန် ၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ရရှိမည်ဟု သဘောတူညီထားကြောင်းလည်း သိရှိရသည်။
အဆိုပါ မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရ သမ္မတဦးသိန်းစိန်က ၎င်းသမ္မတသက်တမ်းအတွင်း စီမံကိန်းကို ရပ်ဆိုင်းပေးခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်းပြန်လည်စတင်မည်ကို ဒေသခံများကစိုးရိမ်လျက် ရှိနေသည်။
မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၁၂ ခုနှစ်မှ စတင်ကာ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က ၈ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းဘုတ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက တရုတ်ကုမ္ပဏီမှ လာရောက်ဖြုတ်သိမ်းသွားခဲ့ကြောင်းလည်း ဒေသခံများမှ သိရသည်။
Salai/Ah Je