ယဉ်မတော်တဆမှုများအား လူမှုရေးအရ ဖြေရှင်းနေရသည့်အပြင် ဆရာဝန်အင်အား လုံလောက်မှု မရှိခြင်းကြောင့် အသက်ဆုံးရှုံးမှုများလည်း ရှိနေ

848
ယာဉ်မတော်တဆမှု

မြစ်ကြီးနားမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယာဉ်မတော်တဆမှု အများစုကို  လူမှုရေးအရသာ ဖြေရှင်းနေရသည့်အပြင် ဆေးရုံများတွင်လည်း ဆရာဝန်အင်အား လုံလောက်မှုမရှိသောကြောင့် အသက်ဆုံးရှုံးမှုများရှိနေကြောင်း နစ်နာသူမိသားစုများနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ယာဉ်မတော်တဆ ဖြစ်ပွားရာတွင် များသောအားဖြင့် ယာဉ်မောင်းသူများမှာ အရက်သေစာ သောက်သုံးကာ ယာဉ်မောင်းသောကြောင့် ယာဉ်တိုက်မှုများပြားနေခြင်း ဖြစ်သည့်အပြင် ဆေးရုံဆေးခန်းများတွင်လည်း ဆရာဝန်အင်အား လုံလောက်မှုမရှိသောကြောင့် အသက်သေဆုံးသွားရသည့် လူနာများလည်းရှိကြောင်းကို ပရဟိတ လူငယ်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

များသောအားဖြင့် ယာဉ်တိုက်မှု ဖြစ်ရင် အရက်မူးပြီး အရှိန်နဲ့ မောင်းလို့ ဖြစ်တာများတယ်။ လမ်းဆုံမှာတွေ ကားနဲ့ ဆိုင်ကယ်နဲ့ ဖြစ်တာတွေများတယ်။ အဲ့ဒီထဲမှာမှ သေဆုံးသူက (၁၀) အထက်ရှိတယ်။ တစ်ချို့တွေက ဆေးရုံရောက်မှ ဆုံးကြတာတွေလည်း ရှိတယ်။ ဆေးရုံမှာက ဆရာဝန်တွေ သူနာပြုတွေမလောက်ဘူး။ မြစ်ကြီးနားဆေးရုံကြီးမှာဆို ပိုဆိုးတယ်။ အဲ့ဒီတော့ ဆေးရုံရောက်ရင်လည်း ဆုံးသွားတာတွေ ရှိတယ်။ အဲ့ဒါကြောင့် တစ်ချို့ တတ်နိုင်တဲ့ သူတွေက ပုဂ္ဂလိက ဆေးရုံသွားကြတယ် လို့ ပရဟိတ လူငယ်က ဆိုသည်။

ယခုကဲ့သို့ အချိန်ကာလမျိုးတွင် ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့သော်လည်း လူမျိုးရေးအရသာဖြေရှင်းနေရကြောင်း ဧပြီလ () ရက်နေ့က မော်ဖောင်းကျေးရွာ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ၏ မိသားစုဝင်တစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။

ရဲစခန်းသွားရင်လည်း လူမှုရေးနဲ့လုပ်မလား တရားရေးနဲ့ လုပ်ရင် အမှုကြီးသွားမယ်။ သေတဲ့သူကလည်း သေပြီဆိုတော့ လူမှုရေးနဲ့ပဲ လုပ်လိုက်ရအောင်ပြောလို့ လူမှုရေးနဲ့ပဲ ပြီးသွားတယ်။ တိုက်တဲ့သူဘက်က သိန်း ၁၂၅ တော့ပေးတယ်။ အသုဘအတွက်လား ဆေးရုံစရိတ်လားတော့မသိဘူး။ အသက် () နှစ်အရွယ်ကလေး နဲ့ အဖေဖြစ်သူက ဆုံးသွားတယ်။ မိန်းကလေး နှစ်ယောက်က ခုထိ မြစ်ကြီးနားဆေးရုံမှာ။ တစ်ယောက်က လက်နှစ်ဖက်လုံး ကျိုးသွားတယ်။ နောက်တစ်ယောက်က အောက်စီဂျင် ရှူနေရတယ်ဟု အထက်ပါမိသားစုဝင် တစ်ဦးက ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင်း၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းတစ်သင်း၏ စာရင်းပြုစုချက်အရ ဇန်နဝါရီလ မှ ယနေ့ဧပြီလထိ ယာဉ်တိုက်မှုပေါင်း (၆၇) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ဤစာရင်းသည်  လူမှုကယ်ဆယ်ရေးအသင်းတစ်သင်း၏ စာရင်းသာဖြစ်ပြီး ယင်းထက်ပိုမိုများပြားနိုင်သည်။

မြစ်ကြီးနားမြို့နယ်အတွင်း ယာဉ်တိုက်မှုများမှာ မကြာခဏဖြစ်ပွားလျက်ရှိသောကြောင့် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာပေးကြရန်အတွက် ပရဟိတလူငယ်များက တောင်းဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here