စစ်အာဏာသိမ်းပြီးနောက် ခြံစိုက်ခင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ အရှုံးပေါ်

579
မြစ်ကြီးနားမြို့_ခြံစိုက်ခင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ အတွင်းရှိ ခြံလုပ်ငန်းဖြင့်အသက်မွေးသူများနှစ်နှစ်ဆက်တိုက် အရှုံးပေါ်နေရကြောင်း စိုက်ခင်းပိုင်ရှင်များကမြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ရောဂါပျံပွားမှု အခြေအနေများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများပိတ်ခြင်းတို့‌ကြောင့် ရောင်းအားကျသည့် အပြင် ရာသီဥတု ဖောက်ပြန်ခြင်း တို့ကြောင့်လည်း စိုက်ပျိုးသီးနှံများ ပျက်စီးကာ အရှုံးပေါ်နေရကြောင်း အခင်းရှင်များထံက သိရသည်။

“ဒီနှစ်ခြံလုပ်တာ အဆင်မပြေပါဘူး။ ဆေးဝယ်ရတာနဲ့ သီးနှံထွက်တာနဲ့ မကိုက်ဘူးပေါ့။အရှုံးပေါ်တာပေါ့။ မနှစ်ကတော့အသီးက တအားထွက်တာ၊  ရာသီဥတုကလည်း ကောင်း၊အသီးကတအားရတယ်။ ဒါပေမယ့်အရေးတော်ပုံကြောင့် ကိုဗစ်ကြောင့် လမ်းကြောင်းတွေပိတ်လိုက်တာကြောင့် အများကြီး အရှုံးပေါ်တယ်။ ဒီနှစ်က ရာသီဥတုဒဏ်ကြောင့် အရှုံးပေါ်တာပေါ့။နှစ်နှစ်လောက်ရှိပြီ ဆက်တိုက် အဲလိုအရှုံးပေါ်တာ။ ” ဟု ဝိုင်းမော်မြို့နယ်မှ ခရမ်းချဉ်သီး စိုက်ပျိုးသူအခင်းရှင်တစ်ဦးကပြောသည်။

အခင်းရှင်များ အရှုံးပေါ်ရခြင်းသည် နိုင်ငံရေးနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း၊အာဏာမသိမ်းခင်နှစ်များတွင် အရင်းနှီးငွေနှင့် လုပ်အားခများတွက်ပြီးလျှင် သိန်း ၂၀ ဝန်းကျင်ခန့်စုမိကြပြီး မိသားစုစားဝတ်နေရေး ပူပန်စရာမလိုကြောင်း အခင်းရှင်များက‌ပြောသည်။ နိုင်ငံရေးကြောင့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ စရှိသည့် စိုက်ပျိုးရေးသုံးဆေးဝါးများနှင့်ဓာတ်ဆီဈေးများလည်း ဈေးအဆမတန် မြင့်မားတက်လာခြင်းတို့ကြောင့် ၎င်းတို့အနေဖြင့်
အရှုံးပေါ်ရခြင်းဖြစ်ကြောင်းလည်း  အခင်းရှင်များက ပြောသည်။

“နိုင်ငံရေးကြောင့်၊ ကိုဗစ်ကြောင့် လမ်းတွင်ပိတ်ပြီး အဆင်မပြေဘူးပေါ့ဒီနှစ်ဆိုပိုဆိုးတယ်။ မနှစ်က
၃,၀၀၀ လောက်ဝယ်ရတဲ့ဆေးထုပ်က ဒီနှစ်ဆို ၆,၀၀၀၊ ၇,၀၀၀ နဲ့ဝယ်ရတယ်။ ဆေးဖိုးနဲ့ သုံးရတဲ့
မြေဩဇာတွေ၊ ဓာတ်ဆီဝယ်ရတာ ဈေးများတာတွေရော အများကြီးသက်ဆိုင်တယ်လေ အရှုံးပေါ်ရတာ။ဈေးကတစ်ဆမကဘူး နှစ်ဆလောက်ကိုတက်သွားတယ်။ ကွန်ပေါင်းတွေဆို မနှစ်က ၃၀,၀၀၀၊ အခုဆို
၁သိန်းလောက်ရှိနေတယ်။” ဟု အခင်းရှင်တစ်ဦးကပြောသည်။

ထို့အပြင် မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာက အခင်းလုပ်ကိုင်နေသည့် တောင်သူတစ်ဦးကလည်း “စိုက်ပျိုးရေးသုံး ပစ္စည်းတွေဟာ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး တစ်နေ့တစ်ခြား ဈေးတွေကမြင့်တက်လာတာနဲ့ ဈေးကောင်းမရရှိတာက တော်တော်လေး ဒုက္ခပေးပါတယ်။ စျေးတွေကထက်၀က်လောက်ကို တက်ကုန်တာ။ ဒီနှစ်ကတော့ အမြတ်ရဖို့ နေနေသာသာ မရှုံးဖို့၊ စားလောက်ဖို့ကိုမနည်းလုပ်နေရတာ” ဟုလည်း ပြောသည်။

စိုက်ပျိုးသီးနှံများကို ကုန်သွယ်လမ်းကြောင်းများပိတ်ထားခြင်းတို့ကြောင့် အခြားဒေသများသို့ပို့ဆောင်‌ရောင်းချ နိုင်ခြင်းမရှိခြင်းသာမက မြို့နယ်အတွင်း၌လည်း ဝယ်ယူစားသုံးသူများနည်းပါးကြောင်းလည်းသိရသည်။
ဒါ့အပြင် နိုင်ငံရေးနှင့် ရောဂါကြောင့် အ‌ခြားဒေသတို့အလုပ်သွားရောက် အလုပ်လုပ်ကိုင်ခြင်းမရှိတော့ဘဲ လုပ်ငန်းများရပ်နားသူများက မိသားစုစိုက်ခင်းများကိုအားစိုက်ပြုလုပ်သူများပြား လာရခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု အခင်းရှင်တစ်ဦးကပြောသည်။

“အခုကနိုင်ငံရေးတွေရော၊ ရောဂါတွေရောဆိုတော့ ဘယ်မှသွားလို့မရ ကြဘူးဆိုတော့ ဒီမှာပဲခြံပဲလုပ်စားကြ၊ အလုပ်မရှိတော့ သူလည်းခြံစိုက်၊ ကိုယ်လည်းခြံစိုက်ဆိုတော့ အဲဒီလိုဖြစ်သွားတယ်လေ။တောင်သူပိုများလာတယ်။ လယ်သမားတွေထက် ခြံသမားကပိုများတာလေ။ တခြားကုန်ဈေးနှုန်းကအကုန်တက်ပြီး ကျွန်မတို့စိုက်တဲ့ဟာတွေပဲမတတ်တာဟုတ်တယ်။” ဟု ဝိုင်းမော်မြို့နယ်အခင်းရှင်အမျိုးသမီးက ပြောသည်။

ယခုနှစ်သည် စိုက်ပျိုးရေးသုံးပစ္စည်းများ စျေးတက်ပြီး ယခင်နှစ်များများအတိုင်း အလုပ်အကိုင်လည်း
မဖြစ်ထွန်းသဖြင့် နေ့စဉ်ဝင်ငွေ လျော့ကျခဲ့ကာ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်
နေရကြောင်းလည်း စိုက်ခင်းပြုလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here