ချီဖွေမြို့နယ်၊ ချမ်းမော်ခုန်းဒေသ၊ထွန်းရှိန်ကျေးရွာ၊ ဂျိတ်ဂျောကျေးရွာ နှင့် နိုဇွန်ဘော်ကျေးရွာအတွင်း မြေရှားသတ္တု(Rare Earth) ရှာဖွေစမ်းသပ်မှု မပြုရန် ဒေသခံများ လိုလား

929
မြေရှားသတ္တု-ချီဖွေမြို့

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁) အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ချီဖွေမြို့နယ်၊ ချမ်းမော်ခုန်းဒေသ
ထွန်းရှိန်ကျေးရွာ၊ ဂျိတ်ဂျောကျေးရွာ နှင့် နိုဇွန်ဘော်ကျေးရွာအတွင်း မြေရှားသတ္တု(Rare Earth)
ရှာဖွေစမ်းသပ်မှုကို လာရောက်မပြုလုပ်ကြရန် ဒေသခံများက တောင်းဆိုနေကြောင်း သိရသည်။

အဆိုပါဒေသအတွင်း စမ်းသပ်တွေ့ရှိပြီး တူးဖော်မှုများ ပြုလုပ်လာပါက ယင်းဒေသရှိသဘာဝသယံဇာတများ၊ လယ်ယာမြေများ၊ ရွှေ့ပြောင်းတောင်ယာများ ပျက်စီးဆုံးရှုံးသွားမည်ဖြစ်သည့်အပြင် နိုဇွန်ဘော် အ.ထ.က ကျောင်းနှင့် တိုက်နယ်ဆေးရုံတို့အပါအဝင် ဒေသတစ်ခုလုံးလည်းပြောင်းရွှေ့ခံရနိုင်ခြေရှိသည့်အတွက် ဒေသခံများက ကန့်ကွက်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ထွန်းရှိန်နဲ့ နိုဇွန်ဘော်မှာ မြေရှားသတ္တု လာရောက်စမ်းသပ်ဖို့ လာကြတယ်။ အဲဒါကို ရွာသားတွေကမစမ်းသပ် ခိုင်းစေချင်ဘူး။ စမ်းသပ်ပြီး တွေ့တယ်ဆိုရင် လုပ်ရမယ်။ စမ်းသပ်ပြီး တွေ့ပြီဆိုရင်တူးဖော်ရတော့မယ်။ ရွာကလည်း အကျယ်ကြီးမဟုတ်ဘူး။ နေရာဒေသကလည်းကျဉ်းကျဉ်းလေးဆိုတော့ အဲဒါမြေရှားသတ္တုကို ရှာဖွေစမ်းသပ်တာ မပြုလုပ်စေချင်ဘူးပေါ့။”ဟုသတ္တုတူးဖော်ခြင်းကို ကန့်ကွက်လိုသူ ကော်မတီအဖွဲ့ဝင် တစ်ဦးက ဒေသခံများကိုယ်စားပြောသည်။

လက်ရှိအချိန်တွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေခြင်းကို ကန့်ကွက်နေသူများနှင့်သဘောတူညီသူများဟူ၍ နှစ်ဖွဲ့ကွဲကာ ပြဿနာဖြစ်နေကြချိန်ဖြစ်ပြီး စမ်းသပ်ချက်ပြုလုပ်ရန်ပြည်သူ့စစ်အဖွဲ့အချို့က တရုတ်လုပ်ငန်းရှင်များကို ခေါ်ကာ လာရောက်ကြည့်ရှုနေကြကြောင်းလည်းသိရသည်။

“ကျွန်တော်တို့ဒေသမှာ မလုပ်သင့်ဘူးဆိုပြီးကန့်ကွက်တယ်၊ ကန့်ကွက်တဲ့အဖွဲ့ကလည်း တောက်လျှောက်
ကန့်ကွက်နေတယ်။ စည်းရုံးတဲ့အဖွဲ့ကလည်း လာပြောကြည့်လိုက် ကန့်ကွက်နေတော့နောက်ပြန်ဆုတ်သွားလိုက်၊ တစ်ပတ်နှစ်ပတ်နေ၊ တစ်လလောက်ကြာရင် ပြန်လာစည်းရုံးလိုက်ကန့်ကွက်တဲ့အဖွဲ့နဲ့ စကားပြန်များလိုက်နဲ့ အဲဒီလိုအချိန်ကတော်တော်ကြာ ခဲ့ပြီ။ ရွာသားအများပိုင်းကလက်မခံဘူး” ဟု သတ္တုတူးဖော်ခြင်းကို ကန့်ကွက်လိုသူကော်မတီအဖွဲ့ဝင် တစ်ဦးကဒေသခံများကိုယ်စားပြောသည်။

မြေရှားသတ္တုရှာဖွေစမ်းသပ်သူများသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းကပင် ရွာအတွင်းသတ္တုစမ်းသပ်လိုကြောင်း ကျေးရွာအတွင်း လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ အချို့ရွာသားများကပိုက်ဆံအတွက်  အခွင့်အလမ်းဟုမြင်ကာ ထောက်ခံခဲ့ကြသော်လည်း ပန်ဝါဒေသဘက်သို့ သွားရောက်ကာသတ္တုလုပ်ငန်းလုပ်ကိုင်ဖူးသူ ရွာသားအချို့နှင့် ဒေသကိုချစ်မြတ်နိုးသည့် ဒေသခံအချို့တို့ကထိုလုပ်ငန်းသည် ဒေသအတွက် အကျိုးမဖြစ်ထွန်းနိုင်ကြောင်းသိရှိ၍ ကန့်ကွက်နေကြကြောင်းဒေသခံများ၏ ပြောကြားချက် အရသိရသည်။

“ကန့်ကွက်တဲ့လူတွေကလည်း ကန့်ကွက်နေကြတယ်။ ပြီးတော့ ဒေသခေါင်းဆောင်တွေကိုကျွန်တော်တို့ပြောထားတယ်၊ အခုကန့်ကွက်နေတဲ့နေရာမှာ မြေရှားသတ္တုမရှာဖို့၊ ရှာဖွေစမ်းသပ်မှုမလုပ်ဖို့၊ကျွန်တော်တို့ ဒေခေါင်းဆောင်တွေကတစ်ဆင့် အဲဒီသတ္ထုရှာဖွေချင်တဲ့အဖွဲ့တွေကို ပြောပေးဖို့ပြောထားတာရှိတယ်။” ဟုလည်း အထက်ပါကော်မတီဝင် က ဆိုသည်။

ထိုသို့ ကျေးရွာအတွင်း အဖွဲ့ကွဲကာ မငြိမ်မသက်ဖြစ်နေချိန် ဧပြီလ (၁၁) ရက်နေ့ နံနက် (၉) နာရီခန့်တွင်လဂွေကျေးရွာက ပြည်သူ့စစ်(၆)ဦးသည် သတ္တုတူးဖော်ခြင်းကို ကန့်ကွက်နေသူ ဦးယော်ဇုန်းအားရွာအတွင်းလာရောက် ရိုက်နှက်ဖမ်းဆီးကာ လဂွေကျေးရွာ ပြည်သူ့စစ်စခန်းသို့ ခေါ်ဆောင်သွားကြောင်းဒေသခံတစ်ဦးက ပြောသည်။

“မြေရှားသတ္တု ရှာဖွေ စမ်းသပ်မှုကို ကန့်ကွက်နေတဲ့အဖွဲ့ ဝင်ဖြစ်ပြီး ထွန်းရှိန်ကျေးရွာရဲ့ (၁၀)အိမ်မှူးလည်း ဖြစ်သူကို ဘောမ်တိန့်နဲ့ ကျန်းယိန်းက ဆိုင်ကယ်ပေါ်ကဆွဲချ ရိုက်နှက်ပြီးလဂွေပြည်သူ့စစ်စခန်း ဆီကို ပို့လိုက်တယ်”ဟု ဒေသခံအမျိုးသားကဆိုသည်။

ထို့ကြောင့် ဧပြီလ (၁၁)ရက်နေ့က ၎င်း၏ အိမ်သူ/သားများနှင့် မြေရှားသတ္တုတူးဖော်ခြင်းကိုကန့်ကွက်နေသည့် အဖွဲ့က နယ်ခြားစောင့်တပ်သို့ သွားရောက်ကာ ဖမ်းဆီးခံရသူကိုအမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြေရှားသတ္တု စမ်းသပ်ရှာဖွေမှု ပြုလုပ်နေသည့်အဖွဲ့ကို တားမြစ်ပေးရန်တိုင်ကြားထားခဲ့ကြောင်းသိရသည်။

ထို့အပြင် မြေရှားသတ္တုတူးဖော်ခြင်းကို ကန့်ကွက်လိုသူကော်မတီနှင့် ကျေးရွာအုပ်ချုပ်ရေးဆိုက်တို့ပူးပေါင်းကာ မြေရှားသတ္တူရှာဖွေ စမ်းသပ်မှုကို လုံးဝ မပြုလုပ်ရန်၊ ပြုလုပ်မည်ဆိုပါကလည်းအခြားဒေသသို့ သွားရောက်လုပ်ဆောင်ကြရန် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ကြောင်းလည်းသိရသည်။

“အခြားနေရာဒေသပေါ့၊ တရားမဝင်မှန်းတော့သိနေတယ်။ ဒါပေမယ့်ရွာသားတွေ ခွင့်ပြုတဲ့နေရာဒေသ၊
ရွာနဲ့ဝေးတဲ့ နေရာဆိုတော့ လုပ်ရင်လုပ်ပေါ့။ ဒါတွေက သူတို့(ရွာသား)နဲ့မဆိုင်ဘူး။ ဒါပေမယ့်
အဲဒီနေရာဒေသက လုံးဝလုပ်လို့မရတဲ့ နေရာဒေသဖြစ်နေတယ်။ အခုသူတို့ လုပ်ချင်နေတာက
အဲဒီချောင်းနှစ်ချောင်း (သတ္တုမထွက်တဲ့နေရာနားကချောင်း)ရဲ့ ထိပ်ပိုင်းမှာဟုတ်တယ်” ဟု
ဒေသခံအမျိုးသားက ဆိုသည်။

အဆိုပါ ချောင်းနှစ်ချောင်းက စီးကျလာသည့် ရေကို လယ်ယာ၌အသုံးချခြင်း၊ ကျေးရွာတစ်ခုလုံးသောက်သုံး နေသည့်အပြင် အ.ထ.က နိုဇွန်ဘော်ကျောင်းမှာလည်းသုံးစွဲနေသည့် ချောင်းရေလည်းဖြစ်သောကြောင့် မြေရှားသတ္တု တူးဖော်လိုက်မည်ဆိုပါက ချောင်းရေကို သုံးစွဲခွင့်ရရှိတော့မည်မဟုတ်သဖြင့် ကန့်ကွက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

သတ္တုတူးဖော်မည့် ယင်းနေရာများ၌ သစ်ကြားသီးခြံများ ရွှေ့ပြောင်းတောင်ယာခင်းများ၊ ရှော့ကော်၊ ပါကော်ခြံခင်းများလည်းရှိသည့်အပြင် ကျွဲ၊ နွား တိရစ္ဆာန်စားကျက်မြေများလည်းရှိသည့်အတွက် ထိုနေရာများပျက်စီးဆုံးရှုံးသွားနိုင်သဖြင့် ကန့်ကွက်နေခြင်း ဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သည့် မတ်လ (၂၇) ရက်နေ့က ဒေသအသီးသီး ပြည်သူလူထုကိုယ်စားကန့်ကွက်လိုသူကော်မတီက အဆိုပါကျေးရွာ (၃)ခုရှိအုပ်ချုပ်ရေးမှူးသို့ထံမြေဆီရှာဖွေလေ့လာစမ်းသပ်ရန် စတင်လာသည့်နေ့မှစပြီး စမ်းသပ်လိုသူအဖွဲ့နှင့်ကန့်ကွက်လိုသူအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲသွားသည့်အထိ အငြင်းအခုံ ပဋိပက္ခပေါ်ပေါက်လာသည့် အတွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သက်ဆိုင်ရာအထက်ဌာနသို့ သတင်းပို့ တိုင်ကြားပေးရန်တိုင်ကြားစာ ပေးပို့ခဲ့ဖူးကြောင်းလည်း သိရသည်။

ထို့အပြင် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊
ပန်ဝါဌာနချုပ်၏ ၂၅ – ၉ – ၂၀၁၈ ရက်စွဲပါစာအမှတ် ၀၀၀၆/သတ္တုဖွံ့ဖြိုးရေး/၂၀၁၈)ရည်ညွှန်းပါစာဖြင့် ထုတ်ပြန်ချက် (၂/၂၀၁၈) ပါအကြောင်းအရာတွင်-
“မြေရှားသတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကို မျက်မှောက် ပန်ဝါဒေသ ပတ်ဝန်းကျင်အတွင်း
တူးဖော်ထုတ်လုပ်နေမှုကိုသာ လုပ်ငန်းများပြီးသည့်အထိ ဆောင်ရွက်ကြရမည်။ အခြားသော
နယ်‌မြေများဖြစ်သည့် ချန်းမိုးခုန်းဒေသ၊ ချီဖွေဒေသ၊ ဆော့လော်ဒေသ၊ တမှုခုန်းဒေသ၊ ရှငေါ်ခုန်းဒေသ၊
မန်ဒေါင်ဒေသ၊ မန်ဝင်းဒေသများသို့ လုံးဝ(လုံးဝ) လုပ်ငန်းသွားရောက်လုပ်ကိုင်ခြင်းမပြုရန်
ဒေသခံပြည်သူလူထုများ၏ တောင်းဆိုမှုကို လိုက်နာပေးကြရမည်”ဟု ဖော်ပြပါရှိသည့်အတိုင်း
ချန်းမော်ခုန်းဒေသအတွင်း မြေဆီရှာဖွေ စမ်းသပ်မှုမပြုလုပ်ရန် တားမြစ်ကန့်ကွက်ကြောင်း
ထုတ်ပြန်စာကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

မြေရှားသတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းထုတ်ပြန်ချက်

အဆိုပါမြေရှားသတ္တု(Rare Earth) ကို ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် အထူးဒေသ (၁)
၏ နေရာဒေသ အနှံအပြားတွင် တူးဖော်ကြပြီး အများဆုံးတူးဖော်သည့်နေရာသည် ပန်ဝါဒေသနှင့်ကန်ပိုင်တီ ဒေသများတွင်ဖြစ်ကြောင်းနှင့် တူးဖော်ရရှိလာသည့် ထိုမြေရှားသတ္တုအားလုံးကိုတရုတ်နိုင်ငံက ယူဆောင်သွားကြောင်း သိရသည်။

တောတောင်များထဲ၌ရှိသော မြေရှားသတ္တုကို ဒေသအုပ်ချုပ်ခွင့်ရသူများက တရုတ်လုပ်ငန်းရှင်များနှင့်
ပူးပေါင်းကာ ထုတ်ယူနေကြောင်းလည်းသိရသည်။ မြေရှားဒြပ်စင်သတ္တုထုတ်လုပ်ရာတွင် အဆင့်အားဖြင့် ပထမဦးစွာ တောတောင်များကို ရှင်းလင်းခြင်း၊ရေဘုံပိုင်ရိုက်သကဲ့သို့ အချင်းခြောက်လက်မပတ်လည်ခန့်ရှိသည့် ကျင်းကို အနက် ၁၂ မီတာခန့်အထိတူးခြင်း၊ ကျင်းထဲသို့ တွဲဖက်ဓာတ်ဆေးအဖြစ် အမိုနီယမ်ဆာလ်ဖိတ် (NH4)2 SO4 များနှင့် အခြားchemical Compound ရောထားသည့် အက်စစ်ရည်များကို ထည့်ခြင်းများပြုလုပ်ပြီး ထိုကျင်း၏အောက်တွင် ဂလှိုဏ်ဖောက်ကာ သတ္တုရည်များကို သိုလှောင်ကန်ထဲ သွယ်ထည့် သိုလှောင်ရခြင်း
ဖြစ်သည်။

ထို့အပြင်ထပ်ဆင့်၍ ရရှိလာသည့် နို့နှစ်ရောင် သတ္တုအရည်များကို အနေထိုင်စေပြီး ရရှိလာသည့်အနှစ်များကို အခြောက်ခံကာ ခြောက်သွားပြီဆိုပါက အိတ်ထဲတွင်ထည့်ပြီး ကားပေါ်တင်ကာတရုတ်ပြည်သို့ ယူဆောင်သွားကြကြောင်း သတ္တုတူးဖော်ရေးတွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသူများထံကသိရသည်။

မြေရှားသတ္တုသည် မြေကြီးအတွင်းမှ ဒြပ်စင်ပေါင်း (၁၄) မျိုးပါဝင်သည့် သတ္တုတစ်မျိုး ဖြစ်သည့်အပြင်
ကမ္ဘာ့မျက်နှာပြင်ပေါ်က ရှားပါးသည့် ပစ္စည်း (၂၅) မျိုးထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ကာလူသားများနေ့စဉ် အသုံးပြုနေသည့် လျှပ်စစ်ဓာတ်ဖြင့် အသုံးပြုရသည့် ပစ္စည်းအားလုံးပြု လုပ်ရာတွင်အဓိကပါဝင်သော သတ္တုတစ်မျိုးဖြစ်သည်ဟု အစိမ်းရောင်အလင်းတန်း သုတေသနပြုလုပ်သည့်အဖွဲ့ကတာဝန်ရှိသူတစ်ဦးက လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ဖြေကြားခဲ့ဖူးသည်။

သတ္တုထုတ်ယူပြီးသောမြေပေါ်၌ မြေဆီလွှာမရှိခြင်းကြောင့် တော၊ တောင်အားမှီခိုနေရသည့်ဒေသခံပြည်သူများ အနေဖြင့် စိုက်ပျိုးလုပ်ကိုင်စားသောက်ခြင်းကို ဆောင်ရွက်ရတော့မည်မဟုတ်သည့်အတွက် ကန့်ကွက်နေကြခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here