နန်းမျိုးမြတ်နှင်း ရေးသားသည်။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာရှိတဲ့ ရွာလေးတစ်ရွာမှာ ဈေးဆိုင်တန်းတွေ၊ ဈေးရောင်းဈေးဝယ်တွေ၊ အခြားဒေသက အလုပ်လာလုပ်သူတွေနဲ့ ခရီးသွားကားတွေ စည်ကားလို့နေပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်က ပြန်လည်ထူထောင်ရေးတွေလုပ်ပြီး အခြေချနေထိုင်ခဲ့တဲ့ အဲဒီရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အထုပ်ကိုယ်စီဆွဲပြီး အခြားနေရာတွေမှာ သွားရောက်ခိုလှုံနေထိုင်ဖို့ ပြုလုပ်ခဲ့ရပါတယ်။
ရုတ်တရက်ဆိုသလို ပြောင်းရွှေ့ရတော့မှာ ဖြစ်တာကြောင့် နေအိမ်ထဲမှာရှိတဲ့ အရေးကြီးတဲ့ ပစ္စည်းတွေနဲ့ စားစရာအချို့ကို အချိန်မီပို့ဆောင်ပေးမယ့် ကားတွေဆီ ရောက်အောင် အပြေးအလွှားနဲ့ သယ်ယူကြရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)ဌာနချုပ် အနီးမှာရှိတဲ့ အဲဒီကျေးရွာဟာ တစ်ရွာလုံးမှာ အိမ်ထောင်စု ၂၀၀ ၊ လူဦးရေထောင်ချီရှိပေမဲ့ အခုချိန်မှာတော့ ရွာထဲမှာခြောက်ကပ်သွားပြီး လူတွေတစ်ယောက်မှ မရှိကြတော့ပါဘူး။
“ကျမတို့ အားသွန်ခွန်စိုက် ပြန်ထူထောင်ထားတဲ့ဟာက အခုတော့ ခါးသီးပြီး၊ အရမ်းကို စိတ်ပျက်စရာကောင်းသွားပြီ။” လို့ အသက် ၅၀ အရွယ် ဒေါ်အရွယ်(အမည်လွှဲ)က ပြောပါတယ်။
အဲဒီကျေးရွာဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မြန်မာစစ်တပ်တို့ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားတုန်းအချိန် အဲဒီလမ်းတစ်လျှောက်က ရွာတွေထဲမှာ ပထမဆုံး စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ နမ်ဆန်ယန်လို့ အမည်ရတဲ့ ရွာဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ၈ နှစ်အကြာ စစ်ရှောင်ပြီးတဲ့နောက်မှာတော့ ၂၀၁၈ ခုနှစ်က နေရပ်ပြန်ခဲ့ကြတာဖြစ်ပြီး အခုနောက်တစ်ကြိမ် ပြန်လည်တိမ်းရှောင်နေရတာပါ။
ပြီးခဲ့တဲ့ ၅ ရက်(ဇူလိုင်လ ၃ ရက်နေ့) မနက်ပိုင်းက ရွာထဲကိုဝင်ဖို့ စစ်ကောင်စီက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နောက်တစ်ကြိမ် နေရပ်ဒေသကို ပစ်ထားခဲ့ရပြီး ဒေသခံတွေနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းက အလုပ်သမားတွေ စုစုပေါင်းလူဦးရေ ၁,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
၈ နှစ်အကြာ ပစ်ထားခဲ့ရတဲ့ နမ်ဆန်ယန်ကျေးရွာကို အခက်အခဲအမျိုးမျိုးကြားက ပြန်လည် အသက်သွင်းခဲ့တာကြောင့် စည်းကားလာတာ ၂ နှစ်လောက်ပဲ ရှိသေးတာဖြစ်ပါတယ်။
ဒေါ်အရွယ်ဟာ စစ်ဘေးတိမ်းရှောင်ရာကနေ ခက်ခက်ခဲခဲရုန်းထပြီး နလန်ထူခါစအချိန်မှာ ပြန်လည်တိမ်းရှောင်ရတဲ့အပေါ် မယုံကြည်နိုင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်နေတာပါ။
“ဘုရားအပေါ်စိတ်ခွန်အားယူပြီး ပစ္စည်းဥစ္စာတွေကို ပစ်ထားခဲ့လိုက်ပြီ။ အဲဒါပစ်ခဲ့ပြီး ပြန်တိမ်းရှောင်ဖို့ကိုပဲ တွေးလိုက်ပြီ။”
အရင်တစ်ကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့စဉ်က ပြင်ဆင်ချိန် မရလိုက်ဘဲ ရုတ်တရက်ရွာထဲ တိုက်ပွဲဖြစ်ပွားလာတာကြောင့် ချက်ချင်းထပြီး ထွက်ပြေးခဲ့ရတဲ့အတွက် အခက်အခဲ များခဲ့ရတယ်လို့ ဆိုပါတယ်။
အခုတစ်ကြိမ်မှာလည်း ကလေးတွေရဲ့ရှေ့ရေးနဲ့ မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးခဲ့ရပြီလို့ ဒေါ်အရွယ်က ဆိုပါတယ်။
“ဖြစ်လာမဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အရမ်းစိုးရိမ်ကြောင့်ကြပြီး စိတ်ဆင်းရဲနေရတယ်။ ဘယ်လိုလုပ်ရင် ဖြေရှင်းနိုင်မလဲဆိုတာတွေကို စဉ်းစားပြီး အခုအချိန်မှာ စိတ်ဆင်းရဲနေဆဲဖြစ်ပါတယ်။”
တစ်ကျော့ပြန်စစ်ပွဲ စတင်တဲ့နောက်ပိုင်းမှာ နမ်ဆန်ယန်ကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီး အာဏာသိမ်းပြီးတဲ့အချိန်မှာ တပ်ဆုတ်ခဲ့တာဖြစ်ပါတယ်။
အခု ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမအပတ်မှာတော့ စစ်ကောင်စီကနေ ကျေးရွာအတွင်း ပြန်လည်စစ်ကြောင်းထိုးလာပြီး KIA နဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အခုတစ်ခေါက် ထိုးစစ်ဆင်လာရတာဟာ စစ်ကောင်စီက နမ်ဆန်ယန်ကျေးရွာအတွင်း ပြန်ပြီး တပ်စွဲနေထိုင်လိုတဲ့အတွက် ဖြစ်နိုင်တယ်လို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကသုံးသပ်ပြောဆိုပါတယ်။
“ရန်သူရဲ့ အစီအစဉ်ကိုတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ နမ်ဆန်ယန်ကို သူတို့ ပြန်ချုပ်ကိုင်လို၊ အရင်က သူတို့တိမ်းရှောင်ခဲ့တဲ့ နေရာတွေမှာ ပြန်စခန်းချနေထိုင်လိုတဲ့ အတွက်ကြောင့် စစ်ကြောင်းထိုးလာတာလား၊ ဘယ်လိုလဲဆိုတာကိုတော့ စုံစမ်းနေဆဲအခြေအနေပါ။ အတိအကျတော့ မပြောနိုင်သေးဘူး။”
စစ်ကောင်စီဘက်ကနေ စစ်ကြောင်းတွေထိုးနေပြီး တပ်ပြန်တာဆုတ်တာ မရှိဘူးဆိုရင် တိုက်ပွဲဟာ ကြာမြင့်လာနိုင်ပြီး ပြည်သူလူထုအနေနဲ့ စားနပ်ရိက္ခာတွေ ကြိုတင်ပြင်ထားဖို့လည်း ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပြောဆိုထားပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် အချိန်တိုအတွင်း နမ်ဆန်ယန်ကျေးရွာမှာ ပြန်လည်အခြေချနေထိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေပါ။
တိုက်ပွဲကြောင့် ပထမဆုံးတိမ်းရှောင်ပြီး နေရပ်ကို ပထမဆုံးပြန်ခဲ့ကြတဲ့ နမ်ဆန်ယန်စစ်ရှောင်တွေဟာ အခုလည်း ပထမဆုံးတိမ်းရှောင်ရတဲ့သူတွေ ဖြစ်ရပြန်တဲ့အတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ကို ယုံကြည်မှုမရှိတော့ဘူးလို့ အမည်မဖော်လိုတဲ့ နမ်ဆန်ယန် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“တောကြီးမြက်မဲကို ခုတ်ထွင်းရှင်းလင်းယူခဲ့ကြရတာ။ တချို့က မျိုးစေ့တောင် မသိမ်းဆည်းနိုင်ကြသေးဘူး။ မစိုက်နိုင်ကြသေးချိန် တိမ်းရှောင်ကြရတော့ တစ်မျိုးကြီးတော့ ခံစားရတယ်။ ဘယ်ဘက်ကိုမှ မယုံကြည်တော့တဲ့ စိတ်ဝင်နေပြီ။”
ဒေသခံတွေဟာ တိုက်ပွဲတွေ ပြင်းထန်လာမှာ စိုးရိမ်တဲ့အတွက်သာ အရေးကြီးစာရွက်စာတမ်းတွေနဲ့၊ တကိုယ်ရေးသုံးပစ္စည်းတွေကိုယူပြီး တိမ်းရှောင်လာခဲ့ကြရတာ ဖြစ်ပါတယ်။
မိသားစုစားဝတ်နေရေးအတွက်နဲ့ ဘဝရပ်တည်နိုင်ရေးအတွက် ရတဲ့အလုပ်ကို လုပ်ပြီး ကြိုးစားရမှာလို့လည်း နေရပ်ဒေသက တိမ်းရှောင်သွားပြီဖြစ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။
တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက တချို့က နမ်ဆန်ယန်ကျေးရွာနဲ့ အနီးဆုံးဖြစ်တဲ့ KIA ထိန်းချုပ်ဧရိယာထဲကို တိမ်းရှောင်သွားကြပြီး အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၄၀ လောက်ကတော့ ကဇူးယန်ကျေးရွာက၊ ဆမားဇုန်နယ်ရုံးမှာ သွားရောက်ခိုလှုံနေရပါတယ်။
တချို့ဒေသခံတွေက နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းတွေဆီမှာ သွားရောက်နေထိုင်ကြပြီး ဒေသခံ ၅၀၀ နီးပါးကတော့ ဝိုင်းမော်မြို့၊ ကက်သလစ် (RC) ဘုရားကျောင်းဝင်းမှာ ရောက်ရှိခိုလှုံနေကြတာပါ။
ဝိုင်းမော် – ဗန်းမော်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီဂိတ်တွေကနေ ယာဉ်သွားလာခွင့် ကန့်သတ်ထားပြီး စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပြီး KIA နဲ့ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။
၂၀၁၈ ခုနှစ်က နေရပ်ပြန်လာကြတဲ့အချိန် သက်ဆိုင်ရာအစိုးရတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ငြိမ်းချမ်းတဲ့နေရာဖြစ်ပြီဆိုပြီး ပြောဆိုခဲ့တာကြောင့် နမ်ဆန်ယန်စစ်ရှောင်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ နေရပ်ပြန်ခဲ့ကြတာပါ။
အဲဒီအရာတွေဟာ အားလုံးပျက်စီးသွားခဲ့ပြီး အခုပြန်လည်တိမ်းရှောင်ရတဲ့အချိန် ဘဝနောက်ဆုံးအချိန်အထိ စစ်ရှောင်စခန်းမှာပဲ နေထိုင်သွားရမလားဆိုတာကို ဒေါ်အရွယ်တစ်ယောက် တွေးပူပြီး မျှော်လင့်ချက်မဲ့နေပါတယ်။
” ဒီတစ်ကြိမ်တော့ နောက်ဆုံးအချိန်ဖြစ်သွားမှာလားဆိုပြီး အရမ်းစိတ်မကောင်းဖြစ်မိတယ်။ အသက်ကြီးလာတော့ ကလေးတွေရဲ့ ရှေ့ရေးလည်း မတွေးပေးလာနိုင်တော့ အရမ်းစိတ်ပျက်တဲ့ အချိန်ရောက်နေပြီ။”