မြန်မာက အဓိကစီမံကိန်းတွေကို မြှင့်တင်ဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရှီကျင့်ဖျင်ပြော

2

 

ဇွန်၊ ၁၆

မြန်မာနိုင်ငံက အဓိကစီမံကိန်းတွေကို လုံခြုံရေးသေချာတဲ့အချိန် တွန်းအားပေး ဆောင်ရွက်ဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်ကို ပြောလိုက်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်နေ့က စသွားခဲ့တာဖြစ်ပြီး ဒီကနေ့ ၂ ယောက်သား တွေ့ဆုံခဲ့တာပါ။

တရုတ်သမ္မတက ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်တဲ့ မူဝါဒကို အခိုင်အမာလက်ကိုင်ထားတယ်လို့ ပြောဆိုခဲ့သလို နှစ်နိုင်ငံချစ်ကြည်ရေးမူဝါဒဟာ မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ ဘက်အသီးသီးကို ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် တွန်းအားပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်း ရေရှည်တည်ငြိမ်အေးချမ်းရေးအပေါ် တရုတ်နိုင်ငံအနေနဲ့ ထောက်ခံတယ်လို့လည်း ရှီကျင်းဖျင်က ပြောပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့ ပြောပေမဲ့ တရုတ်ဟာ စစ်အုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တွေ့ဆုံပေးမှုတွေကို မကြာခဏလုပ်ဆောင် ပေးနေသလို တရုတ်ဖိအားကြောင့် MNDAA ဟာ လားရှိုးမြို့ကို စစ်အုပ်စုဆီ ပြန်လွှဲပေးခဲ့ရဖူးပါတယ်။

တရုတ်သမ္မတနဲ့ အာဏာသိမ်းခေါင်းဆောင်တို့ တွေ့ဆုံမှုမှာတော့ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံရဲ့ ရေရှည် ကိုယ်ကျိုးမဖက်ပံ့ပိုးတဲ့အပေါ် ကျေးဇူးတင်တယ်လို့ ပြောခဲ့သလို တရုတ်တစ်နိုင်ငံထဲ မူဝါဒကို အခိုင်အမာ စောင့်ထိန်းသွားမယ် လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အထူးအလေးထားပြီး အာမခံမှုရှိစေဖို့ အစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့လည်း ကတိပေးခဲ့ပါ သေးတယ်။

သူတို့ ၂ ယောက်တွေ့ဆုံခဲ့ပြီးချိန်မှာတော့ ဆေးဖက်ဝင်အပင်ရောင်းချရေးစာချုပ်အပါအဝင် စာချုပ်နဲ့ စာချွန်လွှာ ၁၈ ခုကို လက်မှတ်ထိုးခဲ့ပါသေးတယ်။

အဲဒီတွေ့ဆုံမှုမှာ မြစ်ဆုံဆည်အကြောင်း ဆွေးနွေးခဲ့မှုရှိမရှိကိုတော့ မသိရပေမဲ့ စစ်အုပ်စုရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကတော့ အဲဒီခရီးစဉ်နဲ့အတူ တရုတ်နိုင်ငံကို လိုက်ပါသွားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here