ဖေဖော်ဝါရီ ၅
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာအနီးရှိ တစ်သုံးလုံးကျောက်မျက်တူးဖော်ရေးကုမ္ပဏီ မြေစာပုံတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရေမဆေးသမားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေနတ်ထိမှန်သေဆုံးခဲ့သည့် မောင်ကျော်ဇင်ဖြိုးအသက်(၂၅) နှစ်သည် ဦးခေါင်းထိမှန်ခဲ့ပြီး နောက်စေ့ ပွင့်ထွက်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ရေမဆေးသမားများ၏ ပြောကြားချက်အရ သိရသည်။
“သူတို့ ဝင်ခွင့်ပြုတဲ့အချိန်မှာ ဝင်ကြတာပဲ။ ဟိုတစ်ဘက်က ဝင်ခိုင်းတော့ ဒီဘက်ကလည်း ဝင်လို့ရလို့ဆိုပြီး ဝင်ကြရင်းနဲ့ ရဲက ပစ်လိုက်တာ။ ကျွန်တော် လူဘက်ကို တစ်ချက်ပစ်ပြီးမှ မိုးပေါ်ထောင်ပြီး လေးငါးချက်လောက် ဖောက်တာ”အမည်မဖော်လိုသူ အနီးကပ် တွေ့မြင်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အခင်း စဖြစ်ပွားချိန် ရဲဘက်မှ ချော်လဲကျကာ ကျောက်ခဲနှင့်ရိုက်မိသည်ဟု ငြင်းဆန်ခဲ့သော်လည်း ရရှိသည့် ဒဏ်ရာမှာ သေနတ်ဒဏ်ရာမှန်း သိမှသာ ရဲက ဝန်ခံသွားသည်ဟုလည်း အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။
ကျောက်ကုမ္ပဏီများတွင် ရေးမဆေးသမားများအား နေ့လည်ခင်းအချိန် ဝင်ရောက်ရှာဖွေခွင့် မပြုထားသောလည်း ဝမ်းဘရားသားနှင့် တစ်သုံးလုံးကုမ္ပဏီတွင် နံနက် ၁၁ တွင် ဝင်ရောက်ရှာဖွေခွင့် ပြုထားကြောင်းလည်း သိရသည်။
မောင်ကျော်ဇင်ဖြိုး သေဆုံးရခြင်းနှင့် ပတ်သက်ပြီးဇနီးဖြစ်သူက သေနတ်ဖြင့်ပစ်သူနှင့် တာဝန်ရှိသူများကို တရားစွဲမည်ဖြစ်သည်ဟုလည်း သိရသည်။
“သူတို့ဝင်ခိုင်းလို့ ဝင်တာကို သေနတ်နဲ့ ဘာလို့ပစ်ရတာလဲ။ ကျွန်မက တရားစွဲသွားမှာ”ဟု မောင်ကျော်ဇင်ဖြိုး၏ ဇနီးဖြစ်သူမှ ပြောသည်။
ဖားကန့် ကျောက်စိမ်းတွင်း ဒေသအတွင်း အထက်ပါဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၈ အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း အထက်ပါ တစ်သုံးလုံးကုမ္ပဏီ လုပ်ကွက်အတွင်း လုံခြုံရေးရဲများ ပစ်ခတ်မှုကြောင့် ရေမဆေး ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့ရကာ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
စည်သူ(မြစ်ကြီးနား)၊ ဇော်မိုးထက်(ဖားကန့်)