သင်ခန်းစာ (အတွေးအမြင်ဆောင်းပါး)

18

စိုင်းခေ

(အတွေးအမြင်ဆောင်းပါး)

အာရက္ခတပ်တော် (AA) ရခိုင်ပြည်နယ်ကို စဝင်တဲ့အချိန်တုန်းက လူအများမသိခဲ့တဲ့ ဖြစ်ရပ်တွေ တော်တော်များများ ရှိခဲ့ပါတယ်။

ဖြစ်ရပ်တွေအများအပြားထဲက တစ်ခုကတော့ အခုထိ ပြောစမှတ်တွင်နေဆဲဖြစ်ပြီး ပြောလည်းပြောနေကြတုန်းပါ။

အဲဒါကတော့ ၂၀၁၅၊ ၂၀၁၆ လောက်တုန်းက AA တပ်သားတွေ ရခိုင်ပြည်နယ်ထဲ ရောက်နေတယ်ဆိုတာကို ကြားပေမဲ့ ဒေသခံတွေအနေနဲ့ တပ်သားတွေကို လုံးဝမတွေ့ရ၊ မမြင်ရ တာပါပဲ။

AA ကို ထောက်ခံသူတွေအနေနဲ့ AA တပ်သားဆိုတဲ့သူတွေကို မြင်ဖူးချင်လို့ တောထဲထိလမ်းလျှောက်၊ ထမင်းပို့ခွင့်တောင်းပြီးမှ ခိုးကြည့် ခဲ့ရတယ်လို့ ဆိုကြပါတယ်။

ဒါဟာ အခုအချိန်မှာ အောင်ပွဲတွေဆက်နေတဲ့ AA အနေနဲ့ တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ ဘယ်လောက်ထိအားကောင်းခဲ့လည်းဆိုတာကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

ဒီတော်လှန်ရေးကာလထဲ မလိုအပ်ဘဲ ချမပြဖို့က ဘယ်လောက်အရေးကြီးလည်းဆိုတာကို ထပ်ပြီး အတည်ပြုသွားတာကတော့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးမှူးအဖွဲ့ရဲ့ အတွင်းရေးမှူး (၁) ကိုယောမန်ပါ။

ကိုယောမန်က သူတို့အနေနဲ့ မင်းတပ်မြို့ကိုတက်လာတဲ့ ဒါဇင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သား အများအပြားကို တိုက်ခိုက်ရှင်းလင်းနိုင်မှုတွေသာမက တပ်လန်အောင်လုပ်နိုင်ခဲ့ပေမဲ့ တမင်သတင်း မထုတ်ပြန်ခဲ့တာတွေရှိတယ်လို့ သတင်းထောက် မရတ်ကျော်သူနဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေသွားခဲ့တာပါ။

ကျွန်တော်တို့က ရေရှည်ကိုတွေးရမယ်။ ကျွန်တော်တို့က ဒီလိုတွေ ထုတ်ပြန်ချင်းအားဖြင့် စစ်ကောင်စီက ရှက်ရမ်းရမ်းလာနိုင်တယ်။ လက်နက်ကြီးတွေ မတရားပစ်လာနိုင်တယ်။ လေယာဉ်တွေ ပစ်လာနိုင်တယ်ဆိုတော့ သိသာသိစေ မမြင်စေနဲ့ အဲဒီလိုပေါ့။ ကျွန်တော်တို့မှာ ရှေ့ဆက်သွားစရာရှိသေးတဲ့အတွက် သတင်းတွေမထုတ်တော့ဘူး။ လို့ ကိုယောမန်က အဲဒီ အင်တာဗျူးမှာ ပြောထားပါတယ်။

အခုအချိန်မှာတော့ မင်းတပ်မြို့ဟာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်နေပါပြီ။

တော်လှန်ရေးအင်အားစုတွေကို မနိုင်ရင် ပြည်သူတွေကို ပတ်ပတ်ရမ်းတတ်တဲ့ စစ်ကောင်စီကို တော်လှန်နေချိန်မှာ ဒီလို တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တာမျိုးဟာ လက်တွေ့ကျရာရောက်ပြီး စစ်ကောင်စီရဲ့ ရှက်ယမ်းယမ်းမှုအပြင် ပြည်သူလူထုထိခိုက်နိုင်ခြေလည်းကိုလည်း လျှော့ချရာ ရောက်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်တပ်စစ်ကြောင်းထိုးရင် ခုခံကာကွယ်နိုင်စွမ်းနဲ့ ပြည်သူလူထုကို နေရပ်ရွှေ့ပြောင်းပေးဖို့ မကူညီနိုင်သေးတဲ့ ဒေသတွေသွားပြီး ဓာတ်ပုံဗွီဒီယိုတွေရိုက်၊ မလိုအပ်ဘဲ လူမှုကွန်ယက်မှာ ဖြန့်လိုက်တာမျိုးတွေဟာ အဲဒီဒေသမှာနေတဲ့ လူထုအတွက် အန္တရာယ်များတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။

ဒီနေရာမှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ပြီးတဲ့နောက် စစ်ကောင်စီရဲ့ ရှက်ရမ်းရမ်းသွားတဲ့ အဖြစ်အပျက် ၂ ခုကို ပြောပြလိုပါတယ်။

ပထမတစ်ခုကတော့ ပြီးခဲ့တဲ့လထဲ အမြန်လမ်းပေါ် PDF တွေ တက်လာတဲ့သတင်းဟာ သတင်းဌာနတွေမှာရော၊ အကောင့်ပေါင်းစုံမှာပါ သောသောညံနေအောင် တက်လာပါတယ်။

လူထုကိုသတ်ဖြတ်နေတဲ့ ဖက်ဆစ်တပ်အမြတ်ပြတ်အောင် လုပ်ဆောင်ဖို့နဲ့ ပြည်သူကို အသိပေးဖို့ လိုအပ်လို့ အမြန်လမ်းပေါ် PDF တွေတက်တာဟာ ပြဿနာမဟုတ်ပါဘူး။ ပြဿနာက လူမှုကွန်ရက်ပေါ် တက်သွားတာပါပဲ။

အဲဒီလိုမျိုး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးသွားတဲ့အတွက် စစ်ကောင်စီခေါင်းကြီးပိုင်းတွေအထိပါ သိသွားသလို စစ်တပ်ထောက်ခံသူတွေကလည်း ပြည်သူတွေနေထိုင်တဲ့နေရာတွေကို ဗုံးမကြဲကြဲအောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တမ်းတ၊ တိုက်တွန်းကြပါတယ်။

အဲဒီနေ့ညနေကစလို့ PDF တွေတက်ခဲ့တဲ့ အမြန်လမ်းမကြီးနားက ကျေးရွာတွေကို စစ်တပ်က ဗုံးမိုးရွာလို့ ပြည်သူလူထု ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်အဖြစ်အပျက် တစ်ခုကတော့ ၂၀၂၃ ခုနှစ် ဇွန်လဒုတိယပတ်ထဲ ဆားတောင်မြို့ဈေးထဲကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်ခဲ့တဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တာပါ။

အဲဒီတုန်းက ၁၀၂၇ စစ်ဆင်ရေးလည်း မစသေးတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေ မြို့ပေါ်တက်လာတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားတာဟာ စစ်ကောင်စီအတွက်တော့ အရှိုက်ထိသလိုပါပဲ။

ဒါကြောင့် အဲဒီဖြစ်ရပ်အပြီး ဆားတောင်မြို့တစ်ဝိုက်ကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

မပိုင်ရင် ခြင်တောင်မရိုက်နဲ့ဆိုတဲ့ ရှေးလူကြီးတွေပြောစကားဟာ အခုအချိန်မှာ ဦးထိပ်ပန်ထားရမယ့် စကားဖြစ်နေပါပြီ။

စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီးတွေ၊ စစ်တိုင်းမှူးတွေဟာ အထက်ကိုအမှန်မတင်ပြရဲသလို သူတို့အောက်က တပ်ရင်းမှူးတွေဟာလည်း သတင်းထိမ်ချန်လေ့ရှိကြပါတယ်။

ဒါကြောင့် မြေပြင်မှာ စစ်ကောင်စီဘက်ကအထိနာသွားလည်း သူတို့ရဲ့ အထက်လူကြီးတွေ သိချင်မှ သိကြတာပါ။ ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီဆိုရင်တော့ စစ်တပ်ထိပ်ပိုင်းကလူတွေလည်း ချက်ခြင်းသိသွားကြပါတယ်။ ဒါဆိုရင်တော့ စစ်တပ်ရဲ့ ရှက်ရမ်းရမ်းမှုကို ပြည်သူလူထုပါ ခံစားရမှာပါ။

အခုအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့ပေါ်စခန်းတွေ၊ တပ်ရင်းတွေထဲကနေ မထွက်ရဲတော့တဲ့ မြို့နယ်တွေဟာလည်း ဒေသတော်တော်များများမှာ လက်ညှိုးထိုးမလွဲရှိနေပါပြီ။

ဒီအကြောင်းတွေကိုတော့ လူမှုကွန်ရက်မှာ များများစားစားတွေ့ရမှာမဟုတ်ပေမဲ့ မြေပြင်ကိုဆင်းပြီး လေ့လာကြည့်ရင်တော့ ကွင်းခနဲကွက်ခနဲ မြင်ရမှာပါ။

ပြောက်ကျားစစ်ဆင်ရေး လုပ်တဲ့အခါမှာတော့ နှုတ်လုံခြေလုံဖြစ်မှုဆိုတာဟာ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီး အချက်တွေထဲမှာပါဝင်ပါတယ်။ ဒီအချက်တွေကို အခုအချိန်မှာ အောင်ပွဲအသီးသီးရနေတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ၊ ၂၀၂၁ ခုနှစ်မှပေါ်လာတဲ့ စစ်ပုံကျပြီးသား နွေဦးတော်လှန်ရေး အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဒါကြောင့် ရှက်ရမ်းရမ်းပြီး ပြည်သူကိုသတ်နေတဲ့ မင်းအောင်လှိုင်ကို တော်လှန်နေချိန်မှာဆိုရင်တော့ နှုတ်လုံခြေလုံဖြစ်ဖို့ဟာ ပိုလို့တောင်လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဂျာမန်တွေးခေါ်ပညာရှင် ဟီးဂဲလ်က အခုလို ပြောခဲ့ပါတယ်သမိုင်းကနေ ကျွန်တော်တို့ရခဲ့တဲ့ သင်ခန်းစာတစ်ခုပဲ ရှိပါတယ်။ အဲဒါ သမိုင်းဆီက ကျွန်တော်တို့ ဘာသင်ခန်းစာမှ မယူခဲ့ဘူးဆိုတာပါပဲ

တချို့ အိပ်မက်ဆိုးတွေကို ကျွန်တော်တို့ ကြိုတင်ကာကွယ်လို့ရပါတယ်။ ရှည်ရှည်ဝေးဝေးမဟုတ်ဘဲ အနီးဆုံး မဝေးလှတဲ့ သမိုင်းတွေကနေပဲ သင်ခန်းစာတွေယူဖို့ ကြိုးစားသင့်နေပါပြီ။

မှတ်ချက်။ ။ ယခုဆောင်းပါးပါ အမြင်များသည် စာရေးသူ စိုင်းခေ၏ အာဘော်များသာဖြစ်ပြီး ၎င်းသည် မြန်မာ့အရေးလေ့လာနေသည့် ဝါသနာရှင်ဖြစ်သကဲ့သို့ မြေပြင်၌ နွေဦးတော်လှန်ရေးတွင်လုပ်ငန်းများတွင် ပါဝင်နေသူလည်းဖြစ်သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here