အကျဉ်းထောင်တွေထဲ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ နိုင်ကျဉ်း ကိုယ်ဝန်ဆောင်၊ ကလေးမိခင်တွေ

61

ဇန်နဝါရီ၊၁၄

စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသူ/သားတွေထဲမှာ ကလေးနဲ့အတူ အကျဉ်းကျနေတဲ့ မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်မိတွေ ရှိနေပြီးတော့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူ/သားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

အာဏာသိမ်းတာ လေးနှစ်နီးပါး ကြာမြင့်လာတဲ့အထိ စစ်ကောင်စီက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ပြည်သူ ၂၀,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ကျော်ဟာလည်း အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ကျော်ထဲမှာ ကလေးနဲ့အတူအကျဉ်းကျခံနေရတဲ့ နိုင်ကျဉ်းမိခင် ၃၅ ဦးနဲ့ ကိုယ်ဝန်ဆောင်နိုင်ငံရေးအကျဉ်းသူ ၇ ဦးဟာလည်း အကျဉ်းထောင်တွေထဲမှာ မတရားအကျဉ်းကျခံနေရပြီးတော့ ဖိနှိပ်ခံနေရဆဲ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ လက်လှမ်းမှီကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲမှာ ကိုယ်ဝန်ဆောင်နေချိန် ဖမ်းဆီးခံရတာ၊ အကျဉ်းထောင်ထဲမှာရောက်မှ ကိုယ်ဝန်ရှိမှန်းသိရပြီး ကလေးမွေးဖွားပြီးနောက် ကလေးနဲ့အတူ ထောင်ထဲမှာ မတရားအကျဉ်းကျခံနေရတဲ့ နိုင်ကျဉ်းမိခင်တွေလည်း ပါဝင်နေတာပါ။

အခုထိ နိုင်ငံရေးအကျဉ်းသူတွေ အပါအဝင် နိုင်/ကျဉ်းတွေဟာ ဆေးဝါးကုသမှုလုံလောက်စွာမရှိတာ၊ သောက်သုံးရေ မလုံလောက်တာတွေ အာဟာရလုံလောက်စွာစားသောက်မှုမရှိတာတွေကြောင့် ကြုံတွေနေရဆဲဖြစ်ပါတယ်။

တစ်ကိုယ်ရေအတွက် အကျဉ်းထောင်ထဲလုံလောက်မှုမရှိချိန်မှာ ကလေးနဲ့အတူနေထိုင်ရတဲ့ နိုင်ကျဉ်းတွေနဲ့ ကိုယ်ဝန်သည်နိုင်ကျဉ်းတွေအတွက် ပိုမိုခက်ခဲတဲ့ အခြေအနေမျိုးမှာ ရှိတယ်လို့ နိုင်ကျဉ်းအမျိုးသမီးဟောင်း တစ်ဦးဖြစ်သလို Women’s Organization of Political Prisoners(WOPP) နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တာဝန်ခံ ဇူးဇူးမေယွန်း က ပြောပါတယ်။

ခင်ပွန်းကိုမတွေ့လို အမျိုးသမီးကိုဖမ်းလာတာ ကိုယ်ဝန်ပါ ပါလာတာတွေရှိတယ်။ ကလေးမွေးပြီးဆိုလည်း အဖက်ဖက်က လုံလုံလောက်လောက် မရှိတဲ့အတွက် ကလေးမှာပါ အခက်အခဲဒုက္ခတွေ ရင်ဆိုင်ရတယ်။ ဆေးဝါးလုံလုံလောက်လောက် မရှိတဲ့အတွက် နိုင်ကျဉ်းမိခင်တွေဆို အာဟာရချို့တဲ့တာမျိုးတွေ ရင်ဆိုင်နေရတယ်။ လို့ ဆိုပါတယ်။

အကျဉ်းထောင်အတွင်း အခက်ခဲတွေကို နိုင်ကျဉ်းအချင်းချင်း ကူညီပေးပြီးတော့ ဖြတ်သန်းနေရပြီး အကျဉ်းထောင်ထဲမှာ ကျောင်းသူအရွယ် အမျိုးသမီးဆရာဝန်၊သူနာပြု နိုင်ကျဉ်းတွေက နိုင်ကျဉ်းမိခင်တွေကို ပြန်လည်ကူညီပေးမှုတွေ လုပ်ဆောင်ပြီး ဖြတ်သန်းနေကြရတယ်လို့လည်း ဇူးဇူးမေယွန်းက ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ နိုင်ကျဉ်းအားလုံး ဖိနှိပ်မှုတွေခံစားနေရချိန်မှာ နိုင်ကျဉ်းမိခင်တွေ အတွက်တော့ ဖိနှိပ်မှုတွေအပြင် ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုဒဏ်တွေကိုပါ တပါးတည်း ခံစားနေရတာဖြစ်တယ်လို့ PPNM က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး ကပြောပါတယ်။

ကလေးမွေးဖွားခါနီးချိန်မှာ စိတ်ပိုင်းဆိုင်ရာက အားငယ်တတ်တယ်။ ဘေးနားမှာ ကိုယ်ကို မေတ္တာပေးမယ့် မိသားစုဝင်တွေ ရှိစေချင်တဲ့ ဆန္ဒတွေရှိကြတယ်။ အကျဉ်းထောင်ကျနေတဲ့အချိန်မှာ ဒီလိုအခွင့်ရေးမရဘူး။ ဒါကြောင့်မို့လည်းလည်း ကလေးငယ်ရဲ့ အနာဂတ်အတွက် ပူပန်ရတဲ့ ဒုက္ခတွေပါ ရင်ဆိုင်ကြရတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ကလေးမွေးဖွားပြီး နောက်ပိုင်းမှာလည်း ကလေးငယ်တွေအတွက် အစားအသောက် အာဟာရဖြည့်စွက်စာဝယ်ယူဖို့ အခြေအနေမရှိတာကြောင့် ကလေးငယ်တွေအတွက် အာဟာရပြည့်ဝဖို့နဲ့ ရောဂါမဖြစ်စေဖို့ အတွက်လည်း အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ဒါအပြင် ကလေးငယ်တွေ လူမှန်းသိတတ်စအရွယ်မှာ အကျဉ်းထောင် ထဲ ရှင်သန်နေထိုင်နေရတာကလည်း ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ကလေးငယ်တွေ လူမှန်းသိတတ်စ အရွယ်ရောက်လာတော့ မိမိရဲ့ မိခင်ကို အော်ဟစ်တာတွေ ဆူငေါက်တာတွေမြင်ရတယ်။ မနက်မိုးလင်လာကတည်းက ထောင်ဖြစ်တဲ့အတွက် အော်ဟစ်ဆဲဆိုတာတွေ ရုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေက ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာအရ ဒဏ်ရာအနာတရ ဖြစ်စေတယ်။ လို့ ကိုသိုက်ထွန်းဦး ကပြောပါတယ်။

နိုင်ကျဉ်းမိခင် တွေဟာ အိုးဘိုအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊မုံရွာအကျဉ်းထောင်၊ပေါင်းတည်အကျဉ်းထောင်တို့မှာ ရှိနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here