သီတင်းကျွတ်မီးထွန်းပွဲတော် သို့မဟုတ် “အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ်လပြည့်”လို့ခေါ်တဲ့ ဒီပွဲတော်မြတ်ကြီးကို ကျင်းပရတဲ့သမိုင်း ဖြစ်စဉ်လေးကတော့ ဂေါတမမြတ်စွာဘုရား အလောင်းတော်ဟာ ဘုရားဖြစ်ပြီးတဲ့နောက် မြန်မာသက္ကရာဇ် ၁၀၉ ခုနှစ် ဝါဆိုလပြည့်ညနေပိုင်းမှာ တာဝတိံသာ နတ်ပြည်တက်ပြီး အဲ့ဒီမှာရှိတဲ့ တစ်ချိန်တစ်ခါက သူ့ရဲ့မယ်တော်ဖြစ်ခဲ့ဖူးသူ သန္တုသိနတ်သားကို တရားဟောဖို့ဆိုပြီး ဖြစ်တည်ခဲ့တာပါ။
အဓိကရည်ရွယ်ချက်ကတော့ အမိမယ်တော်ရဲ့ ကျေးဇူးဆပ်ဖို့ ဆိုတာပါ။ ကြီးမားလှတဲ့ မိခင်မေတ္တာကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ဖြစ်စဉ်လေးကတော့ ဂေါတမမြတ်စွာ ဘုရားလောင်းတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း တိုင်အောင် ပါရမီဖြည့်ဆည်းလို့ ဆုပန်ခဲ့ပြီးနောက် သိဒ္ဓတ္ထဘဝဟာ သူ့ရဲ့နောက်ဆုံးဘဝဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ငြီးငွေ့ဘွယ်ကောင်းတဲ့ လူ့ဘ၀ ရဲ့ “အို၊နာ၊သေနဲ့ ရဟန်း”ဆိုတဲ့ လေးချက်ကို နားလည်သဘောပေါက်ပြီး မိဂဒါဝုန်တောထဲကို ဝင်သွားပြီး တောထွက်ခဲ့ပါတယ်။
အဲ့ဒီနောက် ဆံပင်ကိုစွန့် ရဟန်းပြုပြီး ပဉ္စဝဂ္ဂီငါးဦးတို့ရဲ့ အလုပ်အကျွေးပြုမှုကိုခံယူပြီး ဒုက္ကရစရိယာကို ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့ပါတယ်။ သို့သော် ဘုရားမဖြစ်ခဲ့ပါဘူး။ ပဉ္စသိင်္ခနတ်သားက သူ့ရဲ့ ဗေဠုဝစောင်းကြိုးကို တင်းလို့တစ်မျိုး လျှော့လို့တစ်မျိုး တီးခတ်ပြီး ဘုရားလောင်းကို သတိပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဘုရားလောင်းဟာ သတိဝင်ပြီး ဒုက္ကရစရိယာ ကျင့်နေတာကနေ ရပ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဗြဟ္မာကိုရည်စူးပြီး ညောင်ပင်မှာ လှူတန်းခဲ့တဲ့ ဃနာရဲ့ နို့ဆွမ်းကို သုံးဆောင်ပြီး မဇ္စိုမပဋိပဒါအကျင့်ကို ကျင့်ခဲ့ပါတယ်။ ဒါကို မကြိုက်လို့ ပဉ္စဝဂ္ဂီငါးဦးတို့ဟာ ဘုရားလောင်းကိုထားခဲ့ပြီး ထွက်သွားကြပါတယ်။ နောက်ဆုံး မိဂဒါဝုန်တောထဲမှာ တစ်ပါးထဲကျန်ရစ်ခဲ့ပြီး မာရ်နတ်ရဲ့ရန်ကို အောင်နိုင်လို့ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်တွေကို ရပြီး လောကသုံးပါးမှာ ဘုရားဖြစ်ခဲ့ပါတယ်။
ဘုရားဖြစ်ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့နေထိုင်ရာ ဥရုဝေလ တောအုပ်ကိုသွားပြီး တရားဦးဓမ္မစင်္ကြာကို ၇ ရက်တိုင်တိုင်ဟောပြီး ဝါဆိုလပြည့်ညနေပိုင်းမှာ တာဝတိံသာနတ်ပြည်တက်သွားပါတော့တယ်။ တာဝတိံသာနတ်ပြည်မှာ မယ်တော် အမိနတ်သားအပါအဝင် နတ်၊ ဗြဟ္မာ အပေါင်းတို့ကို တစ်နေ့နဲ့ တစ်ရက် (လူ့ပြည်မှာဆိုရင် ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာတရားတော်ကို နေ့ညမစဲ တရားဟောပြီး သီတင်းကျွတ်လပြည့်နေ့မှာ တရားစခန်းသိမ်းပါတယ်။
အဲ့ဒီနောက် လူ့ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ်မြို့ကို ရွှေစောင်းတန်းမှာ နတ်မင်းတွေ၊ ငွေစောင်းတန်းမှာ ဗြဟ္မာကြီးတွေ ဝန်းရံဆင်းသက်လာကြပြီး၊ ဂေါတမဘုရားရှင်ကတော့ ပတ္တမြားစောင်းတန်းကနေ ဆင်းကြွလာခဲ့ပါတယ်။
အဲ့ဒီလို ကြွလာချိန်မှာ လူ့ပြည်ရဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မှောင်ရီပျိုးစအချိန်ဖြစ်တာကြောင့် မြို့သူမြို့သားအပေါင်းတို့က ဆီမီးထိန်ထိန်ထွန်းညှိပြီး ဘုရားရှင်ကို ကြည်ညိုသက်ဝင် ဂါရဝတရားအပြည့်နဲ့ ဦးညွတ်ကြိုဆိုခဲ့ကြတာကို အကြောင်းပြုပြီး သီတင်းကျွတ်မီးထွန်းပွဲတော်ကို အစဉ်အဆက် ကျင်းပလာခဲ့ကြတာပါ။
သီတင်းကျွတ်မတိုင်မီ ဝါတွင်းသုံးလပတ်လုံး ရဟန်းသံဃာတို့ကလည်း မိမိတို့ ကျောင်းသင်္ခန်းများတွင်သာ သီတင်းသုံးကြပြီး သီတင်းကျွတ်လပြည့်ကျော်မှသာ အရပ်တစ်ပါးသို့ ကြွချီခွင့်ရှိကြပါတယ်။ အဲ့ဒီအစဉ်အလာကို အကြောင်းပြုပြီး လူပုဂ္ဂိုလ်တွေကလည်း ဒီဝါတွင်းသုံးလအတွင်း လက်ထပ်ထိမ်းမြားတာကို ရှောင်ကြဉ်ကြပြီး ဥပုသ်သီလစောင့်လို့ ဝါကျွတ်ချိန်မှသာ လက်ထပ်ကြတာပါ။
အရင်က သီတင်းကျွတ်လကို သန္တူလ(သန်တူလ)လို့ ရှေးမြန်မာကျောက်စာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ သန်ဆိုတာ စပါးပင်၊ တူဆိုတာ ထူတယ်လို့ဆိုတာ ဖြစ်တဲ့အတွက်ကြောင့် စပါးပင်တွေ ထူထူထောင်ထောင်ပေါက်တဲ့လလို့ သတ်မှတ်ရမှပါ။ ဒါ့ကြောင့် အဲ့ဒီလမှာ လူအပေါင်းပျော်ရွင်စွာနဲ့ ဆီမီးပူဇော်ပွဲ၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲ၊ ပဝါရဏာပွဲတွေသာမကပဲ၊ ဘုရားပွဲတွေအပြင်၊ သက်ကြီးပူဇော်ပွဲနဲ့ ဆရာကန်တော့ပွဲတွေကိုပါ ထည့်သွင်းလို့ စည်ကားသိုက်မြိုက်စွာ သီတင်းကျွတ်ပွဲတော်ကို ကျင်းပခဲ့ကြတာပါ။