အကြောက်တရား၊ စိုးရိမ်ပူပန်မှုနှင့် ကိုဗစ် ၁၉

0
739

ယခုအခါ ကိုဗစ်(၁၉)အသွင်ပြောင်းရောဂါ တစ်နေ့တခြား ပိုးတွေ့လူနာများများလာတာကို တွေ့နေကြရ တာပဲ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည်နှင့်အညီ တစ်ကမ္ဘာလုံးရှိလူတို့၏ နေ့စဉ်ဘဝကို ခြိမ်းခြောက်လျက် ရှိနေတာလည်း အားလုံးအသိပဲ ဖြစ်ပါသည်။ ကိုဗစ်(၁၉) ပထမလှိုင်းတုန်းက အသေအပျောက်များစွာ ရှိခဲ့သည်မို့ လူတွေမှာ ထိုရောဂါဆိုးကြီးကို ကြောက်ရွံ့နေကြတာလည်း အမှန်ပဲဖြစ်ပါသည်။ ထိုရောဂါမှာလည်း လူတန်းစားမရွေး၊ လူဖြူ၊လူမည်းမရွေး၊ ကြီးသည်ငယ်သည်မရွေး၊ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပွားနိုင်သည်မို့ လူတို့ အကြောက်တရားများ မြင့်တက်ခဲ့ကြရသည်။

ယခုအခါ ဖြစ်ပွားလျက်ရှိသော ကိုဗစ်(၁၉) အသွင်ပြောင်းရောဂါမှာ ကူးစက်မြန်နှုန်းမြင့်ရောဂါသို့ အသွင်ပြောင်းလဲလာပြီး မြန်မာနိုင်ငံထဲတွင်ပင် နေရာအနံ့ှမှ လျှင်မြန်စွာ ကူးစက်လျက်ရှိနေကြတာကိုလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေကြရသည်။ ထိုသို့ ကူးစက်မြန်ရောဂါ လျင်မြန်စွာ ပျံ့နှံ့လျက် ရှိသောကြောင့် လူတို့၏ စိုးရိမ်ပူပန် မှုများမှာလည်း မြင့်တက်လာလျက် ရှိနေကြရသည်။ တစ်နေ့တစ်နေ့ ရာဂဏန်းနီးပါး တိုးတက်လာနေသော ကူးစက်ခံလူနာစာရင်းကို ကြည့်ပြီး လူတို့မှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လျက် ရှိနေကြရသည်။

ယခုအခါ ကူးစက်လျက်ရှိသော ကိုဗစ်အသွင်ပြောင်း၏ ရောဂါပြင်းထန်မှုအခြေအနေမှာ ပထမအခေါက်လောက် ပြင်းထန်မှုမရှိသည်ကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေသည်။ သို့သော် ထိုရောဂါ ကူးစက်ခြင်းခံရလျှင် နောက်ဆက်တွဲရောဂါ ဆိုးကျိုးများကို မည်သို့ခံစားနိုင်ရချေရှိသည်ကို တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိသေး ချေ။ ထိုအချက်မှာလည်း လူတို့အတွက် စိုးရိမ်ပူပန်မှုအကြောက်တရားကို လျှော့ချနိုင်ခြင်း မရှိသေးချေ။

တစ်နေ့တခြား များပြားလာလျက်ရှိသော ရောဂါကူးစက်မှု အခြေအနေကြောင့် အစိုးရကလည်း လုပ်သင့်လုပ်ထိုက်တာများကို အချိန်နဲ့ တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်နေကြတာကိုလည်း မြင်တွေ့နေရပါသည်။ ကျောင်းတွေကို ပိတ်လိုက်သည်။ ဈေးဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသည်။ လူစုလူဝေးမလုပ်ရ။ ရောဂါတွေ့ရှိမှုအခြေအနေရ လော့ဒေါင်းချခြင်းများ၊ Q ဝင်စေခြင်းများကို ပြုလုပ်လျက်ရှိသည်။ ထိုကဲ့သို့ အခြေအနေတွင် တိုင်းပြည်နှင့် ပြည်သူလူထု၏ အလုပ်အကိုင်များ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများမှာ အတော်လေးကို စိုးရိမ်ပူပန်စရာ အခြေအနေများကို ကျရောက်နေခဲ့ရတာပဲ ဖြစ်သည်။ လူတန်းစား အသီးသီး၏ စိုးရိမ်ပူပန်မှုများမှာလည်း ကြီးထွားလာလျက်ရှိနေကြသည်။

သို့သော် ယခုခံစားနေကြရသော ရောဂါ၏ ထိုးနှက်ချက်များမှာ တစ်ကမ္ဘာလုံးခံစားနေကြရတာနှင့် အညီ နိုင်ငံတစ်နိုင်ငံခြင်း၏ လူမှုနေထိုင်မှုစနစ်အရ ကူးစက်မှုအနည်းအများသာ ကွာခြားလျက် ရှိနေတာပဲ ဖြစ်သည်။ ယခုမြန်မာနိုင်ငံအစိုးရ၏ လုပ်ဆောင်နေမှုများမှာလည်း ပထမတစ်ကြိမ်ကတည်းက သေပျောက်မှု အနည်းဆုံးနဲ့ ကူးစက်မှုမများအောင် ထိန်းချုပ်နိုင်ခဲ့တာကိုလည်း တွေ့ရပါသည်။

ယခုကိုဗစ်ဒုတိယလှိုင်းတွင်လည်း အစိုးရမှ အချိန်နဲ့တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်စရာများကို ဆောင်ရွက်နေကြတာကိုလည်း တွေ့မြင်နေရပါသည်။ ယခုလို ရောဂါဆိုး ကျရောက်နေချိန်တွင် အစိုးရနဲ့ပြည်သူ လက်တွဲညီမှသာ အဆင်ပြေပါလိမ့်မည်။ အစိုးရနှင့်ပညာရှင်များ၏ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေညာချက်များကို တိတိကျကျ လိုက်နာဖို့လိုအပ်ပါလိမ့်မည်။

ကိုဗစ်(၁၉)၏ ရောဂါကူးစက်မှု အခြေအနေနှင့် ကာကွယ်တားဆီးဖို့ လိုက်နာရမည့် အချက်များကိုအနည်းငယ် ကိုးကားဖော်ပြလိုက်ပါသည်။

ကိုဗစ်(၁၉)ဗိုင်းရပ်စ်ကူးစက်သည့် နည်းလမ်း (၃)ခုရှိသည်။ ယင်းတို့အနက် နည်းလမ်းနှစ်ခုကို WHO နှင့် CDC တို့က ဖော်ပြခဲ့ပြီးဖြစ်သည်။

ပထမနည်းလမ်းမှာ Formites ဟု ခေါ်သော ဗိုင်းရပ်စ်များ တွယ်ကပ်နေသော အရာဝတ္ထုများ (လူ့အရေပြားမှ အပါအဝင်)မှတစ်ဆင့်ကူးစက်ခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းမှာ လေထဲမှ ပျံ့နှံ့ကူးစက်ခြင်းဖြစ်သည်။ ချောင်းဆိုး၊နှာချေရာမှ ထွက်ပေါ်လာသော အရည်အစက် အမှုန်အမွှားများသည် အလွန်သေးငယ်ပြီး လေထဲမှာ မိနစ်များစွာ ရှိနေနိုင်သည်။ သို့သော် နေမသျသူ ဟု ခေါ်သော လေထဲမှ ပျံ့နှံ့သည့်အမှုန်တို့ကအဆပေါင်းများစွာ ပိုမိုသေးငယ်သည်။ လူ့ဆံပင်တစ်ပင်ချင်းသည် (၈၀)မိုက်ခရွန်ရှိလျှင် လေထဲမှပျံ့လွင့်နိုင်သော အမှုန်၏ အချင်းက (၅၀)မိုက်ခရွန်ထက် သေးငယ်ပြီး လေထဲမှာ ကြာရှည်စွာ လွင့်မျောတည်ရှိနေနိုင်သည်။SARS Co –V -2 ဗိုင်းရပ်စ်၏ အချင်းက (ဝ.၁)မိုက်ခရွန်သာ ရှိရာ လေထဲမှ ပျံ့လွင့်နိုင်သော (၅၀) မိုက်ခရွန်အမှုန်ထဲတွင် ဗိုင်းရပ်စ်များစွာ ပါဝင်နိုင်နေပေသည်။

စကားပြောသည့်အခါ၊ သီချင်းဆိုသည့်အခါ၊ အော်ဟစ်သည့်အခါ ထွက်လာသော အမှုန်များသည် လေထဲမှာ ပိုမိုပျံ့နှံ့နိုင်သည်။ လေဝင်လေထွက် မကောင်းသည့် အလုံပိတ်ခန်းများတွင် လူအများစုဝေးမိပါက အစုလိုက်အပြုံလိုက် ရုတ်တရက် ရောဂါကူးစက်မှု ဖြစ်ပွားတတ်သည်။

ကိုဗစ်(၁၉) မကူးမစက်အောင် ကာကွယ်ရမည့်နည်းလမ်းများကို WHO က အောက်ပါအတိုင်း ညွှန်ကြားထားပါသည်။
– ကူးစက်ရောဂါ သံသယရှိသော လူနာများကို အဆောတလျင် စစ်ဆေးပြီး သီးခြားခွဲထားကာ ဆေးရုံတင်ရန်၊ ဆေးရုံမှ နေရာမလုံလောက်ပါက သင့်တော်သည့်နေရာများမှာ ထားရှိရန်။

– အတည်ပြုလူနာများနှင့် နီးကပ်စွာ ထိတွေ့မှုရှိခဲ့သော သူများအား သီးခြားခွဲထားပြီး စစ်ဆေး စောင့် ကြည့်ရန်။
– ခပ်ခွာခွာနေဖို့ မဖြစ်နိုင်သည့် လူသူထူထပ်သော နေရာများသို့ မဖြစ်မနေသွားရမည့်သူများသည် နှာခေါင်းစည်းနှင့် ပါးစပ်စည်းကို တပ်ဆင်သွားပါ။

-ရောဂါအတည်ပြု လူနာများနှင့် သံသယဖြစ်ဖွယ်လူနာများကို ပြုစုစောင့်ရှောက်ပေးရသည့် ကျန်းမာရေးဝန်ထမ်းများ အားလုံးတို့သည် ရောဂါပိုး လေထဲမှတစ်ဆင့် ပျံ့နှံ့ကူးစက်မှုကို ရှောင်ကြဉ်ရန် တစ်ကိုယ်ရည်သုံး အကာအကွယ် ဝတ်စုံများအား တာဝန်ချိန်ပြီးဆုံးသည်အထိ ဝတ်ဆင်ထားရန်။

– ပြည်သူလူထုအနေနှင့် မကြာခဏ လက်ဆေးသည့်အလေ့အကျင့်ကို ပြုလုပ်ပါ။ လူအချင်းချင်း တတ်နိုင်သမျှ ခပ်ခွာခွာ နေပါ။ နှာချေ၊ချောင်းဆိုးသည့်အခါ လိုက်နာရမည့်ကျင့်ဝတ်ကို လိုက်နာပါ။ လူထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ။ အလုံပိတ်ခန်းများ၊ လေဝင်လေထွက် မကောင်းသော နေရာများကို ရှောင်ကြဉ်ပါ။ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပါ။ အိမ်နှင့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် အထူးဂရုစိုက်ပါ။ ဆပ်ပြာရည်၊ ပိုးသန့်စင်ဆေးရည်တို့ကို အသုံးပြုပြီး ဆေးကြောသန့်ရှင်းပါ။ နှာခေါင်းစည်းနှင့် ပါးစပ်စည်းကို တပ်ရာတွင် လျော့ရဲရဲမတပ်ပါနှင့် မေးစေ့အောက်သို့ လျော့ချပြီးမတပ်ပါနှင့် အဝတ်အထည် ချုပ်ထားသည့် နှာခေါင်းစည်းများကိုလည်း တပ်ဆင်နိုင်ပါသည်။

စိုးရိမ်ပူပန်ခြင်းနှင့် အကြောက်တရားသည် ယခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကျရောက် နေချိန်တွင် သေချာပေါက်ခံစားကြရမှာပဲ ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေး၊ အသက်အန္တရာယ်နှင့် ကျန်းမာရေးတို့အတွက် အစစ အရာရာစိုးရိမ်ပူပန်နေကြမှာပဲ ဖြစ်ပါသည်။ သို့သော် စိုးရိမ်ပူပန်နေရုံဖြင့်လည်း မည်သို့သော အခြေအနေကိုမှ ပြောင်းလဲသွားစေနိုင်တာမျိုး မဟုတ်ပါ။ ထို့အတွက် ပြည်သူတစ်ဦးချင်းစီတိုင်း ရောဂါအသိရှိကြပြီးဆင်ခြင် နေထိုင်ကြခြင်းဖြင့်သာ ရောဂါအန္တရာယ်မှ ကင်းဝေးနိုင်စေရန် နည်းလမ်းဖြစ်ပါကြောင်း ။ ။

LEAVE A REPLY

Please enter your comment!
Please enter your name here