အင်းတော်ကြီးဒေသမှ တောင်သူအယောက် ၂၀လွှတ်တော်ဥက္ကဋ္ဌနှင့် လာရောက်တွေ့ဆုံ

1191
အင်းတော်ကြီးဒေသမှ တောင်သူ

မြစ်ကြီးနား၊ သြဂုတ် ၇
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှ တောင်သူအယောက် ၂၀ သည် ၎င်းတို့ကြုံတွေ့နေသော လယ်ယာမြေပြဿနာများကို တာဝန်ရှိသူများက ကူညီဖြေရှင်းပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် သြဂုတ်လ ၇ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကြကြောင်းသိရသည်။

အဆိုပါ လယ်သမားများထဲတွင် ရွှေနဂါးမင်းကုမ္ပဏီ၏ တရားစွဲဆိုခြင်းကို ခံရသည့် တောင်သူခြောက်ဦး၊ သဘာ၀ စိမ်းလန်းစိုပြေရေး ဧရိယာသတ်မှတ်လိုက်သည့်အတွက် လယ်ယာမြေ ဆုံးရှုံးသွားသူများ ပါဝင်သည်။
မြစ်ကြီးနားသို့ရောက်လာပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံကာ ထိုနေ့တွင်ပင် ပြန်သွားကြကြောင်း သိရသည်။
တောင်သူ ခြောက်ဦးသည် လွန်ခဲ့သည့် ၂၀၀၀ ခုနှစ်ကစပြီး ဓားမဦးချလုပ်ကိုင်ခဲ့သူများဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သည့် မြေကွက်ပိုင်ရှင် ဒေါ်တင်ညွှန့်က ၎င်း၏မြေပေါ် ကျူးကျော်သည်ဟုဆိုကာ မြို့နယ်အဆင့်တွင် တောင်သူများကို တရားစွဲဆိုခဲ့ရာ တောင်သူများက သက်သေအထောက်အထား အပြည့်အစုံတင်ပြနိုင်သည့်အတွက် ၂၀၁၀ ခုနှစ်တွင် တောင်သူများ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြေရှင်းပြီးနောက် ဒေါ်တင်ညွှန့်က ညီမဖြစ်သူပိုင်သည့် ရွှေနဂါးမင်းကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ်ခံယူပြီး ပြည်နယ်အဆင့်တွင် ထပ်မံ၍ တရားရင်ဆိုင်ရာတွင် တောင်သူများ ရှုံးနိမ့်ခဲ့၍ ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် ၅၀၀၀ ပေးဆောင်ရန် ဒီဂရီချမှတ်ခဲ့ရာ ငွေဒဏ် ၅၀၀၀ ပေးဆောင်ခဲ့ရကြောင်း တရားစွဲဆိုခံရသည့် ဦးဇော်လင်းဦးက ပြောသည်။ “ကျွန်တော်တို့က ကျူးကျော်ဝင်ရောက်တဲ့သူ မဟုတ်ဘူး။ ဓားမဦးချလုပ်ကိုင်ခဲ့တဲ့သူတွေပါ။ သူတို့ရဲ့မြေတွေက အရင်ကတည်းက ကျွန်တော်တို့နားမှာရှိပါတယ်။ အဲဒါကို အခုတရားကို ထပ်ခါထပ်ခါစွဲခံနေရလို့ အရမ်းခက်ခဲနေရတယ်”ဟု ဦးဇော်လင်းဦးကပြောသည်။

အဆိုပါ တောင်သူခြောက်ဦး၏ မြေဧက စုစုပေါင်းသည် ၁၀၀ ကျော်ခန့်ရှိပြီး ယင်းမြေများအားလုံးသည် မြေစာရင်းမှထုတ်ပေးထားသည့် မြေပြေစာနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို ရရှိထားသည့်မြေများဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီမှ ခရိုင်အဆင့်တွင် တရားမမှုဖြင့် ထပ်မံတရားစွဲထားသည့်အတွက် ယင်းတောင်သူခြောက်ဦးကို ၎င်းတို့၏လယ်ယာများမှ ရက်ပေါင်း ၆၀ အတွင်းပြောင်းရွေ့ပေးရန် အမိန့်ချမှတ်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ဘယ်လိုဖြစ်ဖြစ် ပြောင်းရွေ့မပေးနိုင်ဘူး။ ကျွန်တော်တို့ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေဖြစ်တယ်။ အထောက်အထားလည်း အပြည့်အစုံရှိထားတယ်။ ပြန်ရအောင်တော့ လုပ်ဆောင်သွားမှာပဲ”ဟု တရားစွဲခံရသည့်တောင်သူ ဦးဖိုးထောင်က ပြောသည်။

တရားစွဲခံရသည့်အတွက် တောင်သူများသည် တစ်လလျှင် ၄ ကြိမ်နှုန်းခန့်် ရုံးချိန်းသွားနေရကာ အလုပ်လုပ်ချိန်များလည်း ပျက်ကွက်နေရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။
တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများကို မြေပြင်အထိ ကွင်းဆင်းစစ်ဆေးပြီး အမှုမှန်ကိုဖော်ထုတ်ပေးစေလိုကြောင်း၊ ၎င်းတို့၏အမှုကို အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း၊ သဘာဝစိမ်းလန်းစိုးပြေရေးစီမံကိန်းဧရိယာထဲပါသွားသည့် လယ်ယာမြေများ၏ နစ်နာကြေးများကို ပေးစေလိုကြောင်း တရားစွဲခံရသည့်တောင်သူများက ပြောသည်။
“သတ်မှတ်ဧရိယာထဲ ပါတယ်ဆိုပြီး ကျွန်တော်တို့ရဲ့ လယ်ထဲကို အတင်းအဓမ္မဝင်ပြီး ဘုတ်တိုင်လာစိုက်ကြတယ်။ သူတို့ကလယ်သမားတွေကို တိုင်ပင်ခြင်းလည်းမရှိဘူး။ ကျွန်တော်တို့က ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့သူတွေပါ။ ဘယ်သူလယ်ကွက်ကိုမှ မကျူးကျော်ထားပါဘူး”ဟု တောင်သူဦးကျော်ဟန်က ပြောသည်။

လယ်ထဲတွင် ဆိုင်းဘုတ်များကို ၂၀၁၆ ခုနှစ် ကစိုက်ထူလိုက်ကြသည့်အတွက် နစ်နာကြေးရရှိရန် တောင်သူများအနေဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၂၉ ရက်တွင် ရပ်ကျေးအဆင့်မှ နေပြည်တော်အဆင့်အထိ စာတင်ထားသော်လည်း ယနေ့ချိန်ထိ တစ်စုံတရာအကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here