Home အနုပညာ အတိုက်အခံတွေ၊...

အတိုက်အခံတွေ၊ စိန်ခေါ်မှုတွေကြားက ဝါသနာကြောင့် မိတ်ကပ်ပညာကို လေ့လာခဲ့တယ်ဆိုတဲ့ Ah Brang

1464

ဒီအပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ မိတ်ကပ်ပညာမှာ အင်မတန်ထူးချွန်ပြောင်မြောက်တဲ့ လက်ရာတွေနဲ့ လူတိုင်းအားကျရတဲ့ မိတ်ကပ်ပညာရှင် ကိုဘရန်အောင်(Ah Brang)နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားတစ်ခွင် Live Show တွေ၊ အလှမယ်တွေနဲ့ ကချင် အနုပညာရှင် အများအပြားကို မိတ်ကပ်လိမ်းခြယ်ပေးနေတဲ့သူလည်း ဖြစ်ပါတယ်။

Ah Brang -Makeup

အသက် ၂၈ နှစ်အရွယ် မိတ်ကပ်ဆရာ ကိုဘရန်ဟာ မြစ်ကြီးနားမြို့ ဇာတိဖြစ်ပြီး မိတ်ကပ်ပညာကို ငယ်ငယ်ကတည်းက စိတ်ပါဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ် ပထမနှစ် တက်နေတာကို ရပ်နားပြီး မိမိဝါသနာပါတဲ့ မိတ်ကပ်ပညာကို မလေးရှားနိုင်ငံက Beauty Academy နဲ့ ရန်ကုန်မြို့ရှိ နာမည်ကြီး မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)ဆီမှ သင်ယူခဲ့ပါတယ်။ အခုဆိုရင် ကိုယ့်ဇာတိမြို့ဖြစ်တဲ့ မြစ်ကြီးနားမြို့လေးမှာ မိတ်ကပ်ပညာရှင်တစ်ဦးအနေနဲ့ ရပ်တည်နေပြီး မိတ်ကပ်ဆရာ အဘရန်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ မိတ်ကပ်ပညာရှင် တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ အခြားစိတ်ဝင်စားစရာ အကြောင်းအရာတွေကို မေးမြန်း ထားတာတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ပထမဦးဆုံး ကိုယ့်ရဲ့ နာမည်အရင်းလေးနဲ့ မိတ်ဆက်ပေးပါဦး။
ဘရန်အောင်လို့ ခေါ်ပါတယ်။ အဘရန်တို့က မိသားစုဝင် ခုနှစ်ယောက်ရှိပါတယ်။ မောင်နှမကတော့ ယောက်ျားလေး လေးယောက်နဲ့ မိန်းကလေး တစ်ယောက်ရှိပါတယ်။

မိတ်ကပ်၊ အလှပြင်လောကထဲကို ဘယ်အချိန်ကတည်းက စတင်ဝင်ရောက်ဖြစ်ခဲ့တာလဲ။
မိတ်ကပ် မလိမ်းခင်တုန်းက ဆံပင်ညှပ်တယ်။ တရုတ်ပြည်မှာ နေရင်းနဲ့ ဆံပင်ညှပ်တယ်။ ၂၀၀၇ မှာ တက္ကသိုလ်ပထမနှစ်မှာ ရန်ကုန်ကို သွားပြီးတော့ ကျွန်တော်ရဲ့လက်ဦးဆရာဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း)ဆီမှာ သင်တန်းတက်ခဲ့တယ်။ အဲ့ဒီနောက်မှာမှ ၂၀၀၇-၂၀၀၈ လောက်ကနေစပြီး ဒီ မိတ်ကပ်ပညာရှင်ဘဝကို ရောက်ရှိခဲ့တာပါ။

ကိုယ့်ရဲ့ ဝါသနာအရ ဒီမိတ်ကပ်ပညာကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ဖြစ်ခဲ့ပုံကို ပြောပြပေးပါဦး။
ငယ်ငယ်ကတည်းကနေ စိတ်ဝင်စားခဲ့တာ ဟုတ်တယ်။ ငယ်ငယ်ကဆိုရင် အိမ်မှာ အမေ၊ အစ်မတွေ အကပွဲရှိပြီဆိုရင် ကိုယ်က လိုက်ခြယ်ပေးချင်တယ်။ အဲ့ဒီလိုမျိုး စိတ်တွေရှိတာပေါ့။ ကြီးလာတဲ့ အချိန်မှာကျတော့ မိတ်ကပ်လောကကို အဲ့ဒီလောက်ထိ မဖြစ်ခဲ့ဘူး။ မိတ်ကပ်လောကမှာ ရှိနေတဲ့သူတွေက တချို့ဆိုရင် ဝါသနာအရမဟုတ်ဘဲနဲ့ စီးပွားအရလုပ်တဲ့သူတွေ ရှိတယ်။ အစ်ကိုတို့ကကျတော့ ငယ်ငယ်ကတည်းက ဝါသနာပါလို့ လုပ်တာပေါ့နော်။ အစ်ကိုတို့ကကျတော့ ဝါသနာပါလို့လည်း ဒီလောက်ထိ ကိုယ်ဆီအလှလာပြင်တဲ့ လူမျိုးပေါင်းစုံအပေါ် အကုန်လုံးကို အဆင်ပြေအောင် ညှိပြီးတော့မှ လုပ်ပေးရတဲ့ အလုပ်ဆိုတော့ ဒီလောက်ထိ စိတ်ရှည်သည်းခံပြီးတော့ လုပ်ပေးရတာပေါ့။ ကိုယ့်ရဲ့ ဝါသနာအရ ရွေးချယ်ဖြစ်ခဲ့တာပါ။ တကယ်ဝါသနာမပါရင် ဒီလောမှာ ရပ်တည်လို့ မရဘူး။ ဘာလို့ဆို ကျွန်တော်တို့က လူပေါင်းစုံနဲ့ တွေ့ရတယ်။ လူပေါင်းစုံရဲ့ စိတ်နဲ့ ဆက်ဆံရတယ်။ ဝါသနာပါမှ ဖြစ်တယ်ပေါ့လေ။

ဆံပင်ညှပ်တဲ့ အလုပ်ကနေ ဘာကြောင့် မိတ်ကပ်လိမ်းတဲ့ ပညာကို သင်ယူဖြစ်ခဲ့တာလဲ။
မိတ်ကပ် မလိမ်းခင် ဆံပင်ညှပ်တာကို နှစ်နှစ်လောက် ကြိုပြီးတော့ ရောက်နေပြီ။ နောက် ပြန်လာပြီးတော့ ဆံပင်ညှပ်တာကနေ မိတ်ကပ်လိုင်း ဝင်သွားတယ်။ ကျွန်တော်နိုင်ငံခြားရောက်သွားတဲ့ အချိန်မှာ အဓိကကတော့ ဆံပင်ညှပ်တာပေါ့လေ။ နောက်ပိုင်း သူငယ်ချင်းတွေက မိတ်ကပ် သင်တန်းတက်ပါလား ဆိုတော့ မိတ်ကပ်သင်တန်း တက်ခဲ့တယ်။ ဆံပင်ညှပ်တဲ့အပိုင်းကို ပိုပြီးတော့ စိတ်ဝင်စားခဲ့တယ်။ နောက်ပိုင်းကျတော့ အော်…မိတ်ကပ်လည်း တွဲကြည့်မယ်ဆိုပြီး လုပ်ရင်းနဲ့ မိတ်ကပ်ကတော့ အခုဆိုရင် ကိုယ့်ရဲ့ အဓိက လမ်းကြောင်း ဖြစ်သွားတာပေါ့။ ဒါကတော့ ဘယ်လိုပြောမလဲ… လမ်းပြတဲ့ အပေါ်မူတည်ပြီးတော့ ဖြစ်သွားတာပေါ့။ စိတ်ဝင်စားတာတော့ ငယ်ငယ်ကတည်းက မိတ်ကပ်ရော၊ ဆံပင်ညှပ်တာကိုရော စိတ်ဝင်စားတာပါ။ ငယ်ငယ်ကတည်းကနေ ပါရမီပါပဲ။

မိသားစုထဲမှာရော အလှဖန်တီးတဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့သူ ရှိလား။
ကျွန်တော်တို့ မိသားစုမှာက မောင်နှမတွေထဲမှာ မိန်းကလေးတစ်ယောက်ပဲ ပါတယ်။ အကုန်လုံးက ယောကျ်ားသားတွေ ဆိုတော့။ ကျန်တဲ့ သူတွေကတော့ အားလုံး အကြမ်းတွေပဲ။ ကျွန်တော် တစ်ယောက်ထဲပဲ အနုပေါ့နော်။ ငယ်ငယ်ကတည်းက အဲ့ဒီလိုမျိုး ပင်ပန်းရတဲ့ အလုပ်ဆိုရင် သိပ် မကြိုက်တတ်တာလည်း ပါမယ်။ ပြီးရင် သူငယ်ချင်းတွေနဲ့ရော၊ အများနဲ့ပါ စကားပြော ဝင်ဆံ့ရတာတွေကို စိတ်ဝင်စားတယ်။ ဆိုတော့ ကျွန်တော်တစ်ယောက်ထဲပဲ နည်းနည်းနုတဲ့ အထဲပါတယ်။ အိမ်မှာတော့ ညီမလေးကို လက်ဆင့်ကမ်း ပြန်သင်ကြားပေးနေတယ်။

ဆံပင်ညှပ်နဲ့ မိတ်ကပ်ပညာကို ဘယ်ကနေ သင်ယူဆည်းပူးခဲ့တာလဲ။
တရုတ်ပြည် မန်ရှီမှာနေတုန်းက ဆံပင်ညှပ် ခြောက်လ သင်တန်းတက်ခဲ့တယ်။ ရွှေလီမှာကတော့ အဒေါ်ရှိတယ်။ သူ့ဆီက နည်းနည်းပါးပါး သင်ပေးတယ်။ ပြီးတော့ မိတ်ကပ်ပညာကိုကျတော့ ကျွန်တော့်ရဲ့ လက်ဦးဆရာ ညီညီမောင်(စမ်းချောင်း)ဆီက သင်ခဲ့တယ်။ နိုင်ငံခြားရောက်တော့ မလေးရှားက Beauty Academy မှာလည်း ပြန်သင်ခဲ့တယ်။ အဲ့ဒီမှာက ရက်တိုသင်တန်း တက်ခဲ့တယ်။

ဒီ မိတ်ကပ်ပညာလောကကို စဝင်တော့ ခက်ခဲတဲ့ အပိုင်းတွေရော ဘယ်လိုတွေ ရှိခဲ့လဲ။
ဒီမိတ်ကပ်လောကက စိန်ခေါ်မှုတစ်ခုဆိုရင် အဓိကကတော့ အချိန်ပေါ့။ အချိန်နဲ့ ကုစားသွားရတဲ့ အလုပ်ဟုတ်တယ်။ ကိုယ်က အခုနိုင်ငံခြားက ပြန်လာ၊ ရန်ကုန်မှာ နာမည်ကြီး တကယ့် Professional တွေနဲ့ပဲဖြစ်ဖြစ် ဘယ်သူ့ဆီမှာပဲ သင်လာလာ အခုသင်ပြီး ချက်ချင်းနာမည်ကြီးလာတဲ့ဟာ မဟုတ်ဘူး။ အစ်ကိုတို့ ဟိုအရင် ဒီအလုပ် စလုပ်တုန်းက ကချင်ယောကျ်ားလေး မိတ်ကပ်ဆရာဆိုရင် မရှိသလောက် ရှားတယ်။ အဲ့ဒီတုန်းက စိတ်ခေါ်မှုတွေ အရမ်းရှိခဲ့တယ်။ မိတ်ကပ်လိမ်းစားရင် ဟိုဟာဖြစ်တယ်။ ဒီဟာဖြစ်တယ်နဲ့။ နောက်ပိုင်းကျရင်တော့ အချိန်က ကုစားသွားတဲ့ အချိန်ကျရင် ကိုယ်နာမည်ထွက်ပြီ ကိုယ်ကိုယ်တိုင်လည်း နေတတ်သွားတဲ့ အချိန်ကျတော့ အဆင်ပြေသွားပါတယ်။ နေရာတစ်နေရာ ရဖို့ အချိန်အရမ်းရင်းရပါတယ်။ ပြီးတော့ အိမ်မှာ အဖေခွင့်မပြုတာကို ကိုယ့်မှာရှိတဲ့ဟာတွေ အကုန် ရောင်းချပြီးတော့ ရန်ကုန်ကို သွားခဲ့တယ်။ ရန်ကုန်ရောက်ပြီး စားစရာမရှိမှ အိမ်ကို ပြန်မှာစားတာ ပေါ့လေ(ရယ်လျက်)။ အဲ့ဒီလို အတိုက်အခံကြားက သင်ယူခဲ့တယ်။ အရင်ကဆို အဖေက ဆံပင်ညှပ်တာ ခွင့်ပြုတယ်။ မိတ်ကပ်လိမ်းတာကတော့ ခွင့်မပြုဘူး။ ၂၀၀၉ လောက်မှ ကျွန်တော်တကယ် လုပ်ပြမှပဲ အော်…ဒါလည်း ဒီလို ပုံစံလုပ်လို့ ရပါလားဆိုပြီး အဖေက ခွင့်ပြုလာတယ်။

မိတ်ကပ် အလှပြင်ဆင်ခြင်းက လူတစ်ယောက်အတွက် ဘယ်လောက်ထိ အရေးပါနိုင်မလဲ။
ပြောရမယ်ဆိုရင် လူတစ်ယောက်က ပွဲတစ်ပွဲသွားတာပဲ ထားလိုက်။ မျက်နှာပြောင်နဲ့ သွားတာနဲ့ လှလှပပ ပြင်ဆင်ပြီး သွားတာက အရမ်းကွာတယ်။ သူက အဲ့ဒီပွဲကို အလှမပြင်ဘဲ သွားလိုက်ခြင်းဖြင့် ပွဲရဲ့ လေးစားမှုပေါ့။ သူ အဲ့ဒီပွဲအပေါ် ဘယ်လောက် အလေးအနက်ထားသလဲ။ သူများရဲ့ ပွဲကို ကိုယ် ဘယ်လောက်ထိ ဂုဏ်ပြုချင်လဲ။ အဲ့ဒီလောက်ထိ အရေးပါတယ်လို့ ထင်မိတယ်။ ဥပမာ- ဆိုင်ဖွင့်ပွဲလို ပွဲတစ်ခုခု သွားတယ်ဆိုရင် မျက်နှာပြောင်သွားတာထက်စာရင် မိန်းကလေးဆိုတာ ပြင်ပြင်ဆင်ဆင်နဲ့ သွားတာ ပိုကောင်းတယ်။ ကိုယ်က လှလှပပသွားခြင်းဖြင့် သူများတွေက အော်..သူငါ့ပွဲမှာ ကောင်းကောင်းလာပါလား။ သူများပွဲကို လေးစားပါလားဆိုပြီး ကွားခြားမယ်လို့ ထင်ပါတယ်။

အခုခေတ်မှာ ဆိုရင် မိန်းကလေးသာမက ယောကျ်ားလေးတွေအတွက်ပါ ဒီမိတ်ကပ်လိမ်းခြယ်မှုက အရေးပါလာတဲ့ အပေါ် ဘယ်လိုမြင်မိလဲ။
မိန်းကလေးတွေ သာမက ယောကျ်ားလေးတွေမှာလည်း ဒီမိတ်ကပ်က အရမ်းအရေးပါ ပါတယ်။ ပြောရမယ်ဆိုရင် ဟိုးအရင်ခေတ်က မင်းသားတွေက မိတ်ကပ်မလိမ်းဘူးဆိုတာက အဲ့ဒီခေတ်က ကင်မရာက မိတ်ကပ်လိမ်းစရာ မလိုဘဲနဲ့ အလင်း၊ အမှောင်ချိန်ပြီး ရိုက်လို့ရတယ်။ ကင်မရာ အမျိုးအစားပေါ် မူတည်တာပေါ့။ အခုခေတ်က HD တွေ ကင်မရာတွေက မိတ်ကပ်မလိမ်းထားရင် ရိုက်လို့မရဘူး။ တကယ့် ကင်မရာကောင်းတွေဆိုရင် အရမ်းကြည်တဲ့ အခါကျတော့ တကယ့်ချွေးပေါက်က အစ ဆိုတော့ မိတ်ကပ်မလိမ်းထားဘူးဆိုရင် အရမ်းသိသာတယ်။ မိတ်ကပ်လိမ်းထားတဲ့သူနဲ့ တွဲရိုက် လိုက်ကြည့် အသားအရေ ထိုးဖောက်တာချင်း မတူဘူး။ ကင်မရာမှာ ထွက်လာပုံချင်း လုံးဝမတူဘူး။ ပြီးရင် မင်္ဂလာဆောင်တွေမှာ ဆိုရင်လည်း သတို့သားကိုပါ မိတ်ကပ်တွေ ဖို့ပေးရတယ်။ ဟိုလိုမျိုး အင်္ဂတေ ဖို့သလိုမျိုး ဖို့တာတော့ မဟုတ်ဘူးပေါ့လေ။ မိတ်ကပ်မကြိုက်မှန်းတော့ သိတယ်။ ဒါပေမဲ့ ကင်မရာမှာ သတို့သမီးနဲ့ အရမ်းကြီး ကွဲထွက်မနေအောင် နည်းနည်းပါးပါး မသိမသာလေး ဖို့ပေးရတယ်။ အမျိုးသား တွေလည်း လိမ်းသင့်တယ်။ ငါယောကျ်ားပါကွာဆိုပြီး နေလို့ မရဘူး။ သူ့ရဲ့အလိုက်အထိုက် သူ့နေရာနဲ့သူ တော့ လိမ်းပေးသင့်တယ်။ နေတိုင်းလိမ်းခိုင်းတာတော့ မဟုတ်ဘူးပေါ့လေ။ ပြီးရင် တချို့ အဆိုတော်ပေါ့ နော်၊ လုံး၀ Rocker ။ ပိုစတာ ရိုက်မယ်ဆိုရင် ဒီအတိုင်း သွားရိုက်တယ်။ ဒီအတိုင်းသွားရိုက်တာ ရတယ်။ ဒါပေမဲ့ ပုံထွက်လာလို့ရှိရင် ကြည့်မကောင်းဘူး။ အကုန်လုံးကို ပြောတာတော့ မဟုတ်ဘူး တချို့တလေ ပေါ့လေ။ ကျွန်တော်တို့က နေ့တိုင်းလုပ်နေတဲ့ အလုပ်တစ်ခုဆိုတော့ သူတို့ ပုံတွေကြည့်ရင် လုံးဝပြီး ပြည့်စုံတယ်လို့ မမြင်မိဘူး။ အဲ့ဒါကြောင့် မိတ်ကပ်ကတော့ မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ် သူ့နေရာနဲ့ သူတော့ လိမ်းပေးသင့်ပါတယ်။

မိန်းကလေးတစ်ယောက် အနေနဲ့ အပြင်သွားရင် ယူသွားသင့်တဲ့ အသုံးအဆောင်ပစ္စည်းကိုလည်း အကြံပေးပါဦး။
အဘရန်အနေနဲ့ အကြံပေးချင်တာကတော့ မှန်ပါတဲ့ Two way cake ကို ယူသွားခိုင်းစေချင်တယ်။ ပြီးရင် နှုတ်ခမ်းနီ။ မိန်းကလေးဆိုတာ အစားစားပြီးရင် နှုတ်ခမ်းသားက ပေပွနေတတ်တယ်။ ဘာလို့ဆို လူတစ်ယောက် မျက်နှာကို ကြည့်လိုက်လို့ရှိရင် ပထမဦးဆုံး ကြည့်မိတာက မျက်လုံး၊ ပြီးရင် နှုတ်ခမ်း၊ မျက်နှာပေမပေ ကြည့်တယ် ဆိုတော့လေ။

လတ်တလောအနုပညာ လှုပ်ရှားမှုတွေနဲ့ နောက်ထပ် ဒီအလုပ်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတာ ပြောပြပေးပါဦး။
မင်္ဂလာဆောင်ပွဲတွေမှာ လိမ်းဖြစ်နေတယ်။ ရှိုးပွဲတွေ၊ အြလ ရိုက်တာတွေမှာ အနုပညာရှင်တွေကို လိမ်းဖြစ်တယ်။ အခုလောလောဆယ် Miss International Kachin State အတွက် Kachin State Director အဖြစ် လက်ခံကျင်းပမယ့် ပွဲလည်း ရှိပါတယ်။ အဲ့တစ်ခုကတော့ ကောင်းကောင်းလုပ်ပြချင်လို့ကို အချိန်ယူလုပ်ထားတဲ့အတွက် အားပေးကြပါလို့ ပြောချင်ပါတယ်။ Special Effect look တွေကိုတော့ ဆက်လက်ပြီးတော့ သင်သွားဖို့ရှိတယ်။ အမြဲတမ်း နောက်ကျန်မရစ်အောင် ခေတ်နဲ့အညီ လေ့လာပြီး ပြင်ဖြစ်တယ်။ Eyes shadow ဆိုရင် အမြဲတမ်း မရိုးရအောင် အရောင်တွေ ကစားရတာ ကြိုက်တယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်လေ့လာသွားဖို့လည်း ရှိပါတယ်။

တက်သစ်စ မိတ်ကပ်ပညာရှင်လေးတွေကို ဘာများအကြံပေးချင်လဲ။
စေတနာရှေ့ထားပါ။ အလုပ်လုပ်တဲ့ အချိန် လုံ့လ၊ ဝီရိယထားပြီး အချိန်တိကျပါ။ အချိန်တိကျပြီလားဆိုရင် လူတိုင်းအတွက် အဆင်ပြေတယ်။ လိုတာထက်ပိုပြီး အားစိုက်ပေးရမယ်။ လူတစ်ယောက်ကလေ သူများကို ဂရုစိုက်ပေးရတာ အရမ်း အလုပ်ရှုပ်တယ်။ မှန်တယ်။ ဒါပေမဲ့ အဲ့ဒီ ဂရုစိုက်မှုကို ကိုယ်က သူများထက် ပိုလုပ်ပေးလိုက်ရင် အဆင်ပြေမယ်လို့ ထင်တယ်။ သူများထက် ပိုလုပ်ပေးချင်တယ်။ အားပေးချင်တယ်။ ဒီအလုပ်က စိတ်ရှည်မှ ဖြစ်တဲ့အတွက် သည်းခံပါလို့ ပြောချင်ပါတယ်။

Benadeth

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here