ဧရာဝတီမြစ်ထဲ အမှိုက်မပစ်ကြပါနဲ့

2282

မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ နေထိုင်သူများသည် မြစ်ကမ်းဘေးမှာသာ အမှိုက်ပစ်လေ့ရှိကြကြောင်း၊ဧရာဝတီ မြစ်ကမ်းအနားတွင်နေထိုင်သူများက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထိုသို့ အမှိုက်လာပစ်သည်မှာ မြစ်ကမ်းနံဘေးနေထိုင်သူများသာမက တခြားသူများပါ လာပစ်ကြကြောင်းနှင့် ကြောင်သေကောင်၊ ကြက်သေကောင် စသည့် အသေကောင်များနှင့် ပလတ်စတစ်၊ ကော်ဘူး၊ ကြွပ်ကြွပ်အိပ်များ လာပစ်ကြကြောင်း၊ ယင်းသို့မပစ်ကြရန် အုပ်ချုပ်ရေးမှူးမှ အစည်းအဝေး၌ တားမြစ်ပြောကြားထားသော်လည်း မလိုက်နာကြကြောင်း၊ ဧရာဝတီမြစ်ဘေး စီတာပူရပ်ကွက်နေ ဒေါ်နန်ဘူက ပြောသည်။

“စည်ပင်အမှိုက်ကားက ဒီအနောက်လမ်းကြား မရောက်ဘူး။ ဟိုဘက်လမ်းမှာပဲရောက်တာ။ ကျွန်မတို့က အမှိုက်နံ့ ခံစားရတာ။ အဲဒါကြောင့် လမ်းမကြီးနဲ့နီးတဲ့သူတွေကို စည်ပင်အမှိုက်ကားမှာပဲ ပစ်ကြပါလို့ပြောတယ်။ ကျွန်မတို့က အရမ်းပြောတယ်။ အမှိုက်မပစ်ကြပါနဲ့လို့ ပြောတယ်။ ဒါပေမဲ့ ညသန်းခေါင်အချိန်ဆိုရင် လာပစ်ကြတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် မြစ်နားရှိ အမှိုက်များကို နှစ်လတစ်ကြိမ်အမှိုက်မီးရှို့လေ့ရှိပြီး၊ မြစ်ရေကြီးလာချိန် တွင်လည်း ကမ်းနားမှ အမှိုက်များသည် ဧရာဝတီ မြစ်ရေသို့ မျှောပါသွားကြောင်း ဒေါ်နန်ဘူက ဆက်လက်ပြောသည်။

ဧရာဝတီမြစ်ကမ်းဘေးမှာ အနှစ် ၂၀ နီးပါး နေထိုင်နေသူ အသက် ၆၅ နှစ်အရွယ်ရှိ အမည်မဖော်လိုသူက“အသေကောင်တွေ လာပစ်တော့ ထမင်းစားလို့လည်းမရဘူး၊ ရေသောက်လို့လည်း မရဘူး။ နံစော်နေတာပဲ”ဟု ပြောသည်။

မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်ရှိ စက်လှေဆိပ်၌လည်း သဲကျောက်ကားများ၊ သုံးဘီးများ၊ ဆိုင်ကယ်များဖြင့် အမှိုက်သယ်လာပြီး မြစ်ကမ်းဘေးနားတွင် လာရောက် စွန့်ပစ်ကြကြောင်းနှင့် ထိုသို့စွန့်ပစ်ထားသည့်အမှိုက်များသည် မိုးရာသီရေကြီးသည့် အချိန်တွင် ဧရာဝတီမြစ်ထဲ အကုန်မျောပါသွားကြောင်း ကချင်စုရပ်ကွက်ရှိ စက်လှေဆိပ်အနီးမှာ ၁၀နှစ်ကျော်ခန့်နေထိုင်သူ မသဲချိုက ပြောသည်။

“လာပစ်ရင်လည်း ကုန်းပေါ်မှာပစ်တာ များတယ်။ ကမ်းစပ်တွေမှာ မပစ်နဲ့ ပစ်ချင်ရင်လည်း မြစ်ထဲကိုပစ်ကြလို့ ပြောရင်လည်း မရဘူး။ အမတို့က ကမ်းစပ်မှာ ရေချိုးနေတာလေ။ အမတို့က အမှိုက်တွေကို အိတ်တွေ၊ ပုံးတွေမှာထည့်ပြီး မြစ်ထဲကို ပစ်တယ်။ ရေကြီးတဲ့အချိန်တော့ အမှိုက်တွေအကုန်ပါသွားတယ်။ အခုရှိနေတာတွေက ရေကြီးပြီးနောက်ပိုင်းကဟာတွေ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

သန့်မြန်မာအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့်သဘာ၀ အပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)က ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဧရာဝတီမြစ် တစ်လျှောက်တွင် ကွင်းဆင်းလေ့လာခဲ့ကြခြင်း ဖြစ်ကာ၊ ပလတ်စတစ်ညစ်ညမ်းမှုကို သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြင့် ဧရာဝတီမြစ်သည် ကမ္ဘာပေါ်မှာ အညစ်ညမ်းဆုံးနံပတ် ၉ အဆင့်တွင် ရှိနေကြောင်း သုတေသနပြုခဲ့သည့်အဖွဲ့က ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက သြဂုတ်လ ၇ ရက်နေ့က ရေးသားထားသည်။

ထိုသို့ ဧရာဝတီမြစ် ညစ်ညမ်းလာမှုသည် အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း၊ ဥပဒေနှင့်အညီ လက်တွေ့ဆောင်ရွက်မှု မရှိခြင်း၊ မေခမြစ်၊ ငေါ့ချမ်းမြစ်ဘက်တို့တွင် သတ္တုတူးဖော်မှုများရှိနေခြင်းကြောင့်နှင့် ပြည်သူများလည်း အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ခြင်း မရှိခြင်းများကြောင့်ဖြစ်သည်ဟု KDNG မှ အတွင်းရေးမှူးဦးစားဂျီက သုံးသပ်ပြောသည်။

“အစိုးရက စည်းကမ်းတွေ ချမှတ်ပေးရင်တော့ ပြည်သူတွေက လိုက်နာမယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်အရေးယူမှုတွေ ရှိရမယ်။ ပြည်သူတွေက အရေးယူမှုတွေမရှိတော့ မလိုက်နာရင်လည်းရတယ်၊ ကြိုက်သလိုအမှိုက်ပစ်မယ် ဆိုတဲ့သဘောရှိတယ်”ဟု ဦးစားဂျီက ပြောသည်။

မြစ်ကြီးနားမြို့သည် ရပ်ကွက် ၂၈ ခု လူဦးရေ ၂သိန်းကျော်ရှိပြီး၊ စည်ပင်ဝန်ထမ်းများအနေဖြင့် အမှိုက်သိမ်းကား ၁၆ စီးဖြင့် မြို့တွင်းအမှိုက်သိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီမြစ်ဆိပ်ထဲသို့ စွန့်ပစ်ထားသော အမှိုက်များကို စက်လှေဖြင့် အမှိုက်သိမ်းခြင်းများ ပြုလုပ်နေကြောင်းလည်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမိထွယ်ဇော်လတ်က ပြောသည်။

“အချို့ ပြည်သူတွေက ကျွန်တော်တို့ ဘယ်လောက်ကြိုးစားပေမယ့် အမှိုက်ကို ကြိုက်သလို ပစ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စည်ပင်တွေက အမှိုက်သိမ်းဖို့ တာဝန်ရှိတာနဲ့အညီ အမှိုက်သိမ်းတာကို ကြိုးစားပြီးလုပ်ဆောင်တယ်”ဟု ဦးမိထွယ်ဇော်လတ်က ပြောသည်။

စည်ပင်အနေဖြင့် မြစ်ကမ်းဘေးရှိ စားသောက်ဆိုင်များ၊ ရပ်ကွက်တွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များပိုင်ရှင်များကိုလည်း ခေါ်ယူကာ အမှိုက်မည်သို့ပစ်ရမည်ကို ရှင်းလင်းပြောပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ကြကြောင်း ဦးမိထွယ်ဇော်လတ်က ဆက်လက်ပြောသည်။

“တချို့က လိုက်နာကြတယ်။ တချို့က မြစ်ကမ်းနားမှာပဲ လာပစ်ကြတယ်။ ကျွန်တော့်အိမ်က မြစ်ဘေးမှာပဲဆိုတော့ ပိုတွေ့ရတယ်။ အမှိုက် ပစ်လွယ်ရန်အတွက် သူတို့နဲ့ ဆွေးနွေးတာတွေ လုပ်ဆောင်သွားမယ်”ဟု ၎င်းက ပြောသည်။

မြစ်ကြီးနားမြို့အတွင်း အမှိုက်ပုံးများ ထားပေးခြင်း၊ အမှိုက်သိမ်း လမ်းကြောင်းတိုးချဲ့ခြင်းနှင့် အမှိုက်ပစ်မည့် နေရာသတ်မှတ်ချက်များကို ဆက်လက်ဆောင်ရွက်သွားရန် စီမံချက်ရေးသားခြင်းများ ပြုလုပ်နေကြောင်းနှင့် စည်ပင်အနေဖြင့် ပြည်သူများကို အမှိုက်ပစ်ရမည့်စနစ်ကို နားလည်သူ များလာသည့်အချိန်မှသာ သတ်မှတ်ထားသည့် နေရာတွင်အမှိုက်မပစ်ပါက ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here