၂၀၂၁ မှသည် စစ်မှန်သည့် ငြိမ်းချမ်းရေးဆီသို့

936

မြစ်ကြီးနားသတင်းဂျာနယ် ပရိသတ်ကြီးကို နှစ်သစ်မှာ  စိတ်၏ ကျန်းမာခြင်း၊  ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

နိုင်ငံတစ်ခုတွင် ပြဿနာပဋိပက္ခများ ကိုယ်စီရှိတတ်ကြပြီးတော့ သယံဇာတခွဲဝေမှု ပြဿနာတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ လာဘ်ပေးလာဘ်ယူမှု များတာတွေ၊ ကိစ္စရပ်တွေဟာ နိုင်ငံတစ်နိုင်ငံကို ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအချက်တွေဆိုရင် မှားနိုင်မှာ မဟုတ်ပါ။

မြန်မာနိုင်ငံသည် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရသည့် နိုင်ငံဖြစ်ပြီး သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီးကို မငြိမ်းသတ်နိုင်သေးသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့ တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်မှာလည်း နှစ်ပေါင်း(၇၀)ကျော် ရှိပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ ၂၀၂၁ ဇွန်လ (၉)ရက်နေ့မှာ (၁၀)နှစ် တင်းတင်းပြည့်တော့မည် ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးရဲ့ အရိပ်အယောင်ပင် မတွေ့ရသေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခဲ့တဲ့ (၅)နှစ်အတွင်းမှာ ပင်လုံညီလာခံကို (၄)ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး  ကျန်တဲ့ တွေ့ဆုံညှိနှိုင်းမှုများ အားနည်းခဲ့သည်ကို တွေ့ရသည်။ နောက်ဆုံးပင်လုံညီလာခံမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ခတ်မာမာပြောခဲ့သဖြင့် ဆက်လျှောက်ရမည့် ငြိမ်းချမ်းရေးအတွက် ခလုတ်ကန်သင်း ဖြစ်ခဲ့ရသည်။

မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲပေါင်း အကြိမ်ရေ (၂၀၈၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေဖက်မှ သိရသည်။ ယင်းကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းစစ်ကြီး ငြိမ်းအေးရန် မသေချာသေး။

သို့သော် ကချင်ပြည်နယ်အတွင်း၌ ငါးနှစ်အတွင်း စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ဒေါက်တာခလမ်ဆမ်ဆွန် ဦးဆောင်သည့် KHCC အဖွဲ့မှ ဦးဆောင်လှုပ်ရှားလာရာကနေ နန်ဆန်ယန်နေရပ်ပြန် အိမ်ထောင်စု (၁၀၀)ကျော် ရှိခဲ့သည့်အပြင် ဆက်လက်ပြီးလည်း ကြိုးစားရုန်းကန်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအတွင်းက ပြည်သူလူထုရဲ့ အဓိကမျှော်လင့်တောင့်တချက်သည် “စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး”ပင် ဖြစ်သည်။ မငြိမ်းချမ်းသည့် နယ်မြေမှ  ပြည်သူများအနေဖြင့် လက်နက်၏ သက်ရောက်မှုများကို ဆက်တိုက်ခံစားနေကြရသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ဦးနှင့်တစ်ဦး အာဃာတတရားတွေကို လျှော့ချသင့်သည်။ တိုင်းရင်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊  စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် စသည်များကို ဖော်ဆောင်ပေးမှသာလျှင် အများပြည်သူ လိုချင်တောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

၂၀၂၁ တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးအရဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် လုပ်ဆောင်ကြမည်ဟု ယုံကြည်ရသည်။ ၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်း ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖော်ဆောင်ရန် တိုင်းရင်းသားပါတီများနှင့် အတူတကွ လုပ်ဆောင်ရန် ကမ်းလှမ်းခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ရန်မှာ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ကြရန် အထူးလိုအပ်လှသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး၏ အနှစ်သာရကို လူထုတစ်ရပ်လုံးခံစားနိုင်ကြရန် လက်နက်ကိုင်တပ်ဖွဲ့အားလုံး စားပွဲဝိုင်း၌ဆွေးနွေးကြရင်း ငြိမ်းချမ်းသည့်နိုင်ငံတော်သစ်ကြီးကို ဖော်ဆောင်စေလိုကြောင်း မြစ်ကြီးနားသတင်း ဂျာနယ်မှ တိုက်တွန်းရေးသားအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here