ကချင်ပါတီသုံးခုပေါင်းစည်းဖို့ ပြည်သူလူထုဆင်ခြင်ဆုံးဖြတ်တဲ့ လူထုအကြံပေးကော်မရှင်က ဆုံးဖြတ်တာကို လက်ခံချင်တယ်ဆိုတဲ့ KNC ပါတီဥက္ကဋ္ဌ

1314

ကချင်ပြည်နယ် အစိုးရအဖွဲ့ကို စတင်တည်ထောင်သူရဲ့ မြေးတစ်ဦးလည်းဖြစ်ပြီး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးတို့ တစ်စိုက်မတ်မတ်လုပ်ဆောင်ပြီးပြည်သူတွေရဲ့ အသံကိုနားထောင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမယ်ဆိုတဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ Dr M.Kawn La နှင့် တွေ့ဆုံခြင်း

မေး ။   ။ ဆရာဒီပါတီဥက္ကဋ္ဌအဖြစ် တနှစ်ကစတင်တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။ ဒီပါတီဥက္ကဋ္ဌ မလုပ်ခင်က ဆရာဆောင်ရွက်ခဲ့တဲ့ တာဝန်တွေကို ပြောပြပေးပါဦး။

ဖြေ ။    ။ ကျွန်တော်က သွားဘက်ဆိုင်ရာအထူးကု ဆရာဝန်တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ အဖိုးက ဒူဝါဇော်လွမ်ပါ။ ဒီကချင်ပြည်နယ်ရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌပါ။ ၁၉၅၂ – ၅၃ ဖဆပလကို အောင်နိုင်ပြီးတော့ ကချင်ပြည်နယ်အစိုးရကိုစဖွဲ့တာ ကျွန်တော့်အဖိုးပါ။ နောက်တစ်ခါ ဒီပါတီကို စတင်ထူထောင်တဲ့ အုပ်စုထဲမှာလည်း ခေါင်းဆောင်က ဒူဝါဇော်လွမ်ပါပဲ။ အဖိုးက နိုင်ငံရေးသမိုင်းကို မျိုးစေ့ချခဲ့တယ်။ ကျွန်တော်တို့က နိုင်ငံရေးမျိုးဆက်တွေ ဖြစ်ပါတယ်။ ကျွန်တော် အသက်မွေးဝမ်းကြောင်းအလုပ်က သွားဘက်ဆိုင်ရာ ဆရာဝန်ပါ။ နေပြည်တော်မှာအခုတော့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်ပေါ့။ အပြင်မှာ ဒီပါတီအလုပ်လုပ်တော့ အဲဒီတာဝန်ကို မထမ်းဆောင်နိုင်တော့လို့ နှုတ်ထွက်ထားပါတယ်။ နောက်တစ်ခုက ဒီပါတီကို နိုင်ငံရေး မျိုးဆက်အနေနဲ့ ၀င်လုပ်တာပါ။ လုပ်တဲ့နေရာမှာ KNC လို့ ဆိုလိုက်တာနဲ့ ကျွန်တော်လုပ်ရမယ့်အလုပ်လို့ထင်ပြီး လုပ်တာပါ။ ၂၀၁၆ ခုနှစ် မတ်လကစ၀င်တယ်။ အဲဒီရှေ့လည်း ကျွန်တော်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး လေ့လာတာတွေ၊ စာရွက်စာတမ်း ဖတ်တာတွေ၊ သမိုင်း လေ့လာတာတွေ လုပ်ခဲ့ပြင်ဆင်ခဲ့ပြီးမှ ကျွန်တော်နဲ့သင့်တော်တယ်လို့ထင်ပြီး ၀င်တာပါ။ ကျွန်တော် ဗဟိုကော်မတီသက်တမ်းမှာပဲ ၂၀၁၆ ဇူလိုင်လ ၈ ရက်နဲ့ ၉ ရက်မှာ ကချင်ဖိုရမ်ကို ဦးဆောင်ပြီး လုပ်ခဲ့ဖူးတယ်။ ဒီနေ့ ကချင်ပြည်နယ်က တိုင်းရင်းသားကိုယ်စားလှယ်တွေကတော့ အဲဒီတုန်းက ကျွန်တော်တို့ရွေးခဲ့တဲ့သူတွေကိုပဲ ခန့်ထားတယ်။ အကျိုးသက်ရောက်မှု အကြီးကြီး ခံစားရတယ်ပေါ့နော်။

 

မေး ။   ။ ပါတီရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါဦး။

ဖြေ ။    ။ KNC ပါတီက ၁၉၄၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့က ကျွန်တော်တို့ အဲဒီသမိုင်းကို ဆက်ပြီးသွားနေတယ်။ မူရင်းရည်ရွယ်ချက်ကတော့ ဒီမိုကရေစီပဲ။ နောက်ပြီးဒီမိုကရေစီရယ် ဖက်ဒရယ်ရရှိရေးအတွက် ပါတီကိုထောင်ခဲ့တယ်။ အခု ကျွန်တော်တို့ လက်ထက်မှာ အဆင့်ဆင့် လက်ဆင့်ကမ်းလာတာပါ။ ရွှေးကောက်တင်မြှောက်ခြင်းနဲ့ပဲသွားတယ်။ ပါတီရဲ့မူဝါဒကလည်း ၁၉၄၉ ကိုပဲအခြေခံထားတယ်။ ဒီလိုအခြေခံထားတော့ ပင်လုံမူဝါဒမှ ကျွန်တော်တို့က ၈ ယူနစ်ပေါ့။ လူမျိုးစု ၈ စုနဲ့ ပြည်ထောင်စုကိုဖွဲ့စည်းထားတယ်လို့ပဲ ဆက်ပြီး လက်ခံထားတယ်။ ဒီလိုနည်းနဲ့ပဲ သွားမယ်။ ကျွန်တော်တို့ လက်ထက်ကြမှ အသစ်အဆန်းထပ်ထွင်ထားတာ မရှိပါဘူး။

 

မေး ။   ။ ၂၀၁၅ တုန်းက ဆရာတို့ပါတီကို ပြည်သူလူထုက ပါတီအတွင်းရှုပ်မှုတွေဖြစ်ခဲ့တဲ့ပါတီလို့ မြင်ကြတယ်လို့ ကြားမိပါတယ်။ ဆရာ့အနေနဲ့ အဲဒီအပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ ။    ။ အဲဒါကတော့ ပါတီတိုင်းမှာ ရှိပါတယ်။ ပါတီဆိုတာလူအများနဲ့ ယုံကြည်ရာကို စုပြီး အလုပ်လုပ်ကြတယ်။ တစ်ကိုယ်ရည် စွမ်းဆောင်မှု အားနည်းခြင်း၊ အားသာခြင်း ရှိပါတယ်။ ကျွန်တော်တို့က ပါတီရဲ့ပေါ်လစီကိုပဲ ကြည့်ပြီးဆုံးဖြတ်ပါတယ်။ မည်သူမဆိုပါတီရဲ့စည်းကမ်းကို ချိုးဖောက်မယ်ဆိုရင် ပါတီရဲ့ပေါ်လစီကို တာဝန်ယူမှုတာဝန်ခံမှုအပိုင်း မရှိတော့ဘူးဆိုရင် စွပ်စွဲပြစ်တင်ပြီးတော့ အရေးယူခြင်း ခံရနိုင်ပါတယ်။ ကျွန်တော်တို့ပါတီမှာတော့ အဲဒီလိုစံနှုန်းတွေနဲ့ လုပ်ဆောင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တာဝန်ယူမှု တာဝန်ခံမှုမရှိခဲ့ဘူးဆိုရင် ဗဟိုကော်မတီဝင်တွေက စွပ်စွဲပြစ်တင်နိုင်ပါတယ်။ အရင်ဖြစ်တဲ့ ပါတီတွင်းက ပြဿနာတွေကိုလည်း ပါတီရဲ့ စည်းမျဉ်းပေတံတွေနဲ့ တိုင်းပါတယ်။ တစ်ခုခုဆို တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ မသွားပါဘူး။ ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ သွားပါတယ်။ ဆုံးဖြတ်တဲ့သူကလည်း တာဝန်ခံရပါတယ်။ စံနှုန်းသတ်မှတ်ချက်တွေကို ထူထောင်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိတာပေါ့။ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့သူတွေ ဦးဆောင်လာရင် ခက်တယ်လေ။ အဲဒါကြောင့် စည်းမျဉ်းတွေ ချမှတ်ထားတာပါ။

 

မေး ။   ။ ဆရာတို့ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး သိပါရစေခင်ဗျ။

ဖြေ ။    ။ ရွေးကောက်ပွဲမဟာဗျူဟာတစ်ခုတော့ ချထားပြီးပါပြီ။ အမာခံမြို့နယ်ရယ်၊ အမာခံနယ်မြေနဲ့ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးပေါ့။ အဲဒီလိုတွေတော့ ချမှတ်ပြီးပြီ။ ကျန်တဲ့ဟာတွေကတော့ ကျွန်တော်တို့ ပုံမှန်အတိုင်းဆက်သွားမယ်။ ပထမ ဦးစားပေးကတော့ ၅ မြို့နယ်၊ ဒုတိယဦးစားပေးကတော့ ၃ မြို့နယ်ပေါ့နော်။ ကချင်ပြည်နယ် ၁၈ မြို့နယ်မှာ ၈ မြို့နယ် ၀င်ပြိုင်မှာပေါ့။ ဘယ်မြို့နယ်တွေလဲဆိုတာတော့ ပြောလို့ မရသေးပါဘူး။ ပြည်သူလူထုနဲ့ တွေ့မယ်။ သူတို့ လိုအပ်ချက်တွေမေးမယ်။ ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ ဖြစ်စဉ်တွေ ရှင်းပြမယ်။ အဓိကကတော့ ကချင်ပြည်နယ်မှာ နိုင်ငံရေးနဲ့ ကင်းကွာနေတာ များတယ်။ နိုင်ငံရေးတွေကို နားမလည်တာများတော့ ထဲထဲဝင်ဝင် မလုပ်ကြဘူး။ အဲဒါတွေကိုလည်း ပြည်သူလူထုကို အမြင်ဖွင့်တာတွေ လုပ်မယ်။

 

မေး ။   ။  ပြည်သူတွေအနေနဲ့ ဆရာတို့ပါတီကို မဲပေးရမယ်ဆိုရင် ဘယ်လိုအရာတွေကိုမျှော်လင့်ပြီး မဲထည့်ရမလဲ။ ဆရာတို့ဘက်ကရော ဘာတွေလုပ်ဆောင်ပေးသွားမှာလဲ။

ဖြေ ။    ။ မျှော်လင့်လို့ ရတယ်ဆိုတာက ကျွန်တော်တို့ နိုင်ငံရေးအစုအဖွဲ့ကြီး ရှိတယ်။ UNA (United Nationality Allains) မှာ ကချင်ပါတီထဲမှာ ကျွန်တော်တို့ပါတီတစ်ခုပဲ ပါတယ်။ ဒီအဖွဲ့ကလည်း ဖက်ဒရယ်ရယ် တန်းတူညီမျှရေးကိုပဲ အဓိကထားတာ။ လူမျိုးစုအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သာစေနာစေရယ်လို့ မဟုတ်ဘူးပေါ့နော်။ လူများစုက လူနည်းစုကို အနိုင်ကျင့်တာတွေ မရှိရလေအောင် လူနည်းစုဘက်က လေးစားရမယ်။ အဲဒါတွေ လုပ်ပေးနိုင်မယ်။ နောက်ထပ် မျှော်လင့်လို့ ရတာက ကျွန်တော်တို့က ၁၉၄၇ ဖက်ဒရယ်ကိုပဲဆက်ပြီး တိုက်ပွဲဝင်မှ ဖြစ်တယ်။ ၁၉၄၇ ပင်လုံရဲ့ အနှစ်သာရကို အကောင်အထည်ဖော်မယ်။ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရင် ဒီကိစ္စကို ပြည်ထောင်စုအစိုးရနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်။ ပြည်သူလုထုက မျှော်လင့်နေတဲ့ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ကို ရနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမယ့် ပါတီတစ်ခုပါလို့ ပြောချင်ပါတယ်။

 

မေး ။   ။  ဆရာတို့ ကချင်သုံးပါတီ ပူးပေါင်းပြီးတဲ့နောက်မှာရော ဘယ်လိုပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိလဲ။

ဖြေ ။    ။ အခုလောလောဆယ်မှာတော့ ပူးပေါင်းတဲ့အပိုင်းမှာတော့ ကျွန်တော်တို့ပါတီအနေနဲ့  တောင်းဆိုထားတာရှိတယ်။ သူ့ဟာနဲ့သူ လာပေါင်းတာကိုတော့ ကျွန်တော်တို့ သိပ်လက်မခံဘူး။ နံပါတ် ၁ က လူထုက ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အကြံပေးကော်မတီနဲ့ ပူးပေါင်းတာကို လိုချင်တယ်။ မဟုတ်ရင် ပြဿနာကတကယ်လုပ်နေတဲ့သူကို မလုပ်နိုင်တဲ့သူက လာပြီး အနှောင့်အယှက်ပေးရာ ကျတယ်ပေါ့နော်။ ကျွန်တော်တို့ ကချင်ပါတီတွေကြားမှာ ဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ပြည်သူလူထု ဆင်ခြင်ဆုံးဖြတ်တဲ့ လူထုအကြံပေးကော်မရှင်က ဆုံးဖြတ်တဲ့ဟာကို လက်ခံချင်တယ်။ ကျွန်တော်တို့ တင်သွင်းတဲ့ အချက် ၅ ချက်ကို လက်ခံရင် ဆက်သွားမယ်။ ဒီအဆင့်မှာပဲ ရှိသေးတယ်။ နောက်ဘာတွေဆက်လုပ်မယ်ဆိုတာ မဆွေးနွေးရသေးဘူး။ လာမယ့် ၂၀၂၀မှ ဒါကိုဆက်ဆွေးနွေးပြီး အဖြေထုတ်ဖို့ ရှိပါတယ်။ အခုလောလောဆယ်တော့ မူအရ ပေါင်းထားပြီ။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ အကုန်လည်းလက်ခံတယ်ဆိုတော့ ကြေညာလိုက်တာပါ။

 

မေး ။   ။ ဆရာ့အနေနဲ့ မြစ်ကြီးနားသတင်းဂျာနယ်ကနေတစ်ဆင့် ပြည်သူတွေကို ဘာများ ပြောချင်ပါသေးသလဲ။

ဖြေ ။    ။ ကျွန်တော်တို့ လုပ်နေတဲ့ကာလဆိုတော့ ပြင်ဆင်ကြိုးစားဆဲပေါ့။ ပြောချင်တာ တစ်ချက်ကတော့ ပါတီပေါင်းစည်းတာတွေက မဟာဗျူဟာထဲမှာ ပါတယ်။ ဒါပေမယ့်လည်း ပေါင်းစည်းပြီးတော့ ပြည်သူအတွက် အလုပ်မလုပ်တာတော့ မဖြစ်စေချင်ဘူးပေါ့။ နိုင်ငံရေးလှုပ်ရှားမှုကတော့ ကျွန်တော်တို့ပါတီအနေနဲ့ ဆက်လုပ်နေရမှာပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here