နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်တဲ့အထိ ကွာလတီကောင်းကောင်း ဆက်လက်ရိုက်ကူးသွားမယ်ဆိုတဲ့  ဂီလာရုပ်ရှင်ဒါရိုက်တာ ဒီထဲဒီ

1239

ပထမဦးဆုံး  ရ၀မ်စကားပြော ရ၀မ်လူမျိုးတို့၏ရုပ်ရှင် (ဂီလာ)ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာဒီထဲဒီနှင့် ဂီလာရုပ်ရှင်ရိုက်ကွင်းနောက်ကွယ်က အခက်အခဲများအကြောင်း တွေ့ဆုံမေးမြန်းထားသည်များကို မြစ်ကြီးနားသတင်းဂျာနယ် ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။  ပထဦးဆုံးအနေနဲ့ အစ်ကိုရဲ့အမည် နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါဦးရှင့်။ 

ဖြေ။ ။ကျွန်တော့်နာမည် ဒီထဲဒီပါ ။ ကချင်တိုင်းရင်းသား ရ၀မ်လူမျိုးပါ ခင်ဗျာ။

 

မေး။ ။ D Star film Production မှာ အစ်ကို တာဝန်ယူထားရတဲ့အပိုင်းလေးနဲ့ စတင်တည်ထောင်ခဲ့တဲ့ ခုနှစ်လေးကိုပြောပြပေးပါရှင့်။

ဖြေ။ ။ကျွန်တော်ကတော့ D Star Film Production  မှာ ဒါရိုက်တာ တာဝန်ကိုယူထားပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက စတင်တည်ထောင်ခဲ့တာပါ။

 

မေး။ ။ဘယ်လိုအကြောင်းတွေကြောင့် ဂီလာဆိုတဲ့ ရ၀မ်ရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့ရတာလဲရှင့်။

ဖြေ။ ။ကျွန်တော် အရင်တုန်းက ရန်ကုန်မှာ ရုပ်ရှင်တွေဗီဒီယိုတွေရိုက်ရင် ဆက်တင်ပိုင်းကို ကျွန်တော် တာဝန်ယူပြီး လိုက်လုပ်ပေးဖူးတယ်၊ အဲ့ဒီအချိန်တုန်းက ရန်ကုန်က ဒါရိုက်တာတွေက  ငြီးနေတာ ဇာတ်လမ်းဆန်းတာလေးရိုက်ချင်တယ်ပေါ့။ ကွဲထွက်နေတဲ့ဇာတ်လမ်းမျိုးတွေ ရိုက်ချင်တယ်။ တစ်ခါလာလည်း ဒီမင်းသားမင်းသမီးနဲ့ ဒီဇာတ်လမ်းတွေပဲရိုက်နေတော့ ရိုးနေပြီပေါ့ ဒါနဲ့ ကျွန်တော်လည်းစဉ်းစားလိုက်မိတယ် ကျွန်တော်တို့လူမျိုးတွေကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်ခိုင်နဲ့ရိုက်မယ်လို့ စိတ်ကူးထားလိုက်တယ်။ နောက်တော့ ကျွန်တော်လည်း ဇာတ်လမ်းတွေ ဇာတ်ညွှန်းတွေ သေချာလေးရေးပြီးသွားတာနဲ့ တစ်ခါတည်းရိုက်ကူးဖြစ်ခဲ့တယ်။  သူများနဲ့မတူအောင် ရ၀မ်စကားပြော ရ၀မ်ရုပ်ရှင်စစ်စစ်ကို ရိုက်ကူးလိုက်တာပါ။

 

မေး။ ။ရိုက်ကူးစဉ်တုန်းက ဘယ်လိုအခက်အခဲတွေရှိခဲ့လဲရှင့်။

ဖြေ။ ။အခက်အခဲကတော့ သရုပ်ဆောင်တွေအားလုံးကအသစ်ဆိုတော့ သရုပ်ဆောင်တာ ပီပြင်အောင် သင်ရင်းရိုက်ရင်းဆိုတော့ ရိုက်ရက်တွေကြာသွားတယ်။ ပြီးတော့ ဖုန်ဂမ်ရာဇီရေခဲတောင်ဘက်မှာ သွားရိုက်တာဆိုတော့ ရာသီဥတုအရမ်းကြမ်းတယ်။ တောနက်ထဲလည်း ရိုက်ရတာဖြစ်တဲ့အတွက်    သရုပ်ဆောင်တွေက တောထဲက ဆူးတွေနင်းမိကြတယ်။ ဆူးတွေက တကယ်ကို အဆိပ်ပြင်းတော့ သရုပ်ဆောင်တစ်ဦးဆိုရင် ခြေတစ်ဖက်က ပုပ်တဲ့အထိအခြေအနေဆိုးသွားတယ်။ ပြီးတော့ ဖြုတ်ကောင်တွေ လည်းကိုက်တာခံရတယ်။ တခြားသရုပ်ဆောင်တွေအားလုံးလည်း အနည်းနဲ့အများတော့ ဒဏ်ရာတွေရခဲ့ကြတယ်။ တော်တော်လေးကို ကျွန်တော်တို့ရုန်းကန်ပြီးရိုက်ကူးခဲ့ရတာပါ။

 

မေး။ ။အစ်ကို့ရုပ်ရှင်ကလူမှုကွန်ရက်မှာ ရုပ်ရှင်အမြည်းလေး စတင်ဖြန့်ခဲ့တဲ့အချိန်ကစပြီး အားပေးမှုမြင့်တက်ခဲ့တဲ့အပေါ် အစ်ကို့ရဲ့ခံစားချက်လေးပြောပြပေးပါဦးရှင့်။

ဖြေ။ ။ကျွန်တ်ာထင်ထားတာထက်ပိုပြီး အားပေးခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို ၀မ်းသာတယ်။ တကယ်ကိုမထင်ထားတာ အဲ့လောက်အားပေးမယ်လို့၊ ပရိသတ်တွေ ကြိုက်နှစ်သက်တယ်ဆိုတော့လည်း ပင်ပန်းရကျိုးနပ်တာပေါ့။

 

မေး။ ။ ဂီလာရုပ်ရှင်က  စတင်ပြသတဲ့ ရက်ကတည်းကလူစိတ်ဝင်စားမှုလည်းမြင့်တက်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့တယ်ဆိုတော့ ဒါရိုက်တာတစ်ဦးအနေနဲ့ အကယ်ဒမီမှန်းလားရှင့် ။

ဖြေ။ ။အကယ်ဒမီကတော့ မမှန်းသေးပါဘူးခင်ဗျာ။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်ပိုင်းတွေရော တခြား အစစအရာရာ လိုအပ်ချက်တွေအများကြီးရှိသေးတယ်။ ဒီကြားထဲ စက်က အဆင်မပြေတာတွေဖြစ်သွားတော့ ကားကူးကားဆက်လုပ်တဲ့အချိန် ဒုက္ခရောက်သွားခဲ့ရတာတွေ ရှိတယ်။

 

မေး ။ ။ အစ်ကို့အနေနဲ့ အခုလို ရ၀မ်ရုပ်ရှင်တွေ ထပ်မံရိုက်ကူးသွားဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ရိုက်ရင်ကတော့  နိုင်ငံတကာအဆင့်အတန်းမီအောင် သေချာအချိန်ယူပြီး ရိုက်ကူးသွားမယ်။ ပြီးရင် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်တဲ့အထိ ကွာလတီကောင်းကောင်းနဲ့ ရိုက်ကူးသွားဖို့ အစီအစဉ်ရှိပါတယ်။

မေး ။ ။ထပ်မံရိုက်ကူးသွားမယ့် ရုပ်ရှင်မှာ အရင်ဂီလာရုပ်ရှင်က မင်းသားသမီးတွေနဲ့ ဆက်ပြီးရိုက်ကူးသွားဖို့အစီအစဉ်ရှိလား။

ဖြေ။ ။အဆင်ပြေတဲ့သရုပ်ဆောင်တွေနဲ့တော့ ဆက်ပြီးရိုက်ကူးမှာပါ။ တချို့သရုပ်ဆောင်တွေက အချိန်မပေးနိုင်တာတို့ မအားတော့တာတို့ရှိတော့ ဒီတစ်ခါရိုက်ကူးရင်တော့ သရုပ်ဆောင်အသစ်တွေလည်း ပါဖို့အစီအစဉ်ရှိတယ်။

 

မေး။ ။ထပ်မံရိုက်ကူးသွားမယ့် ရုပ်ရှင်နဲ့ပက်သက်ပြီး ပရိသတ်ကြီးကို စကားလက်ဆောင်လေး ပြောပေးပါဦးရှင့်။

ဖြေ။ ။ကျွန်တော့် ပထမဦးဆုံးဂီလာရုပ်ရှင်ကို အားပေးသလို နောက်ထပ်ရိုက်ကူးသွားမယ့်ရုပ်ရှင်တွေကိုလည်း အားပေးကြပါဦး ခင်ဗျာ။ ကျွန်တော်ဒီထဲဒီဒီထက်ပိုပြီး ပရိသတ်ကြီးအကြိုက်နဲ့ ထပ်တူကျအောင်ရိုက်ကူးသွားပါ့မယ်လို့ ပြောချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here