ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ်ရှိ ကျေးရွာများနှင့် မဘိမ်းမြို့နယ်ဘက်က ကျေးရွာအများစုတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး ကျေးရွာဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

241

ဒီဇင်ဘာ၊ ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ်အစပ်က ကျေးရွာတွေအပြင် မဘိမ်းမြို့နယ်ဘက်က ကျေးရွာအများစုမှာ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နဲ့လည်း စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီဘက်ကနေ စစ်ရေးလှုပ်ရှားနေတဲ့ မန်စီမြို့နယ် နမ်လိမ်းပါကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ မုန်းဒိန်ပါကျေးရွာတွေဟာဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က ကျေးရွာတွေဖြစ်တဲ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ်တွေထိပါ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမိတ်တပ်ဖြစ်တဲ့ ခလရ (၂၂၃) တပ်ရင်းက စစ်ကောင်စီတွေသားတွေ အနေနဲ့ မဘိမ်းမြို့နယ်ဘက်တွေမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိနေပြီး ကျေးရွာဒေသခံတွေကို စပါးရိတ်သိမ်းဖို့ အတွက်တောင် ခွင့်မပြုဘူးလို့ နမ်လိမ်းပါ ကျေးရွာဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အချိန်တိုင်း သတိထားနေရတဲ့အချိန်ပေါ့။ ကျွန်တော်တို့အတွက်တော့ အဓိကတော့ ဒီနမ်လိမ်းပါ အကုန်လုံးပဲ ဒီကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်က ကျေးရွာတွေအကုန်ပဲ” လို့ ဆိုပါတယ်။

လက်ရှိအချိန် အဲဒီဒေသတွေဘက်မှာ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းအများအပြား ဝင်ရောက်နေပြီးတော့ ဒေသခံအချို့ပြောပြချက်အရ KIA တပ်ရင်း (၁၂) နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA တပ်ရင်း (၃၄) နယ်မြေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် ကောင်လွန်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ ကောင်လွန်ကျေးရွာအတွင်း ရောက်ရှိခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခလရ (၃၁၉)၊(၆၀၁)၊ (၄၇) စတဲ့ တပ်ရင်း (၃) ရင်းပေါင်းထားတာဖြစ်ပြီး မန်စီမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့က KIA ရုံးတွေကို မီးရှို့ဖျက်ဆီးသွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

သူတို့က တောထဲမှာပဲ ပုန်းနေတာ။ လမ်းကနေတောင် မဖြတ်ကြတော့ဘူး။ ဟိုတစ်နေ့ကတော့ KIA တွေရဲ့ ရုံးတွေကို မီးရှို့ပေးလိုက်တာတွေရှိတယ်။ ဒါပေမယ့် ကောင်လွန်ကျေးရွာက ရုံးတော့ မရှို့ဘူး။ ရုံးက ကျေးရွာအတွင်းမှာပဲ ရှိတာဟုတ်တယ်။ မိုးလိုင်းရုံးကိုတော့ ရှို့သွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ပတ်ခန့်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သံတံတားကျေးရွာမှာတော့ မိုးမိတ်တပ် ခလရ (၂၂၃) တပ်နဲ့ ခလရ (၃၄၈) တပ်တွေ တပ်စွဲနေထိုင်နေပြီး ကျေးရွာဒေသခံတွေလည်း လက်ရှိချိန်ထိ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒေသဟာ KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း (၁၂) နဲ့ KIA တပ်ရင်း (၂၁)၊ တပ်ရင်း (၂၇) တို့ရဲ့ လှုပ်ရှားရာနယ်မြေတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here