တိုက်ပွဲကြားက ကိုယ်ဝန်ဆောင်နဲ့ မီးဖွားခါစ မိခင်တွေရဲ့ ဘဝ

0
44
တိုက်ပွဲကြားက ကိုယ်ဝန်ဆောင်နဲ့ မီးဖွားခါစ မိခင်တွေရဲ့ ဘဝ

(ဆောင်းပါး)

မြန်မာပြည်မြောက်ဖျားပိုင်း ရွာလေးတစ်ရွာက ထရံကာ၊ သက်ကယ်မိုးထားတဲ့ ဝါးအိမ်လေးရဲ့  အခန်းငယ်လေးထဲမှာ အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ စတုထ္ထမြောက် ရင်သွေးလေးကို  မွေးဖွားပြီး မီးတွင်းရက်တွေကို ဖြတ်သန်းနေပါတယ်။

ရိုးရိုးပုံမှန် နေထိုင်နေတာတော့ မဟုတ်ပါဘူး။ မီးတွင်းရက်မစေ့ခင်မှာ သူတစ်နေရာကို ထွက်ခွာသွားရတော့မယ်ဆိုတာကို သိနေလို့ ကြောက်စိတ်တွေနဲ့ ကလေးငယ်ကို ရင်ခွင်ထဲထွေးပွေ့ပြီး မျက်ရည်စတွေနဲ့ အခန်းထဲမှာ အနာဂါတ်အတွက် တွေးပူပြီး နေထိုင်နေရတာပါ။

“တိုက်ခိုက်လာတဲ့အချိန်ကြတော့ “အိမ်ပြန်လို့မရတော့ဘူး၊ အိမ်နား၊ ရွာနားဝန်းကျင်တစ်ဝိုက်လုံး စစ်တပ်တွေ နေနေကြတော့ ကျွန်မတို့ကပြန်ဖို့လည်း ကြောက်သွားပြီ။ ပြန်အိပ်ဖို့လည်း ညဘက်ဆိုလည်း ကြောက်နေရတော့မှာလေ”   လို့ ဒေါ်ရွယ်လိန်က သူကြုံခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပါတယ်။

ဒေါ်ရွယ်လိန်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဝဝမ်ကျေးရွာမှာ နေထိုင်သူပါ။ လုံခြုံရေးအခြအနေကြောင့် သူ့ရဲ့ အမည်အရင်းကို မဖော်ပြပေးဖို့လည်း တောင်းဆိုပါတယ်။

အောက်တိုဘာလ ပထမအပတ်လောက်က ကိုယ်ဝန်အရင့်အမာကြီးနဲ့ နေအိမ်ကိုစွန့်ခွာပြီးတော့ စစ်ရှောင်စခန်းမှာ သွားရောက်နေထိုင်ခဲ့သူဖြစ်ပြီး တိုက်ပွဲခဏငြိမ်သက်သွားတဲ့အချိန် သူရဲ့နေအိမ် ပြန်ပြီးတော့ မီးဖွားခဲ့သူဖြစ်ပါတယ်။

မိုးမောက်မြို့နယ်ထဲက ဝဝမ်၊ ကွမ်ဘန်၊ လုံဂျာ၊ နောင်ပေါင်း စတဲ့ ကျေးရွာတွေမှာ   စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ မကြာခဏ ရောက်ရှိလာတတ်ပြီး ရွာတွေကို မီးရှို့တဲ့အပြင် လေယာဉ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်  ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေအပြင် ကျေးရွာသူ/သားတွေ  စိုးရိမ်ထိတ်လန့်နေရတာပါ။

စစ်ကောင်စီစစ်ကြောင်းတွေ ရွာအတွင်းဝင်ရောက်လာတိုင်း ထွက်ပြေးနိုင်ဖို့ ရွာသူ/သားတွေဟာ လုံခြုံရာကို ထွက်ပြေးဖို့ အသင့်ရှိနေကြပါတယ်။

မီးဖွားပြီးလို့ ရက်ပိုင်းလေးအတွင်းမှာ ရွာအနီးအနားကို စစ်ကောင်စီတပ်သားတွေ ရောက်နေကြပြီ ဆိုတာကြားလိုက်တဲ့အချိန်  မီးတွင်းရက်မစေ့ခင် နောက်တစ်ခေါက်ပြန် ထွက်ပြေးရတော့မယ်ဆိုတာကို ဒေါ်ရွယ်လိန်တစ်ယောက် သိနှင့်နေပါပြီ။

သူတို့ ရွာအနီးအနားမှ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ (၁၈)ရက်ကနေ စပြီး လေးရက်တိုင်တိုင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေယာဉ်တွေပါဗုံးကြဲခဲ့တာကြောင့် အောက်တိုဘာလ (၂၁) ရက်နေ့မှာ ရက်နေ့မှာတော့ အဆင့်သင့်ထည့်ထားတဲ့ တစ်နိုင်တပိုင် တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ၊ အရေးကြီး စာရွက်စာတမ်းတွေထည့်ထားတဲ့ အိတ်ကိုဆွဲယူပြီး မိသားစုနဲ့တူ ရွာလူကြီးတွေ ခေါ်ရာနောက်ကို လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

သူမအနေနဲ့ အဲဒီအဖြစ်ကို စဉ်စားမိတိုင်းတွင်းမိတိုင်း သူ့ရဲ့ရင်ထဲ နှလုံးတွေတုန်ပြီး ငိုချင်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ ထပ်မံဖြစ်ပေါ်လာတယ်လို့ အားမရှိတဲ့သူ တစ်ယောက်လို ပြန်ပြောပြနေပါတယ်။

အဲဒီဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့တဲ့အချိန်မှာ ဒေါ်ရွယ်လိန်နဲ့အတူ မိုးမောက်မြို့နယ်အတွင်းက ဝဝမ်၊ ကွမ်ဘန်၊ လုံဂျာ၊ နောင်ပေါင်း စတဲ့ကျေးရွာကဒေသခံတွေ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အားလုံး ထွက်လာခဲ့တာလို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မီးဖွားပြီးခါစ ကလေးမိခင်တွေရဲ့ ဒုက္ခဆိုးဟာ ဒီမှာတင် ရပ်တန့် မသွားပါဘူး။ စစ်ရှောင်စခန်းတွင်း နေထိုင်ချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရရှိကြပါဘူး။

မီးတွင်းဝင်နေတဲ့ အမျိုးသမီးတွေက ဒဂေါ့ဘော်ဒါဆောင်က စစ်ရှောင်စခန်းကို ရောက်ရှိနေပေမယ့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မရရှိဘူးလို့ တိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

သူတို့အနေနဲ့ မိုးမောက်မြို့ဆေးရုံးကြီးကို သွားရောက်ပြီး ဆေးကုသမှုခံယူဖို့လည်း ငွေကြေးမတတ်နိုင်တဲ့အတွက် ရိုးရာတိုင်းရင်းဆေးတွေနဲ့ သိတတ်သလို ကုသနေကြရပါတယ်။

“အဲဒီလိုမျိုးဆိုတော့ ဆေးခန်းသွားဖို့ဆိုလည်း အခြေအနေအရပေါ့နော်။ဆေးခန်းလည်းမဖွင့်ဘူး၊။ အခုအန်တီတောင်မှ အားဆေးတွေကုန်နေတာ ကြာလှပြီ။ မသွားယူဖြစ်ဘူးပေါ့နော်။ ဆေးရုံလည်း ပိတ်ထားတယ်ဆိုတော့ အဲလိုမျိုးပေါ့။” လို့ ဆိုပါတယ်။

ဒဂေါ့ဘော်ဒါဆောင်မှာ စစ်ရှောင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးမိခင်အယောက် (၂၀) လောက်ဟာ လက်နက်ကြီးသံတွေကြောင့် ရရှိတဲ့ စိတ်ထိခိုက်မှုတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့ အချက်တွေကြောင့် မွေးဖွားလာမယ့် ကလေးတွေနဲ့ မိခင်တွေအတွက် စိုးရိမ်နေရပြန်ပါတယ်။

သူတို့ စစ်ရှောင်နေရတဲ့ ဒဂေါ့ဘော်ဒါဆောင်ဟာ ဝဝမ်ကျေးရွာကနေ မိနစ်(၄၀) လောက် (ဆိုင်ကယ်ဖြင့်) သွားရပြီး စစ်ရေးတင်းမာနေတဲ့ အလန့်ဘွမ်(Alen Bum) အနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီ ဒဂေါ့ စစ်ရှောင်စခန်းပတ်ဝန်းကျင်က နေအိမ်တွေဘက်မှာလည်း  စစ်ကောင်စီကနေ သေနတ်တွေပစ်ခတ်နေတာကြောင့် လူတွေထိခိုက်မှုရှိနေတဲ့အတွက် စစ်ရှောင်စခန်းမှာလည်း လုံခြုံရေး အာမခံချက်ကလည်း မရှိပါဘူး။

ဗန်းမော်မြို့၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာကိုလည်း စစ်ကောင်စီတပ်သားတွေက တစ်လမှာ (၃) ကြိမ်လောက် ရောက်ရှိလာတတ်ပြီး ရွာအတွင်း  လိုချင်တာယူပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကြပါတယ်။

ဒါ့အပြင်ရွာအတွင်းက လူတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းကာ လုပ်ခိုင်းတာတွေ၊ ရိုက်နှက် နှိပ်စက်တာတွေကို မကြာခဏ ပြုလုပ်နေတဲ့အတွက် လုံခြုံမှုမရှိလို့ မကြာခဏဆိုသလို ရွာသားတွေက နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အထုပ်က အမြဲတမ်း ပြင်ပြီးတော့ စောင့်နေရတဲ့ အချိန်ပဲ အခုအချိန်ကတော့။ အဲဒါက အဲတစ်ရွာထဲ မဟုတ်ဘူး၊ သူတို့သွားလိုရာ၊ သွားတဲ့ရွာ၊ ရောက်နိုင်တဲ့ရွာ ဟူသမျှ အကုန်လုံးစောင့်နေရတာပဲ။”လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ရွာတိုင်းကိုဝင်ပြီး သူတို့ရှေ့မှာ ထွက်ပြေးနေတဲ့ သူမြင်ရင်လည်း ချက်ချင်း လိုက်ပြီးသေနတ်နဲ့ ပစ်သတ်တာတွေကို ပြုမှုကြတယ်လို့လည်း အဲဒီအမျိုးသမီးက ဆက်လက်ပြောပါတယ်။

စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်း၊  လက်နက်ကြီးငယ်တွေရဲ့ ပစ်ခက်မှုတွေကြောင့် ဘုရားကျောင်းဆောင်တွေ၊ နေအိမ်တွေ၊ ကျောင်းဆောင်တွေနဲ့ ကျေးလက်ဆေးပေးခန်းတွေ  ပျက်စီးသွားတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်တွေလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။

ဒဂေါ့ စစ်ရှောင်စခန်းကို ရောက်ရှိနေသူတွေကတော့ အရင်ကဆိုရင် နှစ်ပတ်တစ်ကြိမ်လောက် စစ်ရှောင်ပြီး ရွာထဲကို ပြန်နိုင်ခဲ့ပေမယ့် အခုတစ်ခေါက်ကတော့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

“အိမ်ပြန်လို့မရတော့ဘူး။ အိမ်နား၊ ရွာနားဝန်းကျင်တစ်ခုလုံး စစ်တပ်တွေ နေနေကြတော့ ကျွန်မတို့ကပြန်ဖို့လည်း ကြောက်သွားပြီ။ ပြန်အိပ်ဖို့လည်း ညဘက်ဆိုလည်း ကြောက်နေရတော့မှာလေ”  လို့စစ်ရှောင်ခဲ့တာ နှစ်ပတ်လောက်ပဲ ရှိသေးတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်ခရိုင်အတွင်းက မိုးမောက်၊ရွှေကူ၊ဗန်းမော်စတဲ့ မြို့နယ်တွေက KIA တပ်စခန်းအနီးအနားမှာရှိတဲ့ ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေကြတာပါ။

နိုဝင်ဘာလ (၁၃) ရက်မှာလည်း ရွှေကူမြို့၊ မြို့ကုန်းတိုက်နယ်၊ စည်တော်ကျေးရွာမှာ မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦးနေတဲ့ နေအိမ်အနီးမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျခဲ့လို့ အဲဒီအမျိုးသမီး သွေးလန့်ပြီး ချက်ချင်း ဆုံးပါးသွားတယ်လို့လည်း စည်တော်ကျေးရွာ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျေးရွာနေပြည်သူတွေဟာ စစ်ရေးအခြေတွေကြောင့် နီးစပ်ရာကို တိမ်းရှောင်နေရပေမယ့်လည်း လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုကိုတော့ မရောက်ရှိသေးကြဘဲ စိုးရိမ်စိတ်တွေနဲ့ နေ့စဉ်ဘဝ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။

ဒေါ်ရွယ်လိန်ကတော့ “ဘယ်ကို ထပ်ပြီးပြောင်းရွေ့မယ်ဆိုတာလည်း ကျွန်မတို့မသိတော့ဘူး။ ကိုယ်အိမ်မှာ နွေးနွေးထွေးထွေးနဲ့ မနေရဘူး။ အမြဲစိုးရိမ်ကြောက်လန့် ပြီးနေနေရတယ်။ ဘယ်လိုမှ ပြောမပြတတ်လောက်အောင် ရင်ထဲမှာ ခံစားနေရတယ်။”

 

LEAVE A REPLY

Please enter your comment!
Please enter your name here