နိုဝင်ဘာ၊၁၇
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင်း ဝင်ရောက်နေထိုင်ကြ သူတွေအနေနဲ့ စစ်ကောင်စီဘက်က တင်းကျပ်မှုတွေ များပြားတာကြောင့် ဒေသခံအချို့ ကျေးရွာတွင်းကနေ ပြန်လည်ထွက်ခွာလာကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲကြောင့် ဟောင်ပါး၊ တာမခံဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဆယ်ဇင်းကျေးရွာက အချို့ဒေသခံတွေဟာ ကျေးရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး (၅) လလောက်အကြာမှာ စစ်ရှောင်စခန်းတွင်း အနေခက်လာတာကြောင့် အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ဖို့ ရွာအတွင်းပြန်လည် ဝင်ရောက်နေထိုင်ကြရာနေ စစ်ကောင်စီဘက်က တင်းကျပ်မှုတွေ များပြားတာကြောင့် ပြန်လည် ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။
ကျေးရွာတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွင်း ဝင်ရောက်နေထိုင်နေသူတွေကို အမြဲတစေ သတင်းပို့ခိုင်းတာတွေအပြင် ကျေးရွာတွင်းကနေ ထွက်တဲ့အချိန် တစ်စုံတစ်ခု ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ရင် သတင်းပေးသူ အဖြစ်သတ်မှတ်မယ်လို့ ပြောဆိုထားတာတွေ ရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ လာနေတယ်ဆိုလို့ရှိရင် ဧည့်စာရင်းတိုင်သလိုမျိုးပေါ့။ ဒီအိမ်ထောင်စုမှာ ဦးဘယ်သူ ဒေါ်ဘယ်သူ မောင်ဘယ်သူ မဘယ်သူဆိုပြီးတော့မှ မိသားစု ငါးယောက်နေတယ်ပေါ့ဗျာ။ အဲဒီ ငါးယောက်မှာ တစ်ယောက်က ဈေးဝယ်ဖို့ အပြင်ထွက်မယ်ဆိုလို့ရှိရင် အဲဒီသက်ဆိုင်ရာ ရပ်ကွက်မှူးဆီက ထောက်ခံစာ ယူခဲ့ရမယ်။ တစ်ကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲဖြစ်တယ်ဆိုလို့ရှိရင် အဲဒီထွက်သွားတဲ့သူမှာ တာဝန်ရှိတယ်ပေါ့” လို့ ပြောပါတယ်။
ဒေသခံတွေအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၅) ရက်နေ့ကစလို့ နေရပ်ပြန်နေကြတာဖြစ်ပြီး နေရပ်ပြန်ကြတဲ့ လူဦးရေ (၆၀) ထဲက တစ်ဝက်ကျော်ဟာ ကျေးရွာတွင်းကနေ ပြန်လည်ထွက်ခွာလာကြတယ်လို့လည်း သိရပါတယ်။
လက်ရှိချိန် ဟောင်ပါးအုပ်စုထဲမှာ ဆယ်ဇင်းကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ လူဦးရေ တစ်ထောင်ကျော်ထဲက (၆၃၅) ဦးသာ ကျန်ရှိတော့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကနေလည်း ဆယ်ဇင်းကျေးရွာရဲ့ ဝင်ထွက်သွားလာရာ လမ်းကြောင်းတွေကို ထိန်းချုပ်ထားပြီး ကားအဝင်အထွက်တွေကို KIA ဘက်ကနေ ပိတ်ထားတာ (၄) ရက်ခန့်ရှိပြီဖြစ်ပြီးတော့ မိမိစိတ်သဘောအရသာ ဝင်ရောက်နေထိုင်ကြပေမယ့် လုံခြုံမှုမရှိတဲ့အပြင် ဘယ်အဖွဲ့အစည်းကမှလည်း အာမခံချက်ပေးထားတာမျိုး မရှိဘူးလို့ နောက်ထပ်ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောပါတယ်။
“ ပြန်ခဲ့တဲ့သူတွေကို KIA ဘက်ကလည်း သူတို့လာပါလို့မခေါ်ဘူး။ အဲဒီတော့ မလာကြနဲ့ပေါ့နော်။ နေပါလို့လည်း မပြောဘူး။ လက်ရှိမှာက စစ်ကောင်စီ နဲ့ KIA လည်း ထိတွေ့မှုက တောက်လျှောက်ဖြစ်နေတာကို” လို့ ဆိုပါတယ်။
ဆယ်ဇင်းကျေးရွာအတွင်း စစ်ကောင်စီဘက်က အင်အား (၂၀၀) ခန့်ရှိတဲ့ တပ်ရင်း (၂)ခုနဲ့ အခိုင်အမာ တပ်စွဲထားပြီး ခံတပ်ပတ်ပတ်လည်ကို ဘတ်ဟိုးနဲ့ ကာကွယ်ရေးမြောင်းတွေ ပြုလုပ်ထားတဲ့အပြင် ရဟတ်ယဉ် ကွင်းတွေကိုလည်း ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၆) ရက်နေ့က စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကနေ ဒေသခံတွေရဲ့ လူနေအိမ် ၄၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို လူအယောက် ၅၀ နီးပါး သတ်ဖြတ်ခဲ့ရပြီး ဒေသခံ ၂၀၀၀ ခန့် ကျေးရွာတွင်းကနေ စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပဲဖြစ်ပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။(တာမခန်နွေဦးတော်လှန်ရေး Page)
တာမခန်ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်စဉ်