မိုးမိတ်မြို့ကို ထိန်းချုပ်နိုင်ပြီး လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းခဲ့ကြောင်း TNLA ထုတ်ပြန်

152

 

ဩဂုတ်၊ ၁

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တတိယမြောက်မြို့အနေနဲ့ မိုးမိတ်မြို့ကို ထိန်းချုပ် နိုင်ခဲ့ပြီဖြစ်သလို စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၄၀၀ ကျော်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဆိုပါတယ်။

စကခ – ၂၁ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၂၂၃၊၂၇၆ နဲ့ ခမရ ၃၄၈ တွေ လာရောက် ထိုးစစ်ဆင်စခန်းချထားတဲ့ မိုးမိတ်မြို့နယ်က တပ်စခန်းတွေကို TNLA က ဇွန်လ ၂၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လအကြာ ဇူလိုင်လ ၃၁ ရက်နေ့ နေ့ခင်း ၁ နာရီအချိန်မှာ တပ်စခန်းတွေ သာမက ရဲစခန်း၊ အစိုးရဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုအနေနဲ့ Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 နဲ့ လက်နက် ခဲယမ်းတွေကြဲချမှု (၁၄)ကြိမ်တို့အပြင် လက်နက်ကြီးနဲ့ (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံးနဲ့ အတွဲလိုက်ဒုံး (၁၈)လုံးတို့ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိုင့်ဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်ပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ စစ်အသုံးအ‌ဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တအာင်းတပ်မတော်နဲ့ ပူးပေါင်းတပ်တွေဟာ မိုးမိတ်မြို့က တပ်စခန်းတွေကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက အရပ်ဖက်ကို ဦးတည်ပစ်ခတ်ခဲ့တာကြောင့် မိုးမိတ်ဒေသခံ ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သလို စာသင်ကျောင်း ၂ ကျောင်း လေယာဉ်ဗုံးစထိမှန်ပျက်စီးခဲ့တဲ့အပြင် လူနေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လပိုင်းက ပြန်လည်စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA ဟာ မိုးမိတ်မြို့သာမက နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တွေကိုလည်း သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here