ဩဂုတ်၊ ၁၃
တရုတ်က မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ကူညီမှုတွေပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ သတင်းထောက်ရဲ့ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဖြေကြားခဲ့တဲ့အကြောင်း သံရုံးက ထုတ်ပြန်ခဲ့တာပါ။
“ယခုအကြိမ်ခရီးစဉ်သည် တရုတ်–မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်–မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်သည်။“ လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဖြေကြားထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ အိမ်နီးချင်းအနေနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့ အခြေခံမူကို လိုက်နာပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အာမခံရေးအတွက် အစဉ်အမြဲထောက်ခံသွားမယ်လို့ ဆိုပါတယ်။
“အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည် ဖြစ်သည်။ “ လို့ လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ဖြေကြားမှုမှာ ပါဝင်ပါတယ်။
တရုတ်နိုင်ငံခြားရေး၀န်ကြီးဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် လန်ချန်း-မဲခေါင် အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ရှိတယ်လို့လည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်လာတဲ့အချိန် စစ်ကောင်စီက မတရားဖမ်ဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းကလည်း တရုတ်နိုင်ငံ ပေကျင်းမြို့မှာ သမ္မတ(ငြိမ်း)ဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ရှမ်းမန်း စစ်ဆင်ရေးမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ လားရှိုးအပါအဝင် မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေဆီ ဆုံးရှုံးထားပါတယ်။







