ကချင်ပြည်သူတွေ သိထားသင့်တဲ့ ပြည်နယ်လွှတ်တော်နဲ့ အစိုးရအဖွဲ့
———————–
ကိုရှိုင်း-ရေးသည်။
ကချင်ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရအဖွဲ့အကြောင်းကို သင်သိပါသလား။ သိပ်မသိသေးဘူးဆိုရင် ဒီစာကိုဆက်ဖတ်ပါလို့ ပြောပါရစေ။
လွှတ်တော်ဆိုတာ ဥပဒေပြုရေးမဏ္ဏိုင်ဖြစ်ပြီး အစိုးရဆိုတာတော့ အုပ်ချုပ်သူ ဖြစ်တဲ့အတွက် သိပ်ကိုအရေးပါလှပါတယ်။ ကချင်ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကိုယ့်ပြည်နယ်ကို ဥပဒေပြုမယ့်သူတွေနဲ့ ကိုယ့်ကိုအုပ်ချုပ်နေတဲ့သူတွေကို သိထားသင့်ပါတယ်။
အကြမ်းဖျင်းပြောရရင် ရွေးကောက်ပွဲနိုင်တဲ့ လွှတ်တော်အမတ်တွေဟာ ကိုယ်ကိုယ်စားပြုခဲ့တဲ့ ဒေသတွေက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေနဲ့ ဒေသတွင်းက လိုအပ်ချက်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေမှာ ပြန်လည်တင်ကြပြီး ခွင့်ပြုသင့်/မသင့် မဲခွဲဆုံးဖြတ်ပြီးတော့ အတည်ပြုချက်ရယူတာလို့ သုံးသပ်ထားလို့ရပါတယ်။
ပြင်ရမယ့်ဥပဒေ၊ဥပဒေအသစ်တွေကို လွှတ်တော်မှာပဲ ဆုံးဖြတ်ပြီးအတည်ပြုကြရပါတယ်။ ဒါ့ကြောင့် တရားတဲ့ဥပဒေဖြစ်ဖြစ်၊ မတရားတဲ့ ဥပဒေတစ်ခုခုပဲဖြစ်ဖြစ် ပြဌာန်းပြီးပြီဆိုရင် အဲဒီဥပဒေရဲ့ ကောင်းခြင်း/ဆိုးခြင်းကို ပြည်သူလူထု ခံစားရပါတယ်။
အဲဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြုရေးဆိုရင် မဲအများဆုံးနိုင်တဲ့ပါတီရဲ့ လွှတ်တော်အမတ်တွေကပဲ လုပ်ပိုင်ခွင့်ရှိနေတယ်လို့ ပြောပါရစေ။ အခုဆိုရင်တော့ လွှတ်တော်သုံးရပ်စလုံးမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီအမတ်တွေကပဲ နေရာအများစုယူထားတာကြောင့် သူတို့ပဲ ကြီးစိုးနေမှာတော့ အသေအချာပါပဲ။ စစ်အုပ်စုရဲ့ လွှတ်တော်လို့ နာမည်တပ်ရင်လည်း မှားမယ်မထင်ပါဘူး။
သူတို့ရဲ့ ကောင်းခြင်းဆိုးခြင်းကိုလည်း ပြည်သူတွေတိုက်ရိုက်ခံစားကြရမှာပါ။
ပြည်သူ့လွှတ်တော်(ပြည်ထောင်စုအဆင့်)၊အမျိုးသားလွှတ်တော်(ပြည်ထောင်စုအဆင့်)နဲ့ ပြည်နယ်/တိုင်း ဒေသကြီးလွှတ်တော်ဆိုပြီး ရှိပါတယ်။ အဲဒီအထဲကမှ ပြည်ထောင်စုအဆင့် လွှတ်တော် ၂ ရပ်ကိုဖယ်ပြီး ကချင်ပြည်နယ်လွှတ်တော်အကြောင်း လေ့လာကြည့်ရအောင်။
အခုဆိုရင် ကချင်ပြည်နယ်လွှတ်တော်သက်တမ်းက တတိယအကြိမ်ရှိလာပါပြီ။ ပထမအကြိမ် ၂၀၁၀-၂၀၁၅ ခုနှစ်၊(ကြံခိုင်ရေးပါတီအမတ်အများဆုံး-အနိုင်ရပါတီ)၊ ဒုတိယအကြိမ် ၂၀၁၅-၂၀၂၀(အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်အမတ်အများဆုံး- အနိုင်ရပါတီ)နဲ့ အခုတတိယအကြိမ်၂၀၂၅- ၂၀၃၀(ကြံခိုင်ရေးပါတီအမတ်အများဆုံး- အနိုင်ရပါတီ) ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၈ မြို့နယ်ရှိပါတယ်။ ၁ မြို့နယ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်စီရှိပါတယ်။ အဲဒီတော့ ကချင်ပြည်နယ်လွှတ်တော်မှာ အမတ် (၃၆) ဦးရှိနေမှာပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း(၁၃ ဦး) ပါ ထည့်ပေါင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် (၄) ဦးလည်း ပါဝင်ပါသေးတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ကချင်ပြည်နယ်လွှတ်တော်မှာ စုစုပေါင်းအမတ် (၅၃) ဦး ရှိနေရမှာ ဖြစ်ပါတယ်။
အခု ၂၀၂၅- ၃၀ သက်တမ်းမှာတော့ အပြောင်းအလဲအနည်းငယ် ရှိနေပါတယ်။ တချို့မြို့နယ်တွေရဲ့ မဲဆန္ဒနယ်တစ်ချို့မှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်တာကြောင့် လွတ်တော်အမတ်အရေအတွက်က အရင်လွှတ်တော်တွေနဲ့တော့ ကွာသွားပါလိမ့်မယ်။
အခုဆိုရင် ကချင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(စစ်တပ်ကိုယ်စားလှယ် ၁၁ ဦးအပါ- ၂၅ ရာခိုင်နှုန်း) စုစုပေါင်း- (၄၅) ဦး ရှိပါတယ်။ အများဆုံးကတော့ ကြံ့ဖွံ့အမတ်တွေဖြစ်ပါတယ်။ စုစုပေါင်း ၂၃ ဦးပါ။
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ကတော့ တစ်ဦးပဲပါပါတယ်။ လွှတ်တော်ဥက္ကဌကတော့ အရင် ၂၀၁၀-၁၅ မှာလုပ်ခဲ့တဲ့ ဦးရာဝမ်ဂျုံးဖြစ်ပြီး ဒုဥက္ကဌတော့ ဦးသိန်းထွန်းအေးဖြစ်ပါတယ်။
ဆွမ်ပရာဘွမ်မဲဆန္ဒနယ် (၁)၊ မံစီမဲဆန္ဒနယ် (၁)၊ မိုးမောက်မဲဆန္ဒနယ် (၁)၊ အင်ဂျန်းယန် မဲဆန္ဒနယ် (၁)၊ ချီဖွေမဲဆန္ဒနယ် (၁) နဲ့ ဆော့လော်မဲဆန္ဒနယ် (၁) မှာတော့ ကိုယ်စားလှယ်တွေ မရှိကြပါဘူး။
အထက်ပါမဲဆန္ဒနယ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။
ကချင်ပြည်နယ်လွှတ်တော်အကြောင်း အကြမ်းဖျင်းသိပြီဆိုရင်တော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို လေ့လာကြည့်ရအောင်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာန ၇ ခုနဲ ဖွဲ့စည်းထားပါတယ်။
ဝန်ကြီးချုပ်-ဦးခက်ထိန်နန်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး- ဗိုလ်မှူးကြီးကျော်သူရ၊ စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးရာဝန်ကြီး- ဦချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး- ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး- ဦးအောင်နိုင်၊ စိုက်ပျိုရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး- ဦးရဲရင့်ဆွေ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး- ဒေါက်တာအောင်ဝင်းနဲ့ စည်ပင်သာယာရေးဝန်ကြီး- ဒေါက်တာသန်းဌေးအောင်တို့ ဖြစ်ပါတယ်။
နောက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ၄ ဦးလည်းရှိပါသေးတယ်။ ဗမာတိုင်းရင်းသားဝန်ကြီး-ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားဝန်ကြီး- ဦးတင်အောင်၊ လီဆူတိုင်းရင်းသားဝန်ကြီး- ဦးလီပေါ်ရဲ့၊ ရဝမ်တိုင်းရင်းသားဝန်ကြီး- ဦးမရစ်ယောရှုတို့ ဖြစ်ပါတယ်။
နောက်ပြီးပြည်နယ်တစ်ခုမှာ ချုပ်(၄) ချုပ် ရှိပါတယ်။ အဓိက အရေးကြီးသူတွေဆိုရင်လည်း မမှားပါဘူး။ကချင်ပြည်နယ်မှာတော့ ဝန်ကြီးချုပ်- ဦးခက်ထိန်နန်၊ တရားသူကြီးချုပ်- ဒေါ်အေးအေးမော်၊ ဥပဒေချုပ်- ဒေါ်နန်းလှလှအေး၊ စာရင်းစစ်ချုပ်- ဒေါ်ခင်လေးနွယ်တို့ ဖြစ်ပါတယ်။
ပြည်နယ်တရားသူကြီးတွေကတော့ ဦးအောင်နိုင်၊ဒေါ်ပြုံးပြုံးကြည်နဲ့ ဒေါ်ခင်ပြုံးရီတို့ဖြစ်ပါတယ်။
ဒါကတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်တွေမှာ နေရာရနေတဲ့သူတွေရဲ့ စာရင်းတွေဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူ့လစာ စားသူတွေပါ။ ပြည်နယ်လွှတ်တာ်ကိုယ်စားလှယ်တစ်ဦးရဲ့ လစာဟာ တစ်လကို ၅ သိန်းဖြစ်ပါတယ်။ ၅ နှစ်စာဆိုရင် သိန်း ၃၅၀ ဖြစ်ပါတယ်။
ကိုယ်စားလှယ်အကုန်လုံး(၄၅ ယောက်)ဆို ကျပ်သိန်းပေါင်း ၁၅,၇၅၀ လောက်ကုန်ကျမှာပါ။ ဒါဟာ လမ်းစရိတ်တွေ အခြားစရိတ်တွေနဲ့ လွှတ်တော်ကုန်ကျစရိတ်၊ လွှတ်တော်ဝန်ထမ်းလစာ တစ်ခုမှမပါသေးပါဘူး။
သူတို့တွေဟာ ဒေသတွင်းလိုအပ်ချက်တွေကို ကြယ်ပွင့်ပြ(လွှတ်တော်တွင်းမေး၊ဖြေ) ကြယ်ပွင့်မပြ(စာနဲ့မေးဖြေ) လွှတ်တော်မှာ တင်သွင်းမေးမြန်းကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကနေ ၅ နှစ်အတွင်း မေးခွန်းပေါင်း ၁,၀၀၀ မေးမြန်းနိုင်တယ်ဆိုကြပါစို့။ သူတို့လစာနဲ့တွက်ရင် မေးခွန်းတစ်ခုကို ၁၅ သိန်းလောက် တန်ကြေးရှိပါတယ်။ မေးခွန်း ၁,၀၀၀ ထက်ပိုရင်တော့ ၁၅ သိန်းထက်လျော့မှာဖြစ်ပြီး ၁,၀၀၀ အောက်ဆိုရင်တော့ ၁၅ သိန်းထက် ပိုပြီး တန်ကြေးရှိသွားမှာပါ။
အခု တတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကတော့ ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ ရွေးချယ်အတည်ပြုပြီး ပြီးဆုံးသွားခဲ့ပါပြီ။ ဒုတိယပုံမှန်အစည်းအဝေးက ဇွန်လထဲမှာ ကျင်းပဖို့ရှိနေပါတယ်။
ဒီလောက်အဖိုးတန်နေတဲ့ မေးခွန်းတွေကို တံတားအသေးတည်ဆောက်ပေးဖို့၊ ရပ်ကွက်လမ်းခင်းပေးဖို့ ဒီလိုမေးခွန်းလောက်နဲ့ပဲ အဆုံးသတ်သွားရင်တော့ ပြည်သူ့လူထုပေးထားတဲ့ လစာတွေဟာ နှမြောစရာကောင်းလွန်းလှပါတယ်။
အရင်လွှတ်တော်သက်တမ်း ၂ ကြိမ်က အတွေ့အကြုံအရဆို ဒီလိုမေးခွန်းမျိုးတွေပဲ များပါတယ်။ ကိုယ်စားလှယ်အချို့နဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ မေးခွန်းမေးတာလည်း မတွေ့သလို လာထိုင်ပြီးပြန်သွားကြတာ များပါတယ်။
စစ်တပ်ကိုယ်စားလှယ်တွေက တစ်နေရာမှာတော့ အလုပ်လုပ်ပါတယ်။ သူတို့မလိုတာဆိုရင် ထကန့်ကွက်ကြတာပါပဲ။ တက်ညီလက်ညီကန့်ကွက်ဖို့ ထိုင်နေတယ်လို့ပဲ သတ်မှတ်လို့ရနိုင်ပါတယ်။
ဒါ့ကြောင့် ကချင်ပြည်သူတွေအနေနဲ့ ဒီလောက်အဖိုးတန်တဲ့ မေးခွန်းတွေကို လွှတ်တော်တွင်း ဘယ်လိုလုပ်သွားလည်းဆိုတာ အမြဲစောင့်ကြည့်နေဖို့လိုပါတယ်။
ခက်တာကတော့ စစ်တပ်ကနေ ပုံဖော်ထားတဲ့ ဒီလွှတ်တော်ကြီး ဘာလုပ်နေတယ်ဆိုတာ ပြည်သူတွေက သေသေချာချာ သိခွင့်မရတဲ့အပြင် ထူးထူခြားခြားမျှော်လင့်စရာလည်း သိပ်မရှိဘူးဆိုတာပါပဲ။






