ဦးမင်းအောင်လှိုင်နဲ့ ရှီကျင့်ဖျင်တို့တွေ့ပြီး ဆေးဖက်ဝင်အပင်ရောင်းချရေးစာချုပ်အပါအဝင် စာချုပ်နဲ့ စာချွန်လွှာ ၁၈ ခုကို လက်မှတ်ထိုး

4

ဇွန်၊ ၁၆

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်ဟောင်း သမ္မတဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ ဒီကနေ့တွေ့ဆုံခဲ့ပြီး စာချုပ်နဲ့ စာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

လက်မှတ်ထိုးခဲ့တဲ့ စာချုပ် ၃ ခုကတော့ တရုတ်နိုင်ငံကို တရုတ်တိုင်းရင်းသား ဆေးဖက်ဝင် အပင်တွေ တင်ပို့ဖို့ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ တရုတ်ကို လတ်ဆတ်တဲ့ ငှက်ပျောသီး တင်ပို့ဖို့ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ တရုတ်ကို ရေထွက်တိရစ္ဆာန်တွေ တင်ပို့ဖို့ ကန့်သတ်စစ်ဆေးရေးနဲ့ သန့်ရှင်းရေးလိုအပ်ချက် သဘောတူစာချုပ်တွေဖြစ်ပါတယ်။

လက်မှတ်ထိုးခဲ့တဲ့ စာလွှာကတော့ ၂ ခုဖြစ်ပြီး အဲဒါတွေကတော့ အောင်ဆန်းအားကစား ကွင်းသစ် ပြန်တည်ဆောက်ဖို့ အကူအညီပေး ရေးဆိုင်ရာစာလွှာနဲ့ မြေငလျင်ဘေး အရေးပေါ် လူသားချင်း စာနာထောက်ထားမှု နည်းပညာ အကူအညီ လွှဲပြောင်းပေးအပ်တာနဲ့ လက်ခံရေးဆိုင်ရာ စာလွှာတို့ ဖြစ်ပါတယ်။

စာချွန်လွှာကတော့ စုစုပေါင်း ၁၃ ခုဖြစ်ပြီး အဲဒါတွေကတော့ မြန်မာနဲ့ တရုတ်ကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု အကောင်အထည်ဖော် ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ဖြစ်ပါတယ်။

ဒါ့အပြင် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(၂၀၂၆)အတွက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ ဆောင်ရေး လွယ်ကူချောမွေ့စေရေးအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တရုတ်-မြန်မာ သိပ္ပံနဲ့ နည်းပညာ ပြည်သူချင်းဖလှယ်ရေးအစီအစဉ်ဆိုင်ရာ နားလည် မှု စာချွန်လွှာတို့လည်း ပါဝင်ပါတယ်။

အဲဒါတွေအပြင် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနဲ့ တတ်သိပညာရှင်ဖိုရမ် ယန္တရား နားလည်မှု စာချွန်လွှာ၊ ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနဲ့ အွန်လိုင်း အသံ/ရုပ် ဝန်ဆောင်မှု နယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ နားလည်မှု စာချွန်လွှာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ လွတ်လပ်တဲ့ ကုန်သွယ်မှုနဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနဲ့ အသိပညာဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု နားလည်မှုစာချွန်လွှာတို့ကိုလည်း လက်မှတ်ထိုးခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်နေ့က စသွားခဲ့တာဖြစ်ပြီး ဒီနေ့ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တာပါ။

ဒါဟာ သမ္မတရာထူး ယူပြီးတဲ့နောက် ပြည်ပနိုင်ငံတွေကို ဒုတိယအကြိမ်ထွက်တဲ့ ခရီးဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here