ဇွန်၊၁၆
စစ်ဘေးတိမ်းရှောင်တာ တစ်နှစ်ကျော်ကြာမြင့်လာတဲ့နောက်ပိုင်း လဝါးဒေသခံပြည်သူအချို့ ဇွန်လဆန်းပိုင်းကနေ နေရပ်ပြန်လာနေထိုင်ကြပြီလို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးအတွင်း စစ်ရေးအခြေအနေတွေကြောင့် ဒေသခံပြည်သူထောင်ချီ နီးစပ်ရာနေရာတွေနဲ့ နမ္မတီးမြို့ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
နမ္မတီးစစ်ရှောင်စခန်းအတွင်း နေထိုင်နေတဲ့ လဝါးဒေသခံပြည်သူတွေထဲက သုံးပုံ တစ်ပုံလောက်ဟာ နေရပ် ပြန်လာနေကြပြီလို့ သိရပါတယ်။
လက်ရှိအချိန် ရွာအတွင်း စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေလည်း ပြန်လည် ဖွင့်လှစ်သင်ကြားနေပြီလို့ လဝါးဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ရှောင်တိမ်းချိန်ကလို အစုလိုက် ပြန်ဖို့ကတော့ မလွယ်ဘူး။ နည်းနည်းချင်းစီ ပြန်လာနေကြတာပေါ့”လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်စခန်းအတွင်း အရင်ကလို လာရောက်ကူညီသူတွေ နည်းပါးသွားတာကြောင့် စားဝတ်နေရေးအပြင် အဖက်ဖက်က ခက်ခဲလာတဲ့အတွက် တစ်ချို့ မိမိနေရပ် ပြန်ဖို့ ဆုံးဖြတ်ချက်နဲ့အညီ ပြန်လာနေကြတာလို့ ပြောပါတယ်။
တစ်ဖက်မှာလည်း နမ္မတီးမြို့အတွင်းက ကျောင်းတွေမှာ ကျောင်းအပ်မိလိုက်တဲ့ မိသားစုတွေကတော့ ကျောင်းပိတ်တဲ့နောက်ပိုင်း ပြန်လာဖို့ ဆုံးဖြတ်ထားသူတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။ လဝါးကျေးရွာအတွင်း ပြန်လာနေထိုင်တဲ့ အိမ်ခြေ ၁၀၀ကျော်ရှိဖြစ်သလို လူဦးရေကတော့ ၂၀၀ကျော်ရှိတယ်လို့ ဆိုပါတယ်။
ရွာအတွင်း ပြန်လည်ဖွင့်လှစ်တဲ့ မူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူ/သား အယောက် ၄၀ကျော်နဲ့ အထက်တန်းကျောင်းမှာတော့ လူဦးရေ ၅၀အထက် တက်ရောက် သင်ကြားနေပြီလို့ အထက်ပါ လဝါးဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ချိန်က ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့အပြင် ဒေသခံပြည်သူအချို့ရဲ့ နေအိမ်တွေလည်း မီးလောင်ပျက်စီးတဲ့အထဲ ပါသွားတဲ့အတွက် ပြန်လည်ထူထောင်ရေးတွေမှာ ငွေကြေး ကူညီပံ့ပိုးမှုတွေ လိုအပ်လျက် ရှိနေတယ်လို့လည်း သိရပါတယ်။
နေအိမ်ဆုံးရှုံးလိုက်ရတဲ့ ဒေသခံပြည်သူအချို့ကတော့ လက်ရှိ ဘုရားကျောင်းဝင်းထဲ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။
လဝါးကျေးရွာအုပ်စု နေရာသုံးနေရာမှာ စစ်အုပ်တပ်သားတွေ နေရာယူထားတာရှိပေမဲ့ ကျောင်းဝင်းအတွင်း နေရာယူထားတဲ့ တပ်သားတွေကတော့ နေရာရွှေ့ပြောင်းပေးပြီလို့ သိရတာပါ။
ဆေးရုံဝင်းထဲမှာတော့ တပ်သားတွေရှိဆဲ ဖြစ်ပြီး ဒေသခံတွေ အများအပြား ပြန်လာနေတဲ့အခါ ရွှေ့ပြောင်းပေးမယ်လို့ ပြောဆိုထားတဲ့အကြောင်း ပြောပါတယ်။
နေရပ်ပြန်လာနေထိုင်သူတွေကို စစ်အုပ်စုလက်အောက်ခံ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စပါးမျိုးစေ့ ပေးဝေတာ ရှိတယ်လို့ ပြောပြပါတယ်။
ဒါ့အပြင် စစ်အုပ်စုနဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ လဝါးကျေးရွာ ဒေသခံမှန်ကန်ကြောင်း ကဒ်ကိုလည်း အသက် ၁၅နှစ်နဲ့ အထက်ရှိသူတွေ အားလုံးကို ပြုလုပ်ပေးနေတယ်လို့ ထပ်မံသိရှိရပါတယ်။
ဟူးကောင်းလီဒိုလမ်းတစ်လျှောက် စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပိုင်းလောက်ကနေ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်ပေါ် လာပြီးနောက် မတ်လ ၂၂ရက်နေ့မှာတော့ လဝါးကျေးရွာ စာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲ နေထိုင်ပြီး KIA/PDFပူးပေါင်းတပ်တို့နဲ့ မတ်လ ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီနောက်ပိုင်း စစ်အုပ်စု ပူးပေါင်းတပ်တွေ ရွာအတွင်းကနေ ပြန်လည် ဆုတ်ခွာသွားကြတာ ဖြစ်ပါတယ်။ ဧပြီလ ၇ရက်နေ့ ညနေပိုင်းမှာတော့ လဝါး-ခွမ်စိုင်ယန်တစ်လျှောက် စစ်အုပ်စု အပူးပေါင်းအဖွဲ့တွေ တစ်ဖန်ပြန်လည် သွားလာလှုပ်ရှားလာကြတဲ့နောက် ဧပြီလ ၁၅ရက်နေ့မှာတော့ လဝါးကျေးရွာအတွင်း စစ်ကြောင်းထပ်မံထိုးလာတဲ့အတွက် KIAကနေ ခုခံရင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်အုပ်စုဘက်က လေကြောင်းပစ်ကူတာတွေရှိခဲ့တဲ့နောက် လဝါးကျေးရွာအတွင်း ပြန်လည်တပ်စွဲပြီး ဂိတ်တွေ ပြုလုပ်နေထိုင်ကြ အခြေအနေဖြစ်ပါတယ်။ လဝါးဒေသခံတွေကတော့ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။






