တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ပူတာအိုဒေသခံတွေရဲ့ ရင်တွင်း စကားသံများ

880

“တောထဲမှာ မိုးကာတဲထိုးပြီး ဖြစ်သလို အိပ်ရတာပေါ့။ တစ်ချို့တွေဆို ငှက်ပျောရွက်တွေနဲ့” တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ပူတာအိုဒေသခံတွေရဲ့ ရင်တွင်း စကားသံများ (ပြည်သူ့အသံ)

ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်းဖြစ်တဲ့ ပူတာအိုမြို့နယ်မှာ ဖေ‌ဖော်ဝါရီလ(၁) ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတို့အကြားတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

KIA ကနေ ပူတာအိုမြို့နယ်အတွင်းက လုံရှာယန်၊ဆွမ်ပီယန်စတဲ့ ကျေးရွာတွေက တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်ကလည်း မြေပြင်မှာ စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေအပြင် လေကြောင်းကနေ တိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့ပြီး ရွာတွေနဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တပ်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံထောင်ချီဟာ ဒီကနေ့အထိ နီးစပ်ရာ တောတောင်တွေနဲ့ ဆွေမျိုးနီးစပ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီလိုထွက်ပြေးတိမ်းရှောင်လာတဲ့အချိန် လက်ရှိအခက်အခဲ ဖြစ်နေရတဲ့အကြောင်းတွေနဲ့ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ အကြောင်းတွေကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပါတယ်။

 

ဦးဘရန်ဆိုင်း (ဆွမ်ပီယန်ကျေးရွာ)

ကျွန်တော်တို့ ပထမဖြစ်တုန်းကဆို ကျွန်တော်တို့က ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်တော်တို့က ကြောက်ကြောက်ကြီးနဲ့ အားလုံးတစ်ကွဲတစ်ပြား တစ်နေရာဆီ ထွက်ပြေးနေရတာပေါ့။ ကျွန်တော်တို့က မိုင်းသံ အဲဒီလိုမျိုး လက်နက်သံတွေကြားတော့ တအားကြီး ထိတ်လန့်ကြောက်တာပေါ့။ ပြေးနေရတာ အခုတစ်လ ပြည့်ပြီပေါ့။ တောထဲမှာ မိုးကာတဲနဲ့ ဖြစ်သလိုနေရတယ်။ မရှိရှိတာနဲ့မိုး၊ ချမ်းအေးတဲ့နေရာမှာ ဒုက္ခတအားရောက်တယ်။ စားဖို့သောက်ဖို့ လုံခြုံမှု အစစအရာရာ ခက်ခဲပြီး ထိတ်လန့် ကြောက်ရတဲ့ နေရာကနေ ပြန်တစ်ခေါက် စားဝတ်နေရေး ခက်ခဲတဲ့ထဲ မိုးပြန်ရွာတော့ တစ်ကွဲတစ်ပြား ခုချိန်ထိ တစ်လ ရှိသွားပြီ။  ကျွန်တော်တို့ အိမ်တွေကို စွန့်ပြီး ထွက်ပြေးခဲ့ရတာဆိုတော့ စိတ်တော့ တအားမကောင်းဘူး။ ကျွန်‌တော်တို့ မရှိမဲ့ ရှိမဲ့နဲ့ ဆောက်ထားတဲ့ အိမ်တွေ ပြန်နေလို့ရမလား၊ ဘယ်လို ဖြစ်လာမလဲ ကျွန်တော်တို့ အသက်အန္တရာယ် ဘယ်လို ဖြစ်လာမလဲ တအားစိုးရိမ်ပူပန်နေတာ။ ကျွန်တော်တို့ အတောင့်တဆုံးက နံပါတ်တစ် ကိုယ့်အိမ်မှာ ပြန်နေချင်တာပေါ့။ ခုလောလောဆယ် ခက်ခဲတာက စားဝတ်နေရေး နဲ့ လိုရာဝယ်ဖို့ ငွေတွေ လိုအပ်တယ်။ ဆွမ်ပီယန်နဲ့ အင်စီယန် ကျေးရွာ နှစ်ရွာ ထွက်ပြေးနေရတာပေါ့။ အင်စီယန်ကျေးရွာက အိမ်ခြေ (၄၆) ပေါ့။ ဆွမ်ပီယန်ကျေးရွာက အိမ်ခြေ ၂၀၀။  သေနတ်သံတွေ ကြားနေရတုန်းမို့ ရွာထဲ ဘယ်သူမှ မပြန်ရဲသေးဘူး။

Photo Credit- RVA- Rawang

 

ဒေါ်ကော့ဘူ( အင်စီယန်ကျေးရွာ)

ခုလောလောဆယ်က  ရွာသားတွေ ပုံမှန်နေသလိုတော့ မနေဖြစ်ကြတော့ဘူး။  ကိုယ့်ဟာကိုယ် တစ်ကွဲတစ်ပြား ကိုယ်သွားတဲ့ ခိုလှုံတဲ့ အမျိုးအိမ်ဖြစ်ဖြစ်ပေါ့။ တောမှာ ဖြစ်ဖြစ် အကုန်ထွက်ပြေးကုန်ပြီ။  ရွာမှာ လူတောင်မရှိတော့ဘူး။ စိတ်က တော်တော်မကောင်းဘူး။ နဂိုက ကိုယ့်အိမ်မှာ ပုံမှန်နေတဲ့အခါကျတော့ အခုလိုမျိုး အိမ်တွေဘာတွေ ကိုယ့်အိမ် ပစ်ပြီး ထွက်ပြေးရ စားဖို့သောက်ဖို့ကအစ အမျိုးမျိုးပေါ့။  စိတ်မပျော်ဘူး။ တစ်ခါမှ အခုလိုမကြုံဖူးဘူးလေ။ တစ်ခါထဲ ဗုံးသံတွေ သေနတ်သံတွေ အဲဒီလိုမျိုးဖြစ်တဲ့အခါ၊  လေယာဥ်တွေလာပစ်တဲ့ခါကျ‌တော့ ကိုယ့်အဝတ်အစား ကိုယ့်လွယ်အိတ်တောင်မကိုင်ပဲ ဖြစ်သလို ကိုယ့်လမ်းကြောင်းကိုယ်ရှာပြီး ထွက်ပြေးကုန်တာ။ ဘာမှ ပြင်ဆင်ထားတာမျိုး မရှိတဲ့အခါကျတော့ ဒီလိုပဲ ခဏလေးရှောင်မယ်ဆိုပြီး ထွက်ပြေးခဲ့ရင်း အဝေးရောက်ခဲ့တာပေါ့။ ရွာသားတွေက အိမ်တွေအကုန်ပစ်ထား အခုတောမှာနေတဲ့သူတွေက ဘယ်မှမသွားနိုင်၊ ကိုယ့်အမျိုးတွေဆီလည်း မဆင်းနိုင်၊ စားဖို့သောက်ဖို့ လမ်းစရိတ်တွေ မရှိတဲ့အခါကျတော့ တောမှာပုန်းနေပြီး ဗုံးသံတွေ နည်းနည်းငြိမ်ပြီဆိုရင် ရွာကအိမ်ကို ခိုးပြန်ပြီး စောင်တွေသွားယူ၊ ဆန်တွေသွားယူပြီးမှ မီးခိုးမထွက်ရဘူးဆိုတော့ ကြောက်လို့ တောမှာပဲ မိုးမလင်းခင် ထမင်းချက်စား၊ ရေလည်း ရှိတာနဲ့ ဆန်ဆိုလည်း ရှိတာကို ‌ချွေတာစားပြီး တောမှာ မိုးကာတဲထိုးပြီး ဖြစ်သလိုအိပ်တာပေါ့။ တစ်ချို့ဆို ငှက်ပျောရွက်နဲ့ပဲ။ နှင်းတွေကကျ၊ မိုးကရွာ မြေကြီးထဲမှာ။ အသက်ကြီးတဲ့သူတွေလည်းပါတယ်။  ကလေးငယ်တွေရောပါတယ်။  ဘယ်ချိန်မှာ ဘယ်ကို ထွက်ပြေးရဦးမယ်ဆိုတာ မသိတော့ ပိုက်ဆံနဲ့ ဆန်ပဲ ကူညီ‌ပေးစေချင်တယ်။ ကျွန်မတို့က ဘာပြောရမှန်းမသိတော့ဘူး။ သေနတ်သံတွေကြားမှာ ဘယ်နှစ်လထိ နေရဦးမလဲမသိဘူး။ ဘယ်ကိုထွက်ပြေးရဦးမလဲဆိုတာပဲ စိတ်ပူတယ်။

ဦးတူးလွမ်( လုံရှာယန်ကျေးရွာ)

အခုက စစ်ကတိုက်လာတာလဲ ကြာပြီ။ လမ်းတွေလည်း ပိတ်တဲ့နေရာတွေပိတ်ဆိုတော့ ပြည်သူတွေက အရမ်းခက်ခဲလာမယ့် အနေအထားမှာ ရှိတယ်။ ပြီးတော့ အင်ဘော့ဘွမ်မှာလည်း စစ်ကောင်စီတပ်တွေ ရှိနေတာဆိုတော့ ကျေးရွာဒေသခံတွေက အရမ်း ခက်ခဲတယ်။ တောတောင်တွေထဲမှာ ထွက်ပြေးနေရတာဆိုတော့ အစားအသောက်တွေ အဆင်မပြေဘူးး။ အခုချိန်က ခြင်ကိုက် မိုးရွာတဲ့ချိန်ဆိုတော့ အရမ်းခက်ခဲဦးမယ့် အနေအထားမှာ ရှိတယ်။ ကေအိုင်အေဘက်ကလည်း နည်းနည်းလောက် ကြိုးစားပေးရင်တော့ ကောင်းမှာလို့ တွေးမိတယ်။ ကျွန်တော်တို့ ဒီ လုံရှာယန် အုပ်စု မဇွတ်ယန်ကျေးရွာမှာ အရင်က ၁၉၈၄- ၈၅ ခုနှစ်က ပါတီကောင်စီလက်ထက်မှာ စစ်ရှောင်ခဲ့ပြီး အခု မဇွတ်ယန်ကျေးရွာဆိုပြီးပြန်နေတာ။ အခုလည်း တစ်ခါ ပြန်ထွက်ပြေးရဆိုတော့ ရွာသားတွေက စိတ်အရမ်းထိခိုက်ကြတယ်။ ပိုပြီးခက်ခဲလာမယ့် အနေအထားမှာရှိတယ်။ ဒါကြောင့် နိုင်ငံခြားအဖွဲ့အစည်းတွေလည်း ကျွန်တော်တို့ကို သနားညှာတာပေးပြီး ကူညီစေချင်တယ်။ ကျွန်တော်တို့ လုံရှာယန်၊ ဆွမ်ပီယန်၊ အင်စီယန်၊ ဖတ်မာကျေးရွာက သူတွေက အရမ်းခက်ခဲသွားကြပြီ။ ဖတ်မာမှာဆိုလည်း စစ်ကောင်စီတပ်တွေရှိနေတာဆိုတော့ ဘာတွေဖြစ်ဦးမယ်ဆိုတာတောင် မသိတော့ဘူး။ မဇွတ်ယန်ကျေးရွာပဲ လူဦးရေ ၄၀၀ ရှိတယ်။ ရွာမှာက အများပိုင်းမနေကြဘူး။ တစ်ချို့က တောမှာ၊ တစ်ချို့က မြစ်ကြီးနားကို စစ်ရှောင်သွားကြပြီ။

 

ဦးဇော်မိုင် (အင်စီယန်ကျေးရွာ)

တောထဲမှာထွက်ပြေးရင်လည်း ကိုယ့်ဟာကိုယ် ကပျာကယာနဲ့ ထွက်ပြေးနေရတာ။ ဘယ်သူကမှ ဘယ်လိုဆိုပြီး အကြံဉာဏ်ပေးတာမျိုးလည်း မရှိဘူး။ ဘယ်အစိုးရမှ ကျွန်တော်တို့ကို ကူညီပေးတာမျိုးမရှိဘူး။ အချင်းချင်း စစ်ကပြန်တိုက်ဆိုတော့ ကျွန်တော်တို့က မနေရဲလို့ တောထဲမှာပဲ ဆန်ဆီဆားတွေ မလုံမလောက်နဲ့ အရမ်းစိတ်ပူတယ်။ ကျွန်တော်တို့ဒေသမှာ အခုလိုဖြစ်နေတော့ ရှေ့ရေးအတွက် ရင်လေးမိတယ်။ ရှေ့မှာလည်း တစ်ခါမှ ဒီလိုမျိုးမကြုံဖူးဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here