နိုဝင်ဘာ၊၁၉
တရုတ်-မြန်မာ တရားဝင်နယ်စပ်ဂိတ် ရှိနေတာကြောင့် ကန်ပိုက်တီမြို့ကို လေးလေးနက်နက်စဉ်းစားပြီး မသိမ်းယူတာလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေ ကချင်အထူးဒေသ ၁ အတွင်းက မြို့တွေနဲ့ နယ်ခြားစောင့်တပ်ရင်းတွေကို KIA က တစ်လလောက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ ကန်ပိုက်တီမြို့ကိုတော့ မသိမ်းပိုက်ဘဲ ချန်ထားခဲ့တာပါ။
KIA အနေနဲ့ ကချင်ပြည်နယ်ရဲ့ တရားဝင်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့ကို သိမ်းပိုက်ထားပြီ ဖြစ်တဲ့အတွက် ကန်ပိုက်တီနယ်စပ်ဂိတ်ကို ချန်ထားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“တရားဝင် နိုင်ငံတကားနယ်စပ်ဂိတ် တံခါးတွေ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း လေးလေးနက်နက် စဉ်းစားတာမျိုးတွေ လုပ်တယ်။ အခုလတ်တလောအထိတော့ တိုက်ပွဲလည်းမဖြစ်ဘူး။“လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ကန်ပိုက်တီမြို့နဲ့ ဝိုင်းမော်မြို့ကြားက နယ်မြေအားလုံးကို KIA က ထိန်းချုပ်ထားပေမဲ့ ဝိုင်းမော် – ကန်ပိုက်တီ လမ်းတစ်လျှောက်ကို KIA ပိတ်တာမျိုးတွေ မပြုလုပ်ဘူးလို့လည်း ဆိုပါတယ်။
အခုလိုတရုတ်နိုင်ငံဘက်က တရားဝင်နယ်စပ်ဂိတ်နှစ်ခုဖြစ်တဲ့ လွယ်ဂျယ်ဂိတ်နဲ့ ကန်ပိုက်တီဂိတ်အပြင် တခြားနယ်စပ်ဂိတ်တွေအားလုံး ပိတ်လိုက်တာကြောင့် KIO အတွက် ခက်ခဲသွားတာမှန်ပေမဲ့ ဒေသခံပြည်သူတွေ အတွက်တော့ ပိုပြီးခက်ခဲသွားတယ်လို့ BBC သတင်းဌာနကို KIO ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က ဖြေဆိုထားပါတယ်။
ဒါပေမဲ့ KIO ရဲ့ ရည်မှန်းချက်ဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်တဲ့အတွက် ရှောင်လွှဲမရတဲ့ တိုက်ပွဲတွေကို ဆင်နွဲနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
“လောလောဆယ်တိုက်ပွဲဖြစ်နေတာက တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက် ဖြစ်တယ်။ နယ်စပ်တစ်လျောက် ထိန်းချုပ်လိုက်လို့ရှိရင် တည်ငြိမ်အေးချမ်းမှုဖြစ်သွားမယ်။ ရေရှည်မှာ တစ်နိုင်ငံလုံးတည်ငြိမ်သွားဖို့၊ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ ကျွန်တော်တို့ ကြိုးစားနေတာဖြစ်တယ်လို့ ရှင်းပြပါတယ်။ အစည်းအဝေးမှာ ပြောတာရယ်၊ ဂိတ်တွေကို ပိတ်လိုက်တာတွေက ဖိအားလို့ ပြောလို့ရတာပေါ့။ အဲဒီထက်ပိုတဲ့ဖိအားက တခြားမရှိပါဘူး။“လို့ ဗိုလ်ချုပ်ကြီးဂွမ်မော်က ဆိုထားတာပါ။
တိုက်ပွဲတွေဖြစ်ပွားလာတဲ့ အချိန်ကစပြီး တရုတ်နိုင်ငံဘက်ကနေ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်လိုက်ပြီလို့ အကြောင်းကြားလာပေမဲ့ KIO/KIA ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်မှုတွေကို အခုချိန်ထိ မပြုလုပ်သေးဘူးလို့လည်း သိရပါတယ်။
ကန်ပိုက်တီဂိတ်ကိုတော့ အဲဒီဒေသတစ်ဝိုက် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် တရုတ်ဘက်ကနေ နိုဝင်ဘာလ ၆ ရက်နေ့က နယ်စပ်ဂိတ်တံခါးကို ဖွင့်ပေးခဲ့ပေမဲ့ ကန့်သတ်ချက်တချို့တော့ ရှိနေတယ်လို့ ကြားသိရပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ တရုတ်တစ်သျှူးငှက်ပျောကားတွေ အဝင်အထွက် လုပ်ဖို့အတွက်သာ ဖွင့်တာဖြစ်ပြီး ခရီးသည်တွေနဲ့ ကုန်ပစ္စည်းအဝင်အထွက် မရှိဘူးလို့ ဝိုင်းမော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“စီးပွားရေးအတွက်တော့ ဖွင့်တာမဟုတ်ဘူး။ ဖြတ်သွားဖြတ်လာတော့ ရတယ်။ ဖွင့်တယ်လို့တော့ ပြောလို့မရဘူး။ ငှက်ပျောသီးပဲ သယ်ယူတာမျိုးဖြစ်မယ်။“လို့ ဆိုပါတယ်။
အဲဒီလိုအခြေအနေကြောင့် တရုတ်ကဝင်လာတဲ့ ကုန်စ္စည်းတွေနဲ့ စက်သုံးဆီတွေဟာ တစ်ရက်ပြီးတစ်ရက် ဈေးတက်လာနေတယ်လို့ ကြားသိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် မန္တလေး-မြစ်ကြီးနားအဓိကလမ်းမကြီးကို လက်နက်ကိုင်တပ်ဖွဲ့တွေ ပိတ်ထားပြီး ကုန်ကားတွေ လွတ်လွတ်လပ်လပ် သွားလာလို့မရတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတာပါ။
အဲဒါကြောင့် ကန်ပိုက်တီ- တရုတ်နယ်စပ်ဂိတ်ကိုသာ အာထားနေရပြီး လတ်တလော ဂိတ်ပိတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီးတော့ စားဝတ်နေရေး ပိုမိုခက်ခဲလာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။
ကန်ပိုက်တီမြို့အနီးက ကချင်နယ်ခြားစောင့်တပ်(BGF)၊ အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ အောက်တိုဘာလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ကိုတော့ အခုထိ မသိမ်းပိုက်သေးပါဘူး။
KIA ဘက်နေ အထက်ပါတပ်ရင်းဌာနချုပ်ကို မသိမ်းပိုက်နိုင်ခင် စင်ကြိုင်နဲ့ ကန်ပိုက်တီ လမ်းတစ်လျှောက်က စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တို့ တပ်စွဲနေရာယူ စခန်းချထားတဲ့ ကာကင်းစခန်းတွေ ကိုတိုက်ခိုက်သိမ်းယူနေစဉ် အောက်တိုဘာလ ၁၈ ရက်နေ့လောက်ကတည်းက တရုတ်ဘက်နေ ကန်ပိုက်တီနယ်စပ်ဂိတ်ကို ပိတ်လိုက်တာပါ။