နိုဝင်ဘာ၊၁၉
စာသင်နှစ်ဝက်ရောက်ရှိလာပေမဲ့ ပူတာအိုခရိုင်၊ နောင်မွန်မြို့က စာသင်ကျောင်းတွေမှာ ကျောင်း ဆရာ၊ဆရာမ အင်အား လုံလောက်မှုမရှိဘဲ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းစဖွင့်ကတည်းက အစိုးရခန့် ဆရာ၊ဆရာမ အနည်းငယ်သာရှိသလို အခုထိလည်း ထပ်မံရောက်ရှိလာတာမျိုးမရှိဘဲ မိဘခန့် ဆရာ၊ဆရာမတွေသာ ရှိတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မရောက်ဘူး။အဲဒါက ပုံမှန်ပဲ။ ကျောင်းသားမိဘတွေက ခေါ်ယူတာပဲရှိတယ်။ ခေါ်ထားတာကို လည်း ကျောင်းသားတွေဆီက ကောက်ခံပြီးပေးရတော့ မပေးနိုင်လို့ မခေါ်နိုင်ကြဘူး။ ကျောင်းတော့ ဖွင့်တယ်။“ လို့ ဆိုပါတယ်။
အရင်နှစ်က ဆရာ၊ဆရာမ အင်အား အနည်းငယ်ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ လုံးဝ လုံလောက်မှု မရှိသလို မိဘခန့်ဆရာတွေကိုလည်း ၁၀ တန်းအောင်နဲ့ ကောလိပ်တက်မယ့်သူတွေကို ငှားခန့်ထားရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။
အခုနှစ် နောင်မွန်မြို့ပေါ်ရပ်ကွက်က ကျောင်းတွေမှာ ဆရာ၊ဆရာမ အင်အား လုံလောက်မှု မရှိသလို ကျေးလက်ဘက်က ကျောင်းတွေမှာ ပိုပြီးအခက်ကြုံနေနိုင်တယ်လို့ တခြား နောင်မွန်ဒေသခံတစ်ဦးကလည်း ဖြေဆိုထားဖူးပါတယ်။
နောင်မွန်မြို့နယ်အတွင်းမှာ အခြေခံပညာ အထက်တန်းကျောင်း ၂ ကျောင်းနဲ့ လယ်ခွဲကျောင်း ၃ ကျောင်းရှိပြီး ရွာတိုင်းနီးပါး မူလတန်းကျောင်းတွေရှိတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက် အရ သိရပါတယ်။
အစိုးရခန့် တာဝန်ကျ ဆရာ၊ဆရာမတွေဟာ နိုင်ငံရေးအခြေအနေကြောင့် မြို့ပြဘက်က မရောက်လာကြတာရှိသလို တချို့ကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်သွားကြတာရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ အငှားခန့်အပ်ထားတဲ့ ဆရာတွေကိုလည်း ကျောင်းသားမိဘတွေဘက်က ထောက်ပံ့နေရပြီး အခက်အခဲရှိနေကြသလို တချို့နေရာမှာတွေဆိုရင် အငှားဆရာ မခန့်အပ်နိုင်တာမျိုးလည်း ရှိနေတယ်လို့ သိရပါတယ်။