ဩဂုတ်၊၂၆
ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းက အင်းတော်လမ်းပိတ်လိုက်တဲ့အတွက် ဖားကန့်ဒေသမှာ ကုန်ပစ္စည်းအဝင်တွေ မရှိတော့တာကြောင့် ကုန်စည်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေ တစ်နေ့တစ်ခြား ပိုမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် တချို့ကုန်ပစ္စည်းတွေ ပြတ်လပ်တဲ့အထိ ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“လမ်းပိတ်တယ်လေ။ အင်းတော်လမ်းလည်း ပိတ်သွားပြီ။ မန္တလေး–မြစ်ကြီးနားလမ်းလည်း ပိတ်ထားတယ်လေ။ အစက အင်းတော်လမ်းက ဝင်သေးတယ်။ အခု ပစ္စည်းဘာမှမဝင်တော့ဘူး ။ ကြက်ဥတွေလည်း ရောင်းစရာမရှိဘူး။ ဈေးမှာလည်း ဘာမှမရှိဘူး။”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
ဖားကန့်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ခရမ်းချဉ်သီး အစိတ်သားကို ၅,၀၀၀ ကျပ်နဲ့ ကြက်ဥတစ်လုံးကို တစ်ထောင်နီးပါးဖြစ်နေပြီလို့လည်း ဆိုပါတယ်။
ကုန်စည်ဈေးနှုန်းတွေ တက်နေတဲ့အပြင် ဓာတ်ဆီဈေးနှုန်းတွေလည်း တစ်ပေပါကို ကျပ် ၁၈ သိန်းအထိ ရောက်နေပြီလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတဲ့အတွက် ဈေးသည်တွေကိုယ်တိုင် မြစ်ကြီးနားမြို့အထိသွားရောက်ပြီး ကုန်ပစ္စည်းမှာယူနေရတာဖြစ်ပြီးတော့ ယာဉ်စီးခတွေလည်း အရင်က မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး ကချင်ပြည်နယ်က မြို့နယ်အများပိုင်းမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးလိုင်းတွေမရတာ တစ်လကျော်နေပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ အင်းတော်၊ထီးချိုင့် စတဲ့မြို့နယ်တွေမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းလည်း ပိတ်နေတဲ့ အခြေအနေဖြစ်ပါတယ်။