မေ၊ ၂၈
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်အရေအတွက် ၅၇၀,၀၀၀ ကျော်အထိ ရှိလာပြီလို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ရဲ့ မနေ့ကညပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီအရေအတွက်ဟာ အရင် စစ်ဘေးရှောင်အဟောင်းတွေအပါအဝင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ အခုနှစ် မေလ ၂၀ ရက်နေ့အထိ တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေဖြစ်တယ်လို့ HDCO က ဆိုပါတယ်။
HDCO ဟာ အာရက္ခတပ်တော် (AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA) အောက်က ရုံးတစ်ခုဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေထဲမှာတော့ ဘူးသီးတောင်၊ ပေါက်တောနဲ့ မောင်တောမြို့နယ်တို့က စစ်ဘေးရှောင်အများဆုံးဖြစ်နေပြီး ၃ မြို့ပေါင်းအရေအတွက် ၃ သိန်း ၃ သောင်းကျော်ထိ ရှိနေပါတယ်။
အဲဒီထဲက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ဟာ မြို့နယ်ချင်းဆက်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ ၂ မြို့ ဖြစ်ပါတယ်။
AA ကတော့ အဲဒီမြို့ ၂ မြို့က စစ်ဘေးရှောင် ၈၀ ရာခိုင်နှုန်းဟာ မူဆလင် (ရိုဟင်ဂျာ) တွေဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ရခိုင်နဲ့ တခြားလူနည်းစုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဆိုပါစစ်ဘေးရှောင်များအား မိမိတို့တွင်ရှိသော ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံအစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီ ရောက်လာမည့် မိုးတွင်းကာလအတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီး လိုအပ်သောပစ္စည်းများ ဖြစ်လာမည်ဖြစ်ပါသည်” လို့လည်း AA က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ စေတနာရှင်အဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက ကူညီပေးကြဖို့လည်း AA က တိုက်တွန်းထားပြီး စစ်ဘေးရှောင်စုစုပေါင်း ၅ သိန်း ၇ သောင်းကျော်ထဲက ၅ သိန်းလောက်ဟာ AA ထိန်းချုပ်တဲ့နယ်မြေထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ကတော့ “ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ လူဦးရေ ၁ ဒဿမ ၆ သန်းလောက်ဟာ ဆေးရုံကျန်းမာရေး စောင့်ရှောက်ခွင့်မရတဲ့ အခြေအနေဖြစ်နေပါတယ်” လို့ မေလ ၂၄ ရက်နေ့တုန်းကထုတ်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာမှာ ရခိုင်အကြောင်းပြောဆိုတယ်။
ရခိုင်ပြည်နယ်မှာတော့ မနှစ်က နှစ်ကုန်ပိုင်းကနေ အခုနှစ်မေလ မေလ ၁၃ ရက်နေ့အထိ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူ ၉၀၆ ယောက်ရှိနေပြီလို့လည်း HDCO ရဲ့ စာရင်းတွေအရ သိရပါတယ်။