ဆယ်ဇင်းကျေးရွာ တစ်ဖက်ကမ်းရှိ ကျေးရွာများတွင် ရှမ်းနီ SNA တပ်မှ တပ်သားသစ်စုဆောင်းနေဟုဆို၊ ယင်းကိစ္စမှာ ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း SNA ပြော

310
ရှမ်းနီအမျိုးသားများတပ်မတော် (SNA)

အောက်တိုဘာ၊၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ဆယ်ဇင်းကျေးရွာရဲ့ တစ်ဖက်ကမ်း ကျေးရွာတွေဖြစ်တဲ့ ရွှေတွင်း ၊ မန်စိမ်း၊ တာမယ်ပုတ် နဲ့ ရေပေါ်မီး စတဲ့ကျေးရွာတွေဘက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကနေ အိမ် တစ်အိမ်ကို နှစ်ယောက်နှုန်းနဲ့ တပ်သားသစ် ခေါ်ယူ စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် (၁၄) နှစ်အထက်ကနေ အသက် (၄၀) အောက်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တစ်အိမ် နှစ်ယောက်နှုန်းနဲ့ အိမ်တိုင်းစေ့ တောင်းခံနေပြီး မရှိတဲ့အိမ်တွေကတော့ အစားထိုးအနေနဲ့ ပိုက်ဆံပေးဌားပြီး ဝယ်ထည့်ရတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ရေးအင်အား ပြင်ဆင်တဲ့အနေနဲ့ မထွက်ပြေးဘဲနဲ့ ကျန်နေတဲ့ အိမ်တွေကို တစ်အိမ်ကို နှစ်ယောက်တောင်းတာ။ တောင်းနေတဲ့အခါကျတော့ ကျနော်သိတဲ့ထဲက ၄ ယောက် တော့ပါသွားပြီ။ သူတို့ စစ်ကောင်စီနဲ့ ရှမ်းနီတွေ ပူးပေါင်းပြီး သင်တန်းပေးမှာတဲ့။ အဲဒီဖမ်းမိတဲ့သူတွေကို ပေါ်တာ သဘောပေါ့လေနော်။ ” လို့ဒေသခံကဆိုပါတယ်။

တာမယ်ပုတ်ကျေးရွာအုပ်စုမှာတော့ လူမပေးနိုင်တဲ့ အိမ်တွေက တစ်ယောက်ကို ၄၅ သိန်းနှုန်းနဲ့ အုပ်ချုပ်ရေးပိုင်းကို ပေးရတယ်လို့ နောက်ထပ် တာမယ်ပုတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

တာမယ်ပုတ်အုပ်စုထဲမှာ အရမ်းကြောက်တယ်။ အုပ်ကြီးအဖွဲ့က သေနတ်တွေနဲ့ဆိုတော့ ဘာမှမပြောရဲဘူး။ SNA အထက်လူကြီးတွေ ခေါ်မခေါ်တော့မသိဘူး။ ကျနော်တို့ တာမယ်ပုတ်အုပ်စုဘက်မှာတော့ အကုန်လုံးကို ခေါ်နေတယ်” လို့ဆိုပါတယ်။

စက်တင်ဘာ တစ်လအတွင်းမှာပဲ သောင်ဦးရွာက အယောက် (၂၀) နဲ့ ရွှေတွင်းရွာက (၂၅) ဦးထက်မနည်းကို ခေါ်ဆောင်သွားပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

စုဆောင်း ရရှိခဲ့တဲ့ သူတွေကို သင်တန်းပေးဖို့အတွက် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ဘက်ကို စက်လှေနဲ့ ခေါ်ဆောင်သွားတယ်လို့ သိရပေမယ့် ဘယ်နေရာခေါ်သွားသလဲ ဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

အဲဒီသူတွေကို စစ်ကောင်စီနဲ့ ရှမ်းနီ SNA တပ်တို့ ပူးပေါင်း သင်တန်းပေးမှာဖြစ်ပြီး လမ်းစရိတ်စား စရိတ် အနေနဲ့ တစ်အိမ်ကို ကျပ်တစ်သောင်းခွဲ ကောက်ခံတယ်လို့လည်း ဒေသခံက ပြောပါတယ်။

သူတို့က ရက် ၂၀ သင်တန်းပေးမှာတဲ့။ သင်တန်းပေးပြီးလို့ ရှိရင် ရှမ်းနီအမျိုးသားဆိုရင်တော့ SNA ကိုထည့်မှာပေါ့။ စစ်မှုထမ်းဖို့အတွက် ဗမာတွေ တခြားတိုင်းရင်းသားတွေဆိုရင်တော့ စစ်ကောင်စီကို ထည့်ပေးမှာတဲ့။ ခွဲလိုက်မှာပေါ့။ သင်တန်းပြီးမှ ခွဲမှာတဲ့။ ဒါပေမယ့် သူတို့ရဲ့ လမ်းစာရိတ်နဲ့ စားစရိတ်ဆိုပြီး တစ်သောင်းခွဲ ကတော့ တစ်အိမ်တက်ဆင်း တစ်သောင်းခွဲ ကောက်တယ်။”လို့ ဒေသခံကဆိုပါတယ်။

လူသစ်ခေါ်ယူ စုဆောင်းတာ နဲ့ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲဒီကိစ္စဟာ မဟုန်မမှန်ကြောင်း ငြင်းဆိုပါတယ်။

အခုခင်ဗျားတို့ မေးခဲ့တဲ့ ကိစ္စက ကောလဟာလပဲ။ ကျွန်တော်လုံးဝ မသိသေးဘူး။ ဟုတ်လည်း မဟုတ်နိုင်ဘူး။ ကျနော်တို့ဘက်က အင်အားသစ်စုဆောင်းတဲ့ ကိစ္စတွေ အကုန်လုံးနားထားတယ်။ ဒါက တမင်သက်သက် သတင်းဝါဒဖြန့်ချိခဲ့တာ ဖြစ်လိမ့်မယ်။” လို့ တာဝန်ခံက ဆိုပါတယ်။

ရွှေတွင်းကျေးရွာနဲ့ ဆယ်ဇင်းကျေးရွာ ကြားမှာ ရှမ်းနီ SNA၊ စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်မှာလည်း နှစ်ဖက်စောင့်ကြည့်နေပြီးတော့ စစ်ရေးအခြေနေတင်းမာတဲ့ အခြေနေမှာရှိနေတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here