ကချင်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်း လွတ်ရက်စေ့နဲ့ မြစ်ကြီးနားအကျဉ်းထောင်က ပြန်လည်လွတ်မြောက်

187

 

ဇူလိုင် ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းဟာ မနေ့ ဇူလိုင်လ ၂၉ ရက်နေ့မနက် ၈ နာရီမှာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာပြီလို့ သိရပါတယ်။

လွတ်ရက်စေ့ပြီဖြစ်တာကြောင့် ကျန်းမာစွာနဲ့ လွတ်လာပြီဖြစ်တယ်လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

ကိုယ့်မိသားစုဝင်တွေနဲ့ ကောင်းမွန်စွာ ပြန်လည်ဆုံတွေ့ရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်တယ်။လို့ ဦးဒါရှီလဆိုင်းက ဆိုပါတယ်။

ကိုယ်တိုင်အတွက် ဝမ်းသာပေမဲ့ မလွတ်လာသေးသူတွေနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို ကြားသိရလို့ စိတ်မကောင်းဖြစ်မိကြောင်းလည်း ဆက်လက်ပြောပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းဟာ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ပြည်နယ် NLD ပါတီရုံးနဲ့ ဖားကန့်မြို့နယ် NLD ပါတီရုံးဆောက်လုပ်ဖို့ အကကြောင်းပြကာ ကျောက်မျက်လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၉၆၀ ကို တောင်းခံရယူတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုပြီး အရေးယူခဲ့တာလို့ စစ်ကောင်စီပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဦးဒါရှီလဆိုင်းကို နေအိမ်မှ စစ်ကောင်စီက ဖမ်းဆီးပြီး ဧပြီလ ၂၂ ရက်နေ့မှာ ကချင်ပြည်နယ် တရားလွှတ်တော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုနှစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်းကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဖမ်းဆီးထောင်ချခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို အဂတိ၊ အမှုပေါင်း ၄ မှု၊ တစ်မှုလျှင် ၃ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်၊ ဘဏ္ဍာအခွန်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းကို အမှုပေါင်း ၆ မှု၊ တစ်မှုလျှင် ၃ နှစ်စီဖြစ် (၃ မှုအား တစ်ပေါင်းထဲကျခံစေ) စုစုပေါင်း ထောင်ဒဏ် ၉ နှစ် နဲ့ နှစ်ရှည်အမိန့်ထားကြရတဲ့အတွက် အခုချိန်ထိ ထောင်အတွင်းဆက်လက်ကျခံနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်စည်ပင်ဝန်ကြီးဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်နဲ့ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ လွတ်ရက်စေ့လို့ လွတ်မြောက်လာခဲ့ပြီးဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here