KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ထောင်တွင်းဖျားနာမှုများ မကြာခဏ ဖြစ်ပွားနေဟုဆို

12

မေ၊၁၈

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထောင်တွင်းမှာ မကြာခဏ ဖျားနာတာတွေ ဖြစ်နေတယ်လို့ မိသားစုဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေါက်တာခလမ်ဆွန်ဟာ ၅ လအတွင်းမှာကို အဆုတ်အအေးပတ်တဲ့ ပုံစံမျိုး ချောင်းဆိုး၊ ရင်ကြပ် ဖျားနာတာတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။

မိသားစုဝင်တွေအနေနဲ့ လူချင်းတွေ့ခွင့်မရသေးပေမဲ့ ဆေးနဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ ပါးလို့နေရတယ်လို့ သိရပြီး လက်ရှိဆရာဝန်တွေ ညွှန်ကြားပေးတဲ့ ဆေးတွေသောက်ပြီး သက်သာလာပေမဲ့ ချောင်းဆိုးရင်ကြပ်တာတွေ ဖြစ်နေသေးတယ်လို့ မိသားစုဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“တွေ့ခွင့်တော့မရဘူး။ ပစ္စည်းတွေတော့ ပါးလို့ရတယ်။ ဆေးတွေ ပို့လို့ရတယ်။ အဆုတ်မကောင်းဘူး။ ဘယ်လို ဖြစ်သွားလဲ မသိဘူး။ ခဏခဏ ဖျားနေတယ်။ ခဏခဏ အအေးမိနေတယ်။ အထူးသဖြင့်က အဆုတ်မကောင်းတော့ တစ်ခါတလေ ကိုက်ခဲတာ၊ ချောင်းဆိုတာ၊ ရင်ကြပ်တာ ပုံမှန် ဖြစ်နေတယ်”လို့ မိသားစုဝင်က ပြောပါတယ်။

လက်ရှိအချိန် ချောင်းဆိုး၊ ရင်ကြပ် ပျောက်ဆေးတွေသာမက သွေးကျဆေး၊ ကိုလက်စထရောများတာ၊ ကလိုရိုက်များတာတွေအတွက် ဆေးတွေမှီဝဲနေရပြီး ဖျားနာတာတွေ ပျောက်ကင်းအောင် ဆုတောင်းကူပေးကြဖို့ကိုလည်း အထက်ပါ မိသားစုဝင်က ဆက်လက်ပြောပါတယ်။

အိမ်မှာဆိုရင်တော့ အနီးကပ်ပြုစုလို့ရတယ်။ အခုနည်းနည်း သက်သာပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ချောင်းဆိုး၊ ရင်ကြပ်တာက တစ်ခါဖြစ်ပြီဆိုရင် အရမ်းခက်တယ်။ စစ်ကြောရေးကာလမှာ အခုလို လွတ်မြောက်လာတယ် ဆိုတာကလည်း ပြည်သူတွေ ဆုတောင်းပေးလို့ လွတ်တာလို့ သူ(ဒေါက်တာခလမ်ဆွန်)က ပြောတယ်။ ခုလည်း သူအခုလို ဖျားနေတာ၊ ဆက်ပြီးတော့လည်း ပါဝင်ဆုတောင်းကူကြပါ”လို့ သူက ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ အပြီးသတ်တရားစီရင်ချိန်မှာ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာ ဖြစ်ပြီး အဲဒီအမှုတွေအတွက် ခရိုင်တရားရုံးမှာ အယူခံဝင်ပေမဲ့ ပယ်ချခံလိုက်ရပါတယ်။

ခရိုင်ရုံးကနေ အယူခံပယ်ချလိုက်ပေမဲ့ ပြည်နယ်တရားရုံး၊ ပြည်ထောင်စုတရားရုံးချုပ်အထိ အဆင့်ဆင့် လုပ်ဆောင်နိုင်သေးတယ်လို့ ဆရာကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ဧပြီလ ၇ ရက်နေ့က ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တာပါ။

ဒါ့အပြင် မတ်လ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-က၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ၅၂(က)နဲ့ တရားစွဲဆိုခံခဲ့ရတာ ထောင်ချခဲ့တာဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here