Mini Mr & Miss Myanmar 2019 ပြိုင်ပွဲတွင် Winner ဆုကြီးကို ဆွတ်ခူးရရှိသွားတဲ့ ကချင်ပြည်နယ်မှ အသက် ၆ နှစ်အရွယ် လီဆူတိုင်းရင်းသူလေးဂရေ့ (စ်)နား

2079
Little-Miss-earth-myanmar-2019

အောက်တိုဘာ ၂၅

Miss Golden Land Myanmar မှ ဦးစီးကျင်းပသော Mini Mr & Miss Myanmar ၂၀၁၉ ပြိုင်ပွဲကြီးတွင် ကချင်ပြည်နယ်မှသွားရောက်ယှဉ်ပြိုင်ခဲ့သည့် လီဆူ တိုင်းရင်းသူလေး အသက်(၆)နှစ် အရွယ် မဂရေ့(စ်)နားက Little Miss Earth Myanmar Winner ဆုကြီးကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက်ကျင်းပသည့် ယင်းပြိုင်ပွဲတွင် အသက်(၄)နှစ်မှ (၆)နှစ်အရွယ် အလှမောင်/မယ်များ၏ ယှဉ်ပြိုင်မှု၊ အသက်(၇)နှစ်မှ (၁၂)နှစ်အရွယ် အလှမောင်/မယ်များ၏ ယှဉ်ပြိုင်မှု အပိုင်းများ ပါဝင်သော ယင်းပြိုင်ပွဲကြီးကို အောက်တိုဘာလ (၁၇)ရက်နေ့က ရန်ကုန်မြို့ CBC Ballroom ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အသက်(၄)နှစ်မှ (၆)နှစ်အထိ ပါဝင်ယှဉ်ပြိုင်ရသည့် အလှမယ်ပြိုင်ပွဲတွင် ဂရေ့(စ်)နားက Little Miss Earth Myanmar Winner ဆုကြီးကို ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ပြိုင်ပွဲတွင် ပင်ကိုယ်စွမ်းရည် (Talent)၊ ညနေခင်းဝတ်စုံ (Evening Gown)၊ မြန်မာရိုးရာဝတ်စုံ(ထိုင်မသိမ်း) အစရှိသဖြင့် အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ရာမှာလည်း ဂရေ့(စ်)နားက Title ဆုအဖြစ် Up Coming Star Awardအပြင် ပင်ကိုယ်စွမ်းရည်ပြိုင်ပွဲတွင်လည်း နံပါတ်(၅)နေရာရရှိခဲ့ကြောင်း သိရသည်။

Little Miss Earth Myanmar Winner ဆုကြီးကို ရရှိခဲ့သောကြောင့် မျက်ရည်ကျမိအောင် ပျော်ရွှင်မိကြောင်း ဂရေ့(စ်)နားက ဆိုသည်။

“သမီးဆုရတာ အရမ်းပျော်တယ်။ ဝမ်းသာပြီး စင်အောက်ဆင်းလာပြီး မာမားဆီ ဖုန်းဆက်မယ်။ ပါပါးဆီဖုန်းဆက်မယ်လို့ အဒေါ်ကို ပြောခဲ့တယ်”ဟု ဂရေ့(စ်)နားက ပြောသည်။

လက်ရှိတွင် အလှမယ်လေးသည် မြစ်ကြီးနားမြို့ ILBC အင်္ဂလိပ်ကျောင်း၌ Grade II တွင် တက်နေကြောင်းနှင့် အလှမယ်ပြိုင်ပွဲများကိုလည်း ဆက်လက်ယှဉ်ပြိုင်လိုကြောင်း ဂရေ့(စ်)နားက ဆက်လက်ပြော ဆိုသည်။

ဂရေ့(စ်)နား၏ ဝါသနာကြောင့် ဆန္ဒဖြည့်ဆည်းပေးရန် ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ပေးခဲ့ရာမှ ဆုရရှိခဲ့သောကြောင့် ဂုဏ်ယူပီတိဖြစ်မိကြောင်းနှင့် ရှေ့ဆက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တစ်ဦး ဖြစ်လာအောင် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဂရေ့(စ်)နားမိခင် ဒေါ်ထွေးရင်က မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

“သမီးလေးက ငယ်ငယ်ကတည်း အနုပညာနဲ့ ပတ်သက်ရင် အရမ်းဝါသနာပါတယ်။ ကတာလည်း တော်တယ်။ သူလုပ်ချင်တဲ့ အနုပညာလမ်းကို ဟိုးအဆုံးထိ အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမယ်။ ဒီပြိုင်ပွဲမှာလည်း သူအရမ်းကြိုးစားခဲ့ပါတယ်”ဟု ဒေါ်ထွေးရင်က ဆိုသည်။

အလှမယ်လေးများသည် ဖိုင်နယ်ပွဲမကျင်းပမီ ပေါင်းသင်းဆက်ဆံရေးနှင့် လူမှုကျင့်ဝတ်များ၊ စတိုလ်ကျအောင် နေထိုင်ပြုမူတတ်စေရန် လေ့ကျင့်မှုများ အစရှိသည့် စခန်းသွင်းလေ့ကျင့်မှုကို တစ်ပတ် တိတိ တက်ခဲ့ရသောကြောင့် ပြိုင်ပွဲပြီးဆုံးသွားချိန်၌ ဂရေ့(စ်)နား၏ အပြောအဆို၊ အနေအထိုင်များ ပိုမိုသိမ်မွေ့လာခြင်း စသော ချစ်စရာအပြုအမူလေးများကို မြင်တွေ့ခဲ့ရကြောင်း အဒေါ်ဖြစ်သူ မချန်ဆိုင်းက ပြောသည်။

“သူ့အတွက် အတွေ့အကြုံသစ်တွေ ရခဲ့တာပေါ့။ စခန်းသွင်း လေ့ကျင့်တာရဲ့ အကျိုးရလဒ်က အရမ်းကို ထူးခြားပါတယ်။ ကလေးတစ်ယောက်အနေနဲ့ ပြေးလွှားဆော့ကစားနေတာကနေ ဂရေ့(စ်)နား အလှမယ်တစ်ယောက် ဘယ်လိုနေရမယ်လို့ပြောတဲ့ အခါကျရင် သူ့ဟာသူ ပြုပြင်နိုင်တဲ့ အပိုင်းတွေ ရှိလာတယ်။ စမတ်ကျကျနေတာတွေ မြင်လာရတယ်”ဟု မချန်ဆိုင်းက ဆိုသည်။

အသက်(၄)နှစ်မှ (၆)နှစ်အရွယ် ယှဉ်ပြိုင်မှုတွင် အလှမယ် စုစုပေါင်း(၁၀)ဦးဝန်းကျင် ယှဉ်ပြိုင်ခဲ့ပြီး Winner ဆု(၄)ဆုအဖြစ် Little Miss World Myanmar, Little Miss Supranational Myanmar, Little Miss Universe Myanmar, Little Miss Earth Myanmar တို့ကို ပေးအပ်ခဲ့ရာမှ အလှမယ်လေး ဂရေ့(စ်)နားက Little Miss Earth Myanmar Winner ဆုကြီးကို ရရှိခဲ့ခြင်းဖြစ်သည်။

Winner ဆုကြီး ရရှိသူများသည် ဆုများအဖြစ် Winner Crown စလွယ်၊ ဒိုင်းဆုအပြင် အလှမယ်တစ်ယောက်နေထိုင်ပုံနှင့် ပတ်သက်သည့် သင်တန်းကို အခမဲ့တက်ရောက်ခွင့်၊ ဗီယက်နမ်နိုင်ငံ တွင် ကျင်းပမည့် Runway Model ပွဲတွင် တက်ရောက် လျှောက်လှမ်းခွင့် စသောအခွင့်အရေးများကို ရရှိခဲ့ကြောင်းလည်း သိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here