Miss Supermodel Worldwide 2018 တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် L လုံးလုံ သွားရောက်ယှဉ်ပြိုင်မည်

1505

ဇန်န၀ါရီ ၂၈

အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် Miss Supermodel Worldwide 2018  တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မော်ဒယ်လ်အယ်လ်လုံးလုံ သွားရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို မတ်လ၁၅ ရက်မှ ၂၆ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ထိုပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် Miss Supermodel Worldwide 2018 မော်ဒယ်လ် အယ်လ်လုံးလုံကို ရွေးချယ်စေလွှတ်ခြင်းမှာ သူမသည် ပြိုင်ပွဲအတွေ့အကြုံများသောကြောင့်ဖြစ်ကြောင်း Myanmar Beauty Paradise Organizationမှ တာဝန်ရှိသူ လယောက်လွမ်းဒေါင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပွဲက အရမ်းနီးကပ်နေတာကြောင့် အတွေ့အကြုံရှိပြီးသားသူကို သွားရောက်ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။ လုံးလုံက အခုအချိန်မှာ Perfect ဖြစ်တဲ့အနေအထားကို ရောက်နေတဲ့ မော်ဒယ်လ်ဖြစ်တယ်။ ကျွန်တော်တို့လည်း သူ့အတွက် ပြိုင်ပွဲအတွင်း   အဘက်ဘက်ကလိုလေသေးမရှိအောင် သေချာပြင်ဆင်ပေးနေပါတယ်”ဟု လယောက်လွမ်းဒေါင်က ပြောသည်။

ယခုပြိုင်ပွဲသည် မော်ဒယ်လ် အယ်လ်လုံးလုံအတွက် ပထမဦးဆုံးအကြိမ် နိုင်ငံတကာမော်ဒယ်များနှင့် ယှဉ်ပြိုင်ရသောပြိုင်ပွဲဖြစ်ပြီး ထိုပွဲတွင်အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကိုယ်က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားပြိုင်ရမှာဆိုတော့ အရမ်းတာဝန်ကြီးပါတယ်။ ဒါကြောင့် ဘော်ဒီပိုင်းတွေ၊ ဘာသာစကားတွေကအစ သေချာပြင်ဆင်နေပါတယ်။ ပွဲလည်းအရမ်းနီးနေပြီဆိုတော့ စိတ်လည်းလောနေမိတယ်”ဟု အယ်လ်လုံးလုံက ပြောသည်။

အဆိုပါ Miss Supermodel Worldwide 2018  ပြိုင်ပွဲကိုမတ်လတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုပြိုင်ပွဲသို့  နိုင်ငံပေါင်း ၅၉ နိုင်ငံမှ မော်ဒယ်များ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here