လီဒိုလမ်းပေါ်ရှိ ကွန်ကရစ်ခင်းထားသည့် လမ်းမပေါ် တွင် တန်ချိန်အပိုသယ်ဆောင်သည့် ကားကြီးများကြောင့် လမ်းပိုင်းပျက်စီးမှုများ ရှိနေ

10

 

စက်တင်ဘာ၊၁၂

ဟူးကောင်းချိုင့်ဝှမ်း ကွန်ကရစ်လီဒိုကားလမ်းမပေါ် တန်ချိန်အပို သယ်ဆောင်တဲ့ ကားကြီးတွေကြောင့် ကားလမ်းပိုင်းပျက်စီးမှုတွေ ဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

အခုလို လမ်းပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်လာနေတဲ့အပြင် ကွန်ကရစ်မခင်းရသေးတဲ့ နေရာတွေမှာလည်း ရွှံ့ဗွက်အိုင်တွေ ဖြစ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေသာမက ခရီးသွားပြည်သူတွေအတွက်ပါ တစ်ရက်ခရီးကို အချိန်မီမရောက်နိုင်ဘဲ အချိန်ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ လီဒိုလမ်းမပေါ်နေ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဆိုင်ကယ်၊ ကားအသေးတွေနဲ့ သွားလာရတဲ့ သူတွေအတွက် ကားအသေးတွေဆိုရင် လမ်းမှာ အိပ်လိုက်ရတာတွေ ရှိတယ်။ အဲဒီမှာထွန်စက်၊ ဘက်ဟိုးတွေနဲ့ ကားပြန်ဆွဲယူရတယ်။ ကားပြန်ဆွဲယူရတော့လည်း ပိုက်ဆံက ပြန်ပေးရ။ “လို့ ဒေသခံက ဆိုပါတယ်။

၂၀၁၉-၂၀ခုနှစ်အတွင်း လဝါးနဲ့ ခွမ်စိုင်ယန်ကျေးရွာအထိ ကွန်ကရစ်လမ်း ပြုလုပ်ပြီးစီးပြီးနောက် ၂၀၂၀-၂၂ခုနှစ်အတွင်းမှာတော့ ဒွမ်ဘန်ကျေးရွာအထိတော့ ပြုလုပ်ပြီးစီးထားခဲ့တယ်လို့ သိရပြီး လက်ရှိ ဒွမ်ဘန်ကျေးရွာကနေ ၇ဖာလုံအထိ ပြုလုပ်ပြီးစီးထားပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် ဒွမ်ဘန်ကျေးရွာကနေ ၃ မိုင်လောက်အထိ လမ်းခင်းနေဆဲဖြစ်ပြီး ပြုလုပ်ပြီးစီးထားပြီး ပျက်စီးလာတဲ့ လမ်းပိုင်းကိုတော့ ယာယီပြုပြင်မှုသာ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

အခုလို ပြုလုပ်ပြီးစီးထားတဲ့ ကားလမ်းတွေ ပျက်စီးလာတာဟာ ၁၂ ဘီးကား၊ ၂၄ ဘီးကားလို တွဲကားကြီးတွေဟာ ဆီပေပါ အလွန်အကျွံ သယ်ဆောင်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေ သွားရေး၊ လာရေး အဆင်ပြေစေဖို့ ကွန်ကရစ်လမ်းခင်းပေးပေမဲ့ အခုလို လမ်းပျက်စီးလာတဲ့အတွက် တန်ချိန်သယ်ဆောင်တဲ့ ကားကြီးတွေကို သက်ဆိုင်ရာကနေ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here