စက်တင်ဘာ၊ ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ စက်တင်ဘာ ၁၁ ရက် ညပိုင်းအထိ ကျန်းမားရေးစောင့်ရှောက်မှုပေးဖို့ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ ဦး ထိရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (Political Prisoners Network- Myanmar)က သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကစပြီ: နိုင်ငံရေးအကျဉ်းသား ၁၄ ဦးဟာ အထူးရှာဖွေရေးကနေ သိမ်းဆည်းသွားတဲ့ အကျဉ်းသားပိုင်ပစ္စည်းတွေကို ပြန်လည်ပေးအပ်ဖို့၊ ပြင်ပကပေးပို့တဲ့ ထောင်ဝင်စာပါဆယ်တွေတို ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုဖို့နဲ့ အစာငတ်ခံဆန္ဒပြနေတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အပြည့်အဝ တောင်းယူဖြေရှင်းပေဖို့ စတဲ့တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုပြီး အစာငတ်ခံဆန္ဒပြတာ ဖြစ်တယ်လို့ အထက်ပါကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” အကျဉ်းသားတွေ ကိုနှိပ်စက်တဲ့ အနေထားထိတော့ မရောက်သေးဘူး။ ဒါပေမဲ့ ဆေးဝါးကုသခွင့်မပေးဘူး။ မနေ့က ၁၄ ဦးအပြင် နောက်ထပ် ၃၆ ဦး ပေါင်းလိုက်တာဖြစ်တဲ့အတွက် စုစုပေါင်း အစာငတ်ခံဆန္ဒပြနေတာက ဦးရေ ၅၀ ထိဖြစ်လာတယ်” လို့ ဆိုပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့ကစတင်ပြီး အစာငတ်ခံဆန္ဒပြတဲ့ ၁၄ ဦးကို ထောင်ပြင်ပက ကွာရန်တင်းအဆောင်တစ်ခုမှာ ထားရာကနေ စက်တင်ဘာ ၁၁ ရက်နေ့အရောက်မှာ အကျဉ်းထောင်ထဲက ထောင်မကြီးဆီပြန်ပို့တဲ့အချိန် ၃ ဦး ဟာကိုယ်ခံအားမကောင်းဘဲ မူးလဲခဲ့တာကြောငင့် ဆေးကုသခွင့်ပေးဖို့ ကျန်တဲ့အကျဉ်းသားတွေက ထောင်ပိုင်အရာရှိကို တင်ပြခဲ့ပေ့မဲ့ ဆေးဝါးကုသခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။
ဒါကြောင့် စက်တင်ဘာ ၁၁ ရက် နေ့မှာပဲ ၁၄ ဦးအပြင် နောက်ထပ် ၃၆ ဦးပါ ပူးပေါင်းပြီး စုစုပေါင်း အစာငတ်ခံဆန္ဒပြနေသူ ၅၀ ဦး ထိရှိလာပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကနေ မတရားဖမ်းဆီးထားတဲ့သူ စက်တင်ဘာလ ၁၁ ရက်နေ့ထိ စုစုပေါင်း ၂၄,၇၅၁ ဦးရှိပြီး အဲဒီအထဲက ၁၉,၄၅၈ ဦးမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။